မီးကြိုးပြတ်ကျနေကြောင်း GGS ထံ ဖုန်းဆက်သော်လည်း လူဓာတ်လိုက် သေဆုံးချိန်အထိ လာမပြင်ပေးဟုဆို

0
1121

ထားဝယ်မြို့လယ်ရှိ ကညုံရပ်ကွက် တွင် သစ်ကိုင်းကျိုးပြီး လျှပ်စစ်မီးကြိုး ပြတ်ကျနေကြောင်း GGS ကုမ္ပဏီထံ ဖုန်းဆက် အကြောင်းကြားသော်လည်း လူတစ်ဦးဓာတ်လိုက်သေဆုံးသွားသည့် အချိန်ထိ လာရောက်ပြင်ဆင်ပေးခြင်းမရှိခဲ့ကြောင်း ဓာတ်လိုက်သေဆုံးခဲ့သူ၏ မိသားစုဝင်နှင့် အိမ်နီးချင်းအချို့ထံမှ သိရသည်။

ဇူလိုင်လ ၂၄ ရက် နံနက် ၇ နာရီခန့် က လမ်းပေါ်ပြတ်ကျနေသည့် လျှပ်စစ်စီးနေသည့် မီးကြိုးနှင့်ငြိကာ အသက် ၃၉ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့သည်။

ကညုံရပ်ကွက်ရှိ တိုက်သစ်ကျောင်း လမ်းသွယ်တွင် ဇူလိုင်လ ၂၄ ရက် နံနက် နှစ်နာရီခန့်က လျှပ်စစ်မီးကြိုးပေါ် သစ်ကိုင်း ကျိုးကျပြီး လမ်းပေါ်မီးကြိုး ပြတ်ကျနေကြောင်း GGS ကုမ္ပဏီထံ ၎င်းကိုယ်တိုင်ဖုန်းဆက် အကြောင်းကြား ခဲ့သည်ဟု အခင်းဖြစ်ပွားရာနေရာအနီး တွင်နေထိုင်သည့် ဒေါ်အေးရီက ဆိုသည်။

GGS ကုမ္ပဏီက ဖြန့်ဝေသည့် မီတာဘေတောင်းခံလွှာတွင် ဖော်ပြထားသည့် ၀၉၂၅၄၇၀၄၄၄၁ ထံ ဇူလိုင်လ ၂၄ ရက် နံနက် တစ်နာရီ ငါးဆယ့်ရှစ်မိနစ်တွင် ဆက်သွယ်အကြောင်းကြားခဲ့ ကြောင်း ဒေါ်အေးရီက ပြောသည်။

“(မီး)ကြိုးလမ်းပေါ်ပြတ်ကျနေ တယ်၊ လာလုပ်ပေးလို့ပြောတာ အခု မအားသေးလို့ မနက်မှ လာမယ်ပြောတယ်”ဟု ဒေါ်အေးရီက ဆိုသည်။

မီးကြိုးပြတ်ကျနေချိန် နံနက်စောစော တွင် အသက် ၃၉ နှစ်အရွယ်အမျိုးသားက လမ်းပေါ်ကျိုးကျနေသည့် သရက်ပင်ကိုင်း ကို ဖယ်ရှားရာမှ ဓာတ်လိုက်သေဆုံးခဲ့ ကြောင်း အိမ်နီးချင်းများက ပြောသည်။

GGS ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးမြတ်သူနိုင်ကမူ ကုမ္ပဏီထံ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသူက သစ်ကိုင်း ကျိုးကျနေသည်ဟုသာပြောပြီး လျှပ်စစ် မီးကြိုးပြတ်ကျနေသည်ဟု ပြောဆိုခြင်း မရှိခဲ့ကြောင်း တုံ့ပြန်သည်။

“သူကချက်ချင်းလာပါဆို ချက်ချင်း သွားမှာပေါ့။ အန္တရာယ်ရှိလို့ ချက်ချင်း လာပါဆို။ အခုကသူက သစ်ကိုင်းကျိုးကျ သွားပြီ။ မနက်ကျလာရှင်းပါဆို ကျွန်တော် တို့က မနက်မှသွားမှာပေါ့ဗျာ”ဟု ဦးမြတ်သူနိုင်က ပြောသည်။

မီးပျက်တိုင်ကြားခြင်းနှင့် ပတ်သက် ၍ ကုမ္ပဏီတွင် မှတ်တမ်းထားရှိကာ မှတ်သားထားလေ့ရှိကြောင်း ၎င်းက ဆိုသည်။

“အကြောင်းကြားတယ်ဆိုတာ လိုအပ်လို့သာ အကြောင်းကြားတာ။ မလိုအပ်ဘဲနဲ့ မကြောင်းကြားဘူး။ အခုက သေပြီးမှလာတဲ့သဘောဖြစ်နေတယ်”ဟု သေဆုံးသူနှင့် ယောက်ဖတော်စပ်သည့် ဦးအောင်ဝင်းက ဆိုသည်။

ဓာတ်လိုက်သေဆုံးရခြင်းနှင့် ပတ်သက် ၍ ဇူလိုင်လ ၂၅ ရက်တွင် ကုမ္ပဏီနှင့် လျှပ်စစ်ဌာနတို့မှ တာဝန်ရှိသူများက နာရေးအလှူငွေများ လာလှူခဲ့ကြောင်း ယောက်ဖတော်စပ်သူ ဦးအောင်ဝင်းက ဆိုသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် နေရာသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးနှင့် မီးတိုင်များ လာရောက်လဲလှယ်ပေးနေ ကြောင်း ၎င်းက ပြောသည်။

စံချိန်မမီသည့် လျှပ်စစ်မီးကြိုးပြတ်ကျ၍ ဓာတ်လိုက်သေဆုံးရမှုမှာ ကုမ္ပဏီ တွင် တာဝန်ရှိသကဲ့သို့ လျှပ်စစ်ဌာန တွင်လည်း တာဝန်ရှိကြောင်း GGS ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးမြတ်သူနိုင်က ပြောသည်။

အန္တရာယ်ရှိနိုင်သည့် သစ်သားမီး တိုင်လေးထောင်ကျော်နှင့် စံချိန်မမီသည့် မီးကြိုးပေပေါင်း ငါးသိန်းကျော် လဲလှယ် တပ်ဆင်နိုင်ရန် GGS ကုမ္ပဏီက ထားဝယ် ခရိုင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း နှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူ ပြု ဗဟိုကြီးကြပ်ရေးကော်မတီထံ အကြိမ်ကြိမ် စာပို့ထားသည်။

Dawei Watch