ထားဝယ်၊ မြိတ်ဝန်ကြီးအရေး တွေးချင့်စရာ

0
1573

သခွပ်ပင်က မီးတကျည်ကျည် ဆိုသကဲ့သို့ ဖြစ်မည်စိုး၍ တနင်္သာရီတိုင်း၏ တိုင်းရင်းသားလူမျိုးစုကိစ္စ မရေးဖြစ်ခဲ့ပါ။

တိုင်းပြည်တစ်ခုလုံး၏ အနာဂတ် အတွက် အလွန်အရေးကြီးလှသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကိစ္စ ဆောင်ရွက်နေသည့် လက်ရှိအချိန်တွင် ပိုမရေးလိုပါ။

သို့သော် ရေရှည်တွင် နစ်နာနိုင်သည့် ကိစ္စ ဖြစ်သည့်အတွက် သက်ဆိုင်သူ အားလုံး သတိပြုမိစေရန် ယခုကဲ့သို့ ရွေးကောက်ပွဲအတွက် လူဦးရေနှင့် အချက်အလက် စာရင်းကောက်ချိန်တွင် ယခု ဆောင်းပါးကို အချိန်ကိုက်ရေးခြင်း ဖြစ်ပါသည်။

။။                  ။။            ။။

၂၀၂၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် လူဦးရေနှင့် အချက်အလက် စာရင်း တနင်္သာရီတိုင်းအတွင်း ယခုလ အတွင်း စကောက်တော့မည် ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆၁(ခ) အရ၊ မြန်မာနိုင်ငံ၏ လူဦးရေအရ တိုင်း အတွင်း တိုင်းရင်သား လူဦးရေ ၅ သောင်း ခွဲခန့်ရှိ လျှင်ပင်ထိုလူမျိုးအတွက် တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာရရှိမည် ဖြစ်သည်။

အထက်ပါစာရင်းတွင် “လူမျိုး” ဟူသည့် ဇယားကွက်တစ်ခု ပါသည်။ ထိုဇယားကွက်တွင် ထားဝယ်ဟုလည်း ကောင်း၊ မြိတ်ဟု လည်းကောင်း ဖြည့်ခွင့် ရလျှင် ထားဝယ်တိုင်းရင်းသားရေးရာဝန် ကြီးနှင့် မြိတ်တိုင်းရင်းသား ရေးရာဝန်ကြီးတို့ ရရှိနိုင်မည်။

ထိုထက် ပိုပြောလျှင် ထားဝယ်သား၊ မြိတ်သားဦးရေ ၅ သောင်းခွဲနှင့် အထက် ရှိနေနိုင်သည့် ရန်ကုန်တိုင်းတွင်လည်း ထားဝယ်ဝန်ကြီး၊ မြိတ်ဝန်ကြီး ရှိလာနိုင် သည့် အခွင့်အလမ်းလည်း ရှိနေသည်။

သို့သော် တိုင်းအတွင်း ဌာနဆိုင်ရာ တာဝန်ရှိသူတို့က မှတ်ပုံတင်ပါ လူမျိုး အမည်အတိုင်းသာ ထည့်သွင်းရမည်ဟု ပြောဆိုထားသည်။

ထားဝယ်၊ မြိတ် တိုင်းရင်းသားများ၏ မှတ်ပုံတင်တွင် လူမျိုးနေရာတွင် “ဗမာ” ရေးထည့်ထားသည်။ သို့ကြောင့် ယခုကောက်မည့် လူဦးရေနှင့် အချက် အလက်စာရင်းတွင် “လူမျိုး – ဗမာ” ဟုသာ ရေးခွင့်ရမည်။ ယင်းစာရင်းကောက်ရာ တွင် ပါဝင်မည့်သူများကို သင်တန်းများ ပေးနေရာ ထိုသင်တန်းတွင်လည်း အထက်ပါ အတိုင်းမှာကြားကြောင်း သင်တန်းတက်သူများက ပြောကြပါသည်။

ထိုအချက်သည် တနင်္သာရီတိုင်း အတွင်း ရသင့်ရထိုက်သည့် ထားဝယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ မြိတ်တိုင်း ရင်းသား ရေးရာဝန်ကြီး ဆုံးရှုံးမည့်အခြေ အနေ ဖြစ်နေသည်။ ထိုအကြောင်း ယခင် အပတ်က “လူဦးရေနှင့် အချက်အလက် စာရင်းတွင် လူမျိုးနေရာ၌ မှတ်ပုံတင် ပါအတိုင်းသာ ထည့်သွင်းရမည်”သတင်း ဆောင်းပါး ဖော်ပြခဲ့ပြီး ဖြစ်သည်။

တိုင်းရင်းသားဝန်ကြီးနေရာရလျှင် ဘာရမည်နည်း။

ထားဝယ်၊ မြိတ်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ကို ထိန်းသိမ်းဖော်ထုတ်ရေးအတွက် သီးသန့် ဆောင်ရွက်နိုင်သည့် ၀န်ကြီးတစ်ပါး တိုင်းအစိုးရအဖွဲ့အတွင်း ပေါ်ပေါက်လာမည်။ မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ မိမိတို့၏စကား၊ စာပေတို့ကို သင်ကြား ခွင့်နှင့် သင်ယူခွင့်၊ ခေတ်မီတိုးတက်စေရန် တီထွင်ကြံဆ ဖော်ထုတ်ခွင့်နှင့် ယဉ်ကျေးမှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍  လွတ်လပ်စွာ သုတေသနပြု ဖော်ထုတ်ခွင့်ရရှိရေး တိုင်းအစိုးရအဖွဲ့အတွင်း အခါမလပ် ဆွေးနွေးနိုင် အကောင်အထည်ဖော်နိုင်လာမည်။

မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အရ ဆောင်ရွက်သော အခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို ကျင်းပရန် မိမိတို့ ၏ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ မိမိတို့ တိုင်းရင်းသားများ၏ သမိုင်းဖြစ်စဉ်များကို ထုတ်ဖော်ခွင့်နှင့် အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်သည့် ရန်ပုံငွေ ရရှိရေး အစဉ်တစိုက် အရေးဆို နေနိုင်မည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွင်း လည်း ရန်ကုန်နေ ထားဝယ်၊ မြိတ်သား တို့အတွက် ထားဝယ်ဝန်ကြီး၊ မြိတ်ဝန်ကြီး တို့က အထက်ပါအချက်များ လုပ်ဆောင် နိုင်လာမည်။

ယင်းအတွက် မဲစာရင်းပြုစုရန် ရည်ရွယ်ကာ ယခုကောက်ခံတော့မည့် လူဦးရေနှင့် အချက်အလက်စာရင်းတွင် တနင်္သာရီတိုင်းအတွင်း နေထိုင်သည့် ထားဝယ်၊ မြိတ်သားများသာမက ရန်ကုန်တွင် နေထိုင်ကြသည့် ထားဝယ်၊ မြိတ်များပါ လူမျိုးဇယားကွက်တွင် ထားဝယ်၊ မြိတ်ဟု ထည့်ခွင့်ရရန် လိုနေသည်။

ဌာနဆိုင်ရာ ၀န်ထမ်းများကမူ လုပ်ထုံးလုပ်နည်းအရ မှတ်ပုံတင်ပါ အတိုင်းသာ ထည့်ရမည်ဟု ဆိုသည်။

မှတ်ပုံတင်တွင် လူမျိုးအမည် ပြောင်းလိုသူရှိလျှင်လည်း လုပ်ထုံးလုပ်နည်းအရ ဆိုက ပြောင်း၍ မရပါ။

မိဘမှတ်ပုံတင်ပါ လူမျိုးအတိုင်းသာ သားသမီး၏ မှတ်ပုံတင်တွင် ထည့်သွင်း ပေးနိုင်ကြောင်း တိုင်းလ၀က တာဝန်ရှိသူ က ပြောပါသည်။

သို့ဆိုလျှင် အခြားနည်း မရှိတော့ ပြီလော။ ယခုပုံအတိုင်းဆိုလျှင် ကျွန်ုပ်တို့ နောင်မျိုးဆက်အားလုံးက မှတ်ပုံတင်၏ လူမျိုးနေရာတွင် ထားဝယ်၊ မြိတ်ဟု ဖော်ပြခွင့် ရတော့မည့်လမ်း မမြင်တော့ပါ။ နောက်နောင်တွင် ထားဝယ်၊ မြိတ်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ပေါ်ပေါက်ရန်လည်း မရှိတော့ပါ။

ထားဝယ်၊ မြိတ် လူမျိုးစာရင်းကို နိုင်ငံတော်က တရားဝင် အသိအမှတ်ပြု ထုတ်ပြန်ထားပြီးသည့် လူမျိုး ၁၃၅ မျိုး ထဲမှ ဖျက်လိုက်ရတော့မည့်သဘော ဖြစ်နေလေပြီ။

ဖြစ်သင့်ပါသလော။

ကျွန်ပ်တို့၏ မိဘဘိုးဘေးဘီဘင် များကို မှတ်ပုံတင် ထုတ်ပေးခဲ့စဉ်က လူမျိုး-ဗမာ ရေးထည့်မည့်အကြောင်း သေချာဆွေးနွေး သဘောတူညီမှု ယူခဲ့ကြ၏လော။

မထင်ပါ။

အခြေအနေများစွာ ရှိနိုင်သည်။

ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်းကတော့ ရှင်းရှင်းပြော သည်။

“တို့တွေအားလုံး လွဲမှားစွာ မှတ်ပုံတင် ထားခြင်း ခံရတာလေ”

မေးစရာ တစ်ခုရှိလာသည်မှာ “ပြင်မရတော့ပြီလော”။

ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ့်ငွေကြေးဖြင့် ကိုယ်ပိုင် နယ်မြေတွင် အခြေတည် နေထိုင်ခဲ့ကြ သည့် လူမျိုးစုတို့ ယခုကဲ့သို့ အခင်းအကျင်း မျိုးဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ ဆုံးရှုံးခံလိုက်ရတော့ မည်လော။

နိုင်ငံသားများနှင့် အုပ်ချုပ်သူအစိုးရ ကြား ချုပ်ဆိုထားသည့် စာချုပ်ဟု ဆိုအပ် သော ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပင် နိုင်ငံသားတို့ အလိုမတူလျှင် ပြင်နိုင်သေးသည် မဟုတ်၏လော။

လက်ရှိတွင် လုပ်ထုံးလုပ်နည်းအရ ပြင်မရလျှင် နိုင်ငံရေးနည်းအရ နည်းလမ်း ရှာရသင့်ပေသည်။

ပြင်ရန် ဆန္ဒရှိကြလျှင် ပြင်နိုင်သည့် နည်းရှိကို ရှိရမည်။

ရှေ့မျိုးဆက်တို့ တုံဏှိဘာဝေ ဆိတ် ဆိတ်နေခဲ့ကြ၍ ယခု ကျွန်ုပ်တို့လက်ထက် တွင် အခွင့်အလမ်းတို့ ဆုံးရှုံးနေရသည်။

ကျွန်ုပ်တို့ ယခုအချိန် သိလျက်နှင့် မသိလိုက် မသိဘာသာ နေလိုက်ကြလျှင် နောင်မျိုးဆက်တို့အပေါ် တာဝန်မကျေရာ ကျပါမည်။

မကြာမီ မဲစာရင်း ပြုစုရန် စာရင်း ကောက်တော့မည်။

ထိုစာရင်းတွင် လူမျိုးအမည် “ထား ၀ယ်”၊ “ မြိတ်” ဖြည့်ခွင့်ရချင်သူ မည်မျှ အထိ ရှိသနည်း။

တစ်နည်းအားဖြင့်ဆိုလျှင် ယခုချက် ချင်းမဟုတ်သော်မှ ကာလတစ်ခုတွင် မှတ်ပုံတင်တွင် လူမျိုးနေရာတွင် ကိုယ့်သက် ဆိုင်ရာ လူမျိုးအမည်ကို အမှန်တကယ် ရေးနိုင်အောင် တာဝန်ရှိသူတို့ အလေး အနက် စဉ်းစားသင့်ပေသည်။

ပါတီနိုင်ငံရေးသမားတို့ကလည်း တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ထားဝယ်တိုင်းရင်းသား၊ မြိတ်တိုင်းရင်း သား မဲဆန္ဒနယ်များ ပေါ်ပေါက်လာရေး ယခုကိစ္စကို အလေးအနက် ထားစေချင် ပါသည်။

သခွပ်ပင်က မီးတကျည်ကျည် ဆိုသကဲ့သို့ ဖြစ်မည်စိုးသော်လည်း ရေရည်တွင် နစ်နာနေမည့်ကိစ္စဖြစ်နေ သည်ကို သက်ဆိုင်သူအားလုံး သတိပြုမိစေလိုပါ သည်။

ပြိုင်တူတွန်းလျှင် ရွေ့ကို ရွေ့ပါသည်။

မင်းခန့်