ထားဝယ်တက္ကသိုလ်တွင် အဏ္ဏ၀ါသိပံ္ပဘာသာရပ် သင်ကြားရန် အစီအစဉ် မရှိသေး

0
551

ထားဝယ်တက္ကသိုလ်တွင် အဏ္ဏ၀ါ သိပ္ပံဘာသာရပ်ကို ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် မရှိသေးကြောင်း ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

ဇူလိုင်လ ၁၈ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် သရက်ချောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး၏ ထားဝယ်တက္ကသိုလ်တွင် အဏ္ဏ၀ါ ဗေဒဘာသာရပ်ကို တိုးမြှင့်သင်ကြားပေးရန် အစီအစဉ်နှင့် ပတ်သက်သည့် မေးခွန်းကို ဦးဝင်းမော်ထွန်းက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်တက္ကသိုလ်တွင် လက် ထောက်ကထိက တာဝန်ထမ်းဆောင်နေသော သရက်ချောင်းဒေသခံ အဏ္ဏ၀ါ သိပ္ပံ ဒေါက်တာဘွဲ့ရရှိထားသော တက္ကသိုလ် ဆရာမတစ်ဦး၏ အကူအညီ တောင်းချက်အရ ယင်းမေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်စိုးက ပြောသည်။

လက်ရှိတွင် အဏ္ဏ၀ါသိပံ္ပဘာသာရပ်ကို  မြိတ်တက္ကသိုလ်တွင် သင်ကြားလျက် ရှိသည်။

ထားဝယ်တက္ကသိုလ်တွင် အဏ္ဏ၀ါ သိပံ္ပဘာသာရပ်ကို ထပ်တိုးပေးရန် အစီအစဉ်မရှိခြင်းမှာ ထားဝယ်ခရိုင်မှ ကျောင်းသား၊ ကျောင်းသူများသည် မြိတ်တက္ကသိုလ်တွင် ယင်းဘာသာရပ်ကို သွားရောက် သင်ကြားသူ နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း ဦးဝင်းမော်ထွန်းက ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မြိတ်တက္ကသိုလ် အဏ္ဏ၀ါသိပံ္ပ ပထမနှစ် သင်တန်းကို ထားဝယ်ခရိုင်မှ ကျောင်း သူ၊ ကျောင်းသား လေးဦးသာ လျှောက်ထား ခဲ့ကြောင်း ၎င်းက ပြောသည်။

တက်္ကသိုလ်တစ်ခုတွင် ဘာသာရပ် တစ်ခုကို တိုးမြှင့်ဖွင့်လှစ်တော့မည်ဆိုပါက ကျောင်းသားနှင့် ဆရာဦးရေ၊ စာသင်ခန်းနှင့် သင်ထောက်ကူပစ္စည်း စသည့်လိုအပ်ချက်များ ပြည်စုံနေရန် လိုအပ်ကြောင်း ဦးဝင်းမော်ထွန်းက ပြောသည်။

ထားဝယ်တက္ကသိုလ် ဆရာများ သမဂ္ဂနှင့် ကျောင်းသားများ သမဂ္ဂနှစ်ခုကမူ တနင်္သာရီတိုင်း၏ မြို့တော်တစ်ခုဖြစ် သည့်အပြင် ပင်လယ်ကမ်းရိုးတန်းဒေသလည်းဖြစ်သည့်ဒေသရှိ ထားဝယ် တက္ကသိုလ်တွင် အဏ္ဏ၀ါသိပံ္ပဘာသာရပ်ကို ထပ်တိုးသင်ကြားပေးသင့်ကြောင်း ပြောဆိုသည်။

“တကယ်က ဒီဘာသာရပ်က ထားဝယ် မှာရှိသင့်တာ။ အရင်က မော်လမြိုင် တက္ကသိုလ်နဲ့နီးလို့ဆိုပြီး ဒီမှာ (ထားဝယ် တက္ကသိုလ်မှာ) မထားတာ။ အခုက ကိုယ့်တက္ကသိုလ်နဲ့ ကိုယ် ဖြစ်တော့မှာဆိုတော့ဒီမှာ ထားသင့်တယ်ပေါ့”ဟု ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ ရီရီရွှေက ပြောသည်။

ပညာရပ်တစ်ခုကို ကျောင်းသား၊ အနည်းအများဖြင့် ခွဲခြားပြီး မသင်ကြားပေးသည်မှာ မဖြစ်သင့်ကြောင်း ထားဝယ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုဥက္ကဋ္ဌ မသီရိမိုးက ပြောသည်။

“မေဂျာဆိုတာသာရှိရင် တချို့ ကျောင်းသားတွေ လာတက်ကြမှာပဲ။ လူဦးရေးနည်းတာ များတာနဲ့မဆိုင်ဘူး။ သူတို့(ပညာရေးဝန်ကြီးဌာန) ကသာ သင်ကြားပေးချင်တဲ့ ဆန္ဒရှိရင် သင်ပေးရမှာပဲ”ဟု မသီရိမိုးက ဆိုသည်။

ယခုပညာသင်နှစ် မြိတ်တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံဘာသာရပ်တွင် ပထမနှစ်မှ မဟာသိပံ္ပနှစ်အထိ ကျောင်းသူ၊ ကျောင်း သား ၂၀၀ ၀န်းကျင် ပညာသင်ကြားလျက်ရှိကြောင်း ယင်းတက္ကသိုလ် အဏ္ဏ၀ါ ဗေဒဌာန လက်ထောက်ကထိက ဒေါက်တာ အောင်အောင်အေးက ပြောသည်။

အဏ္ဏ၀ါသိပံ္ပဘာသာရပ်သည် ပင်လယ် သမုဒ္ဒရာအကြောင်းကို သိပံ္ပနည်းကျ လေ့လာသည့် သာသာရပ်တစ်ခု ဖြစ်ကြောင်း  မြိတ်တက္ကသိုလ် အဏ္ဏ၀ါဗေဒ ဌာနထံမှ သိရသည်။

ကျော်သူစိုး