မြိတ်လျှပ်စစ်ဓာတ်အားလုပ်ငန်း တင်ဒါမခေါ်မီ တစ်ယူနစ် ၄၂၀ ကျပ်နှုန်း ကောက်ခံမည်

0
503

မြိတ်မြို့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးတင်ဒါမခေါ်ယူမီ ကြားကာလအတွင်း မီတာခနှုန်းထားကို တစ်ယူနစ်လျှင် ၄၂၀ ကျပ်နှုန်းဖြင့် ကောက်ခံ သွားမည်ဖြစ်ကြောင်း မြိတ်စိမ်းလန်း စွမ်းအင်ကုမ္ပဏီ ဒုတိယစီမံကိန်း ဒါရိုက်တာ ဦးမျိုးအောင်က ပြောကြားခဲ့သည်။

မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီ အနေဖြင့် လျှပ်စစ်မီးစတင်ထုတ်လုပ်ဖြန့် ဖြူးခဲ့သည့်  ယခုနှစ် ဖေဖော်ဝါရီလတွင် ၃၉၀ ကျပ်၊ မတ်လတွင် ၃၉၀ ကျပ်၊ ဧပြီလတွင် ၃၈၀ ကျပ်၊ မေလတွင် ၃၈၀ ကျပ်၊ ဇွန်လတွင် ၃၉၅ ကျပ်နှုန်းတို့ဖြင့် ကောက်ခံခဲ့သည်။

ဇူလိုင်လမှ စတင်၍ တစ်ယူနစ်လျှင် ၄၂၀ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ် ကြောင်း ဦးမျိုးအောင်က ပြောသည်။

“ဒီဇယ်ဈေးကဘယ်လောက်ပဲ တက် သွားပါစေ။ ဒီဈေးနှုန်းပဲ မပြောင်းလဲဘဲ သွားဖို့ စီစဉ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ တစ်ယူနစ်လျှင် ၄၂၀ ကျပ်နှုန်းဖြင့် ကောက်ခံမည့်ကိစ္စအတွက် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်  ဆွေးနွေးညှိနှိုင်းပြီးဖြစ်ကာ တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လျှပ်စစ်မီတာခ ဈေးနှုန်းကောက်ခံမှုအခြေ အနေများအား ရှင်းလင်းချပြခြင်း အခမ်း အနားကို ဇူလိုင်လ ၂၇ ရက်က မြိတ်အများ ပိုင်ရုံးတွင် ပြုလုပ်ခဲ့သည်။

လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၂၆၀ ကျပ်နှုန်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့်အတွက် တင်ဒါ အောင်မြင်ထားသည့် မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီမှာ တင်ဒါစည်းမျဉ်းစည်း ကမ်းအတိုင်း လိုက်နာခဲ့ခြင်း မရှိခဲ့ပေ။

တစ်ယူနစ်လျှင် ၂၆၀ ကျပ်နှုန်းဖြင့် မပေးနိုင်ခြင်းမှာ ကိုးရီးယားနိုင်ငံအခြေ စိုက် ခမ်းကုမ္ပဏီ၏ ပျက်ကွက်မှု ကြောင့်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ပြောဆိုထားသည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်း၏ လုပ်ငန်းတစ်ခုဖြစ်သည့် မြိတ်စိမ်းလန်း စွမ်းအင်ကုမ္ပဏီ၏ လုပ်ပိုင်ခွင့်ကို ပြန်လည် ရုပ်သိမ်းမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောဆိုထားသော်လည်း  လက်ရှိအချိန်အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ပေးထားဆဲဖြစ် သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့် ဖြူးရေးအတွက် ငါးလအတွင်းတင်ဒါ ပြန်လည်ခေါ်ယူမည်ဖြစ်ပြီး တင်ဒါခေါ် ယူမည့် ကြားကာလအတွင်း မြိတ်စိမ်းလန်း စွမ်းအင်ကုမ္ပဏီအား ဆက်လက် လုပ်ကိုင်ခွင့် ပြုထားမည်ဖြစ်ကြောင်း ဦးအောင်သူရက ပြောဆိုထားသည်။

လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံခြင်းနှင့်ပတ်သက်၍ မြိတ်တွင် ဝေဖန်မှု များထွက်ပေါ်လျက် ရှိသည်။

မြင့်မိုရ်(မြိတ်)