ရေဖြူက ရွာနှစ်ဆယ်ကျော် ဖုန်းလိုင်းကိစ္စ ၀န်ကြီးဌာန ဖြေကြားချက်အချို့ ကွဲလွဲဟုဆို

0
688

ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာ နှစ်ဆယ်ကျော်၏ ဖုန်းလိုင်းဆက်သွယ် ရေးကိစ်္စနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဖြေကြား ချက်အချို့မှာ မြေပြင်အနေအထားနှင့် ကွဲလွဲနေကြောင်း ရေဖြူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟန်းဝင်းသိန်းက ပြောသည်။

အိန်္ဒရာဇာ၊ နတ်ကြီးစင်၊ သဲချောင်း ကျေးရွာအုပ်စု သုံးခုရှိ ကျေးရွာ ၂၁ ရွာ အနက် ပေါက်ပင်ကွင်းရွာ၊ ကင်းတောင်ရွာ စသည့် ရွာလေးရွာသာလျှင် ဖုန်းလိုင်း လုံးဝမမိဟု အထက်ပါဝန်ကြီးဌာနက ဖြေဆိုထားကြောင်း ဦးဟန်ဝင်းသိန်းက ပြောသည်။

ကျန် ၁၇ ရွာမှာ ကံပေါက်ကျေးရွာ၊ နတ်ကြီးစင်ကျေးရွာ၊ သပွတ်ချောင်း ကျေးရွာတို့တွင် စိုက်ထူထားသည့် ဖုန်း ဆက်သွယ်ရေး တာဝါတိုင်များဖြင့် ဖုန်း ဆက်သွယ်ပြောဆိုနိုင်ကြောင်း အထက်ပါ ၀န်ကြီးဌာက ဖြေကြားထားသည်။

ဇွန်လ ပထမအပတ်ကကျင်းပသည့် ၁၂ ကြိမ်မြောက် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဦးဟန်ဝင်းသိန်း က ကြက်ပွင့်မပြမေးမြန်းထားသည့် ယင်းကျေးရွာများတွင် ဖုန်းဆက်သွယ်ရေး တိုင်များ စိုက်ထူပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းကို ဇူလိုင်လ ၁၅ ရက်တွင် အထက်ပါဝန်ကြီးဌာနက စာဖြင့် ပြန်လည် ဖြေကြားထားခြင်းဖြစ်သည်။

မြေပြင်အခြေအနေတွင်မူ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဖြေကြားသကဲ့သို့ ကျေးရွာ ၁၇ ရွာစလုံး ဖုန်းလိုင်းမမိဘဲ ကျေးရွာအချို့သာလျှင် ဖုန်းလိုင်းမိသည်ဟု ဦးဟန်ဝင်းသိန်းက ပြောသည်။

ယင်းအပြင် ဖုန်းလိုင်းမိသည့် ကျေးရွာ အချို့တွင်လည်း ဆက်သွယ်စနစ်ကောင်း မွန်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

မည်သည့်ကျေးရွာများတွင် ဖုန်းလိုင်း မမိဆိုသည်ကိုမူ ဦးဟန်ဝင်းသိန်းက ထည့်သွင်းဖြေကြားခြင်း မရှိပေ။

“လက်တွေ့မှာတော့ တစ်ချို့ရွာတွေ မှာ ၀န်ကြီးဌာနက ဖြေသလို ဖုန်းလိုင်း မမိဘူး။ မိတဲ့ရွာအချို့လည်း လိုင်းမကောင်း ဘူး။ ပင်မရွာတွေတောင်မှ တစ်ချို့နေရာ တွေမှာ မမိဘူး။ မေးတာက လိုင်းမမိတဲ့ ရွာတွေမှာ သီးသန့်ဆက်သွယ်ရေး တာဝါတိုင်စိုက်ပေးဖို့ရှိလားဆိုပြီး မေးတာ ကို”ဟု ၎င်းက ဆိုသည်။

ဖုန်းလိုင်းလုံးဝမမိသည့် ကျေးရွာ လေးရွာတွင်လည်း လူဦးရေးနည်းပါး ခြင်း၊ လျှပ်စစ်မီးမရှိခြင်း၊ လုံခြုံရေး အခြေအနေများကြောင့် လောလောဆယ်တွင် ဖုန်းဆက်သွယ်ရေးတာဝါတိုင်စိုက် ထူပေးရန် အစီအစဉ်မရှိကြောင်း ပို့ဆောင် ရေးနှင့် ဆယ်သွယ်ရေးဝန်ကြီးဌာနက ဖြေဆိုထားသည်။

Dawei Watch