ရှောင်ကြ ရှားကြရတော့မှာလား

0
1268
#Crd

ပြီးခဲ့တဲ့ ရက်ပိုင်းက ရွာထဲကို တိုင်း အစိုးအရအဖွဲ့ လူကြီးလမ်းကြောင်း ကား ယာဉ်တန်းလာသွားပါသည်။ မည်သည့် ကိစ္စနှင့် လာမှန်းတော့ မသိ။ ရွာထဲက လမ်းတစ်လျှောက်မှာ ယာဉ်တန်းကို ရှေ့ပွိုင့် နောက်ပွိုင့် လုံခြုံရေးယူပြီး အရှိန်ခပ်ပြင်းပြင်းနှင့် ဖြတ်သန်းသွားတာ ရွာသားအများ ကြုံကြရပါသည်။

ထိုအခါရွာသားအချို့က “လူကြီး လမ်းကြောင်း ယာဉ်တန်း အရှိန်ကြမ်းလို့ မနည်းရှောင်လိုက်ရတာ”  “ပြည်သူတင် တဲ့ အစိုးရရဲ့ယာဉ်တန်းဖြစ်ပြီး ရွာထဲမှာ ဒီလိုအရှိန်နဲ့တော့ မမောင်းသင့်ဘူး” စသဖြင့် တီးတိုးတီးတိုးနှင့် မေတ္တာပို့နေသော အသံ များကို ကြားရသည်။

အစိုးရလူကြီးယာဉ်တန်းများ ရွာထဲမှာ အရှိန်ပြင်းပြင်းနှင့် အဘယ်ကြောင့် မောင်းရသနည်း။

ဖြစ်နိုင်ဖွယ်ရာများကို စာရေးသူ၏ ဥာဏ်တစ်ထွာ တစ်မိုက်နှင့် မေးခွန်းများ ထုတ်ကာ စဉ်းစားမိပါသည်။

(၁) လုံခြုံရေးကြောင့်လား

လူကြီးလမ်းကြောင်း ယာဉ်တန်းများကို ယခင်စစ်အစိုးရ ခေတ်ကလည်း ကြုံဖူးပါသည်။ လုံခြုံရေးအရ မလာခင် တစ်ရက်နှစ်ရက် အလိုကတည်းက လူကြီး သွားမည့်လမ်းကြောင်း၊ နေရာများကို ကြိုတင် ရှင်းလင်းထားကြသည်။ လာမည့် အချိန်၊ လာမည့် လမ်းကြောင်းခရီးစဉ်ကို လွှဲပြီးလာကြတာ များပါသည်။ လုံခြုံရေး အမြင်ဖြင့် ယခင်က လုပ်ဆောင်ခဲ့တာ တစ်စိတ် တစ်ပိုင်းကို မှတ်မိသမျှ ရေးပြခြင်း ဖြစ်သည်။ ယခုတော့အစိုးရ အဖွဲ့လူကြီး များ(တစ်နည်း)ပြည်သူက ရွေးချယ်ထားသော အစိုးရအနေဖြင့်လည်း မိမိကိုယ်ကို မလုံခြုံဟု ယူဆ၍ လုံခြုံရေးသဘောအရ အထက်တွင် ဖော်ပြထားသော လုံခြုံရေး အစီအမံများကို လုပ်ချင်လျှင်တော့လုပ်ပါ။ သို့သော် လူထု ထူပြောသော ရွာထဲလမ်းကို ဖြတ်ရာမှာ ရွာထဲမှာ မောင်းသင့်သော တစ်နာရီ ကီလိုမီတာ ၂၀/၃၀ ထက်ပိုပြီး မောင်းလျှင် ယာဉ်စည်းကမ်း လမ်းစည်း ကမ်းကို မလိုက်နာသလို မဖြစ်ရော့သလား။ မိမိအစိုးရအဖွဲ့ ယာဉ်တန်းကြားကို အခြားယာဉ် ၀င်ဖြတ်မှာ စိုးလို့ဆိုတဲ့ အတွေး တစ်ခုတည်းကြောင့် လူထုအများရှိနေ ကြသော ရွာလမ်းကျဉ်းကျဉ်းမှာ ခပ်ကြမ်း ကြမ်း မောင်းလို့ သင့်ပါရဲ့လား။ ယာဉ်စည်း ကမ်း လမ်းစည်းကမ်းက လူကြီးလမ်းကြောင်းနှင့် မသက်ဆိုင်တော့လေသလား။

ဥပဒေအထက်မှာ ဘာမှ မရှိဟုတော့ မှတ်သားဖူးပါသည်။

(၂) ခရီးစဉ်အတွက် အချိန်မလုံ လောက်လို့ များလား

စစ်ဆေးရမည့်လုပ်ကွက်၊ ကျေးရွာက ဝေးသေး၍ အချိန်မီရောက်အောင် ခပ်ကြမ်းကြမ်းမောင်း လေသလား။

High way အမြန်လမ်းမှာဆို အရှိန် တင်မောင်း၍ရ၏။ ရွာထဲလမ်း လူနေအိမ် ခြေစိပ်စိပ် လမ်းက ကျဉ်းကျဉ်း လူအများ ထူပြောနေသော ကျေးရွာထဲတော့ တစ်ဟုန် ထိုးမောင်းပြီး သွားမည့်အချိန်ပိုရအောင် ဟု လုပ်၍မသင့်။ “လမ်းကြောင်း မသွားခင် ကတည်းက ဘယ်ကိုသွားမည်၊ မည်သူနှင့် တွေ့မည်၊ အချိန်ဘယ်လောက်ယူမည် စသဖြင့် အချိန်ဇယား သေချာဆွဲလာသင့်ပါသည်။ ၂၀၁၂ တုန်း က ဒေါ်အောင်ဆန်းစုကြည် (အမေစု)စာရေးသူတို့ရွာကို ကိစ္စတစ်ခုနှင့် ကွင်းဆင်းလာဖူးပါသည်။ ပြည်သူက “တွေ့ချင် တယ်တွေ့ပါရစေ အမေ” ဆို၍ ခရီးစဉ် အချိန်ဇယားထဲမှာ မပါသော်ငြား ရွာသား များနှင့် ၁၅ မိနစ်ခန့်တွေ့သွားခဲ့ပါသည်။ ထိုစဉ်တုန်းက အမေစုပြန်ရမည့် ခရီးစဉ်က လေယာဉ်ဖြင့် ဖြစ်သည်။ သိပ်မှောင် သွားလျှင် လေယာဉ်ခရီးစဉ်အတွက် ချင့်ချိန် ရသည့် ကိစ္စလည်း ရှိပါသည်။ သို့သော် အမေစုက သူ့ခရီးစဉ်ရဲ့ အချိန်ဇယားကို သေချာစေ့စပ်စွာ စီစဉ်တတ်သူမို့ အခုလို လူထုကြား ကားအကြမ်းကြီး မောင်းပြီး လည်း မသွားခဲ့တာ မှတ်မိနေပါသေးသည်။

(၃) ယာဉ်မောင်းကြောင့်လား၊ လုံခြုံရေးယူပေးတဲ့အဖွဲ့ကြောင့်များလား

သည်အရာသည်လည်း ဖြစ်နိုင်ခြေ နည်းပါသည်။ မိမိယာဉ်မောင်းက ရွာထဲ လူထုကြားထဲမောင်းလျှင်ရှိသင့်သည့် အရှိန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို သိရပါမည်။ သူမသိလျှင် စီးနှင်းလိုက်ပါလာသည့် လူကြီးက သိရပါမည်။ ရွာထဲဖြတ်လျှင် အရှိန်လျှော့မောင်းခြင်းအားဖြင့် မိမိက တခြားကိစ္စနှင့် လာသော်ငြား ကျေးရွာ၏ ပစ္စက္ခအခြေအနေ၊ လမ်း၊  စီးပွားရေး အခြေခံ အဆောက်အဦ စသဖြင့်ကို ကားပေါ်မှ လေ့လာသင့် သလောက် လေ့လာသွားလို့ ရပါသည်။

လုံခြုံရေး ၀န်ထမ်းများ၏ အစီအမံ ကြောင့်ဆိုလျှင်တော့ မိမိက အစိုးရအဖွဲ့၏ အကြီးအမှူးဖြစ်၍ လမ်းကြောင်းသွားလျှင် ရွာထဲမှာတော့အရှိန်လျှော့မောင်းပေးဖို့ မဟုတ်လျှင် လူထုက တစ်မျိုးတစ်မည် ထင်သွားပါမည် စသဖြင့် ညှိနှိုင်းပြောကြား ထားသင့်ပါသည်။

(၄) မိမိကိုအများက အထင်ကြီး ခံလိုခြင်းကြောင့်များလား

လူကြီးလမ်းကြောင်းလာတာကို လူထုက အထင်ကြီးစေချင်၊ ကြည့်စေ ချင်၍ လုပ်တာများလား။ ကားအရှိန်က သိပ်ကြမ်းနေတော့ လူထုက တိုက်မခံရ အောင်ကို မနည်းရှောင်နေရသည်နှင့်   “ဘယ်လိုလူကြီးတွေလဲ” ဟူသော ကြောက် ရွံ့စိတ်မျိုးသာ ဖြစ်သွားနိုင်ပါသည်။ လူကြီးလမ်းကြောင်းလာသော ပွိုင့်အသံ ကြားကတည်းက လူထုက လေးစားသမှု နှင့် မောင်းနေဆဲယာဉ်တွေကို ဘေးချပြီး အရှိန်လျှော့တန်လျှော့၊ ရပ်တန်ရပ်ထား ပေးပြီးသားပါ။ ကားအကြမ်းကြီးမောင်းမှ ရှောင်ပေးမှာ လူအထင်ကြီးခံရမှာဆို သော အသိမျိုးလည်း လူကြီးတွေမှာ ရှိမည်မထင်ပါ။

လွန်ခဲ့သော ၃ နှစ်ကျော်က အခု အစိုးရလူကြီးများလည်း ပြည်သူတစ် ယောက်အနေနှင့် လူကြီးလမ်းကြောင်း ကားတန်းများကို ကြုံဖူး ပြီးမြင်ဖူးပြီးသားပါ။ လူကြီးလမ်းကြောင်း ပွိုင့်လာလျှင် လေးလေးစားစားနှင့် ရှောင်ပေးရတာမျိုး ပဲဖြစ်စေချင်ပေမည်။ အရှိန်ကြမ်းလို့ ရှောင်ပေးရသည်နှင့်တော့ ကွာခြားမည် ထင်ပါသည်။

နိဂုံး    

လူကြီးလမ်းကြောင်းကားများ လူထုထူ ထပ်သော ရွာထဲကို ဖြတ်ရာတွင် ခပ်ကြမ်းကြမ်း မောင်းခြင်းသည် သမားရိုးကျ ဖြစ်စဉ်တစ်ခုဖြစ်ချင်ဖြစ်မည်။ အထက်တွင် ဖော်ပြသော ကျွန်တော့်အတွေးထဲက ၄ ချက်ကဲ့သို့လည်း ဟုတ်ချင်မှ ဟုတ်မည်။ လူကြီးတွေက အလုပ်ကိစ္စတွေ အာရုံစိုက်နေမိ၍ တကယ့်ကိုသဘောရိုး ဖြင့် ကားအရှိန် ကိစ္စကို သတိမထားမိ လိုက်တာလည်း ဖြစ်ချင်ဖြစ်မည်။ သို့သော်လူထုက သည်လို အတွေးမျိုးနှင့် အမှုမဲ့ အမှတ်မဲ့  အနေနှင့် သဘောထား၍ မရ။ အရှိန်နှင့်လာသော လူကြီးလမ်း ကြောင်းကားတန်းခပ်ကြမ်းကြမ်းကို ငေးနေ၍မဖြစ်။ ခပ်ဝေးဝေးကတည်းက ခပ်မြန် မြန်ရှောင်ကြ ရှားကြမှ ကားအတိုက်မခံရမှာ ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က သူ၏ အစိုးရအဖွဲ့ လူကြီးများ နှင့် လူထုကိုယ်စားလှယ်များကို လူထုနှင့် မကြာမကြာ တွေ့ဆုံပေးဖို့ဆိုပြီး မှာကြားတာတွေကြားရမှတ်ရပါသည်။

လူထုနှင့်တွေ့ဖို့သော်လည်းကောင်း၊ အခြားကွင်းဆင်းခြင်းကိစ္စနှင့် သော်လည်းကောင်း လူထုရှိသော ရွာထဲလမ်းကို လူကြီးယာဉ်တန်းများ ဖြတ်လျှင် ယခုလို အရှိန်ပြင်းပြင်းနှင့် ဖြတ်လာလျှင်ဖြင့် လူထုက ယခုလိုပဲ ဝေးဝေးကနေ ရှောင်နေ ရှားနေကြရမှာပါလားဟု ကျွန်တော် တွေးနေမိပါတော့သည်။      

ဝီစီ