မင်းရပ်-ကူးတို့လမ်းရှိ ထန်းပင် တစ်ရာနီးပါး ခုတ်လှဲ

0
2489
ဓာတ်ပုံ - ကျော်သူစိုး

လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေး ရွာရှိ မင်းရပ်-ကူးတို့လမ်းဘေး တစ်လျှောက် ပေါက်နေသော ထန်းပင် တစ်ရာနီးပါးကို ရေမြောင်းနှင့်မလွတ်သဖြင့် ခုတ်လှဲထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ထားဝယ်မြစ်ကမ်း(လောင်းလုံး ဘက်ခြမ်း)မှ မင်းရပ်-ကူးတို့လမ်း တစ်လျှောက် ပေ ၅၀၀၀ အကွာအထိ တိမ်ကောနေသည့် ရေမြောင်းဖောက်လုပ်စဉ် ယင်းရေမြောင်းနှင့် မလွတ်သည့် ထန်းပင် ၈၀ ခန့် ခုတ်လှဲခဲ့ကြောင်း မင်းရပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းတင့်က ပြောသည်။

“ထန်းပင်တွေရှိတာ လယ်သမားတွေ မကြိုက်ကြဘူး။ ကြွက်ပေါလို့”ဟု ဦးသန်းတင့်က ဆိုသည်။

ယင်းလမ်းဘေးဝဲယာရှိ ရေမြောင်း များမှာ ရေစီး၊ ရေလာမကောင်းသဖြင့် လယ်များ ရေလွှမ်းမိုးခြင်းခံနေရသော ကြောင့် မြောင်းဖောက်ပေးရန် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က လောင်းလုံးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနထံ တင်ပြခဲ့ကြောင်း ၎င်းက ပြောသည်။

ကျန်ရှိနေသည့် ရေမြောင်းကိုလာမည့် ဘဏ္ဍာနှစ်တွင် ဆက်ဖောက်ပေး ရန်လည်း တင်ပြထားပြီးဖြစ်ကြောင်း ဦးသန်းတင့်က ဆိုသည်။

မင်းရပ်-ကူးတို့လမ်းသည် ထားဝယ် မြစ်မှ သာယာကုန်းကျေးရွာ မူလတန်း ကျောင်းအထိ သုံးမိုင်ခန့်ရှည်လျားပြီး လမ်းဘေးဝဲယာ တစ်လျှောက် ထန်းပင် အမြောက်အမြား ပေါက်ရောက်နေသည်။

အသစ်တည်ဆောက်ရန်ရှိနေသည့် ထားဝယ်မြစ်ကူးတံတားအသစ်ကို မင်းရပ်-ကူးတို့နေရာတွင် တည်ဆောက် ပါက အဆိုပါလမ်းသည် အဓိကကျသည့် လမ်းတစ်ခုဖြစ်သည်။

ထားဝယ်မြစ်ကူးတံတားအသစ်ကို ယင်းနေရာတွင် တည်ဆောက်ရန် ဒေသခံတချို့၏ တောင်းဆိုမှုများရှိနေသော်လည်း လက်ရှိတွင် မည်သည့်နေရာတွင် ဆောက်မည်ဟု အတိအကျ ထုတ်ပြန် ခြင်း မရှိသေးပေ။

Dawei Watch