အဆင့်တိုးကျောင်းများတွင် ဆရာ၊ ဆရာမ မခန့်ထားနိုင်သေး

0
544

တိုင်းအတွင်းရှိ အခြေခံပညာ အဆင့်တိုးကျောင်းများတွင် သင်ကြားပေးမည့် ဆရာ၊ ဆရာမများကို နှစ်လကျော်ကြာ သည်အထိ ခန့်ထားနိုင်ခြင်းမရှိသေးကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံး ထံမှသိရသည်။

တိုင်းအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း(ခွဲ)မှ အထက်တန်းအထိ စုစုပေါင်း ကျောင်း ၁၈၄ ကျောင်းကို အဆင့်တိုးမြှင့်ကြောင်း အခြေခံပညာဦးစီးဌာနက မေလ ၁၄ ရက် က ထုတ်ပြန်ခဲ့သည်။

သို့သော် ယင်းသို့ထုတ်ပြန်ပြီး နှစ်လ ကျော် ကြာသည်အထိ ယင်းအဆင့်တိုး ကျောင်းများတွင် သင်ကြားမည့် ဆရာ၊ ဆရာမများကို ခန့်ထားနိုင် ခြင်းမရှိသေးကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန် က ဇူလိုင်လ ၁၈ ရက်တွင် ပြောသည်။

အဆင့်တိုးကျောင်းများတွင် ခန့်ထားမည့် ဆရာ၊ ဆရာမများကို အခြေခံပညာ ဦးစီးဌာနမှ ချထားပေး ခြင်းမရှိသေးသောကြောင့် ယင်းကဲ့သို့ကြန့်ကြာနေ ခြင်းဖြစ်ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

ပုံမှန်အားဖြင့် အဆင့်တိုးကျောင်းများကို ထုတ်ပြန်သည်နှင့်တပြိုက်နက် ယင်းကျောင်းများ တွင် သင်ကြားမည့် ဆရာ၊ ဆရာမများကိုပါ တစ်ပါ တည်း ထုတ်ပြန်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆင့်တိုးကျောင်းများတွင် အခြေခံပညာဦးစီး ဌာနမှ ဆရာ၊ ဆရာမ မခန့်ထားပေးမီအထိ ရပ်ရွာ အစီအစဉ်ဖြင့် ဆရာ၊ ဆရာမ ငှားရမ်းသင်ကြားရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“လက်ရှိမှာတော့ ကိုယ့်ရွာအစီအစဉ်နဲ့ ကိုယ် ငှားပြီးသင်နေတာလည်း ရှိတယ်။ တစ်တန်းနဲ့တစ် တန်း  ရှိသမျှ ဆရာအင်အားနဲ့ မျှပြီး သင်နေကြရတာပေါ့”ဟု ၎င်းက ဆိုသည်။

မူလတန်းကျောင်း(ခွဲ)မှ မူလတန်းကို အဆင့်တိုး ပါက ကျောင်းအုပ်တစ်ဦး၊ အနည်းဆုံးမူပြနှစ်ဦးနှင့် အလယ်တန်းကျောင်း (ခွဲ)မှ အလယ်တန်းကို အဆင့် တိုးပါက ကျောင်းအုပ်တစ်ဦး၊ အနည်းဆုံး အလယ် တန်းပြနှစ်ဦး ထပ်မံလိုအပ်မည်ဖြစ်ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

ယင်းအပြင် အလယ်တန်းမှ အထက်တန်း ကျောင်း(ခွဲ)ကို အဆင့်တိုးပါက အနည်းဆုံး အထက် တန်းပြ ၆ ဦး ထပ်မံလိုအပ်ပြီး အထက်တန်းကျောင်း ခွဲမှ အထက်တန်းကို အဆင့်တိုးပါက အထက်တန်း ကျောင်းအုပ်တစ်ဦး၊ အနည်းဆုံး အထက်တန်းပြ ၃ ဦး ထပ်မံ လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းသတ်မှတ်ချက်များကို အခြေခံပညာ ဦးစီးဌာနက မခန့်ထားမီအချိန်အထိ အဆင့်တိုးကျောင်း များတွင် သင်ကြားရေးဆရာများကို ရပ်ရွာအစီအစဉ် ဖြင့် ခန့်ထားသင်ကြားစေမည်ဖြစ်ကြောင်း အဆင့်တိုး ကျောင်းလျှောက်လွှာတွင် ဖော်ပြထားသည်။

Dawei Watch