ခရီးသွားတဲ့အခါ

0
682

ယနေ့ခေတ်မှာတော့ လူအများစုဟာ ခရီးသွားရတာကို ကြိုက်နှစ်သက်လာတဲ့ အပြင် ၀ါသနာတစ်ရပ်အနေနဲ့ပါ လုပ် ဆောင်လာကြတယ်။

ခရီးတစ်ခုသွားတဲ့အခါ ကိုယ်မျှော်လင့်ထားတဲ့ ပျော်ရွှင်စရာ ခရီးလေးတစ်ခု အဖြစ် အောင်မြင်စွာ ခရီးရောက်စေဖို့  ဆောင်ရန်၊ ရှောင်ရန်နဲ့ ကြိုတင်ပြင်ဆင်မှု လုပ်သွားသင့်တာတွေက ဘာတွေပါလဲ။

(၁) ကိုယ်ဘယ်နေရာကို သွားချင် တာလဲ။ ဘယ်နေရာတွေကို လည်ပတ် ချင်တာလဲဆိုတာ တိတိကျကျ သိအောင် အရင် လုပ်ထားရပါမယ်။ ရောက်တဲ့အခါ စမ်းတ၀ါးဝါး ဖြစ်မနေဖို့ပါ။

(၂) ခရီးတစ်ခုသွားတဲ့အခါ ကိုယ့် ခရီးသွားဖော် အကြောင်းကို တီးမိခေါက် မိဖို့က အရေးကြီးပါတယ်။ ကိုယ့်ခရီးသွား ဖော်ရဲ့ စိတ်နေစိတ်ထားကြောင့် လမ်းခရီး တစ်လျှောက် ပျော်ရွှင်မှုတွေအစား စိတ်ပျက် ဒေါသထွက်စရာတွေ ဖြစ်လာတတ် လို့ပါပဲ။

ဥပမာ-ဇီဇာကြောင်တတ်လူမျိုး… အဲ့လိုလူမျိုးတွေဟာလည်း လမ်းခရီးရဲ့ အနေအထားတစ်ခုမှာ ကိုယ့်ကို စိတ် အနှောင့်အယှက်ပေးမိမှာ သေချာပါတယ်။ စိတ်မရှည်တတ်တဲ့ လူမျိုးကို ကိုယ်က ဓာတ်ပုံတွေ အများကြီး ရိုက်ခိုင်းနေတာမျိုး။

ပျင်းရိပြီး ဟိုမသွားချင် ဒီမသွားချင် ဖြစ်နေတဲ့ လူမျိုးကို ကိုယ်က မနက် စောစော နေထွက်တာကို သွားကြည့်ဖို့ ခေါ်ရင်းကနေ စိတ်ညစ်ရဦးမှာပါ။

ကိုယ့်ခရီးသွားဖော်ရဲ့ စိတ်နေသဘော ထား အမူအကျင့် စတာတွေကို ကြိုပြီး သိထားမှပဲ ဘယ်လိုဟာမျိုးဆို သူနဲ့အတူ လုပ်ဆောင်သင့်တယ်၊ ဘယ်ဟာဆို သူနဲ့ အဆင်ပြေညှိနှိုင်းလို့ ရမလဲဆိုတာ ကြိုသိမှာ ဖြစ်ပါတယ်။

ကိုယ့်အတွက်ခရီးသွားဖော်ကောင်း ရပြီဆိုရင်တော့….

သွားမယ့်ခရီးအပေါ်မူတည်ပြီး အစီအစဉ်စဆွဲလို့ ရပါပြီ။

ကိုယ်က စွန့်စားပြီးသွားရတဲ့ ခရီးကြမ်းမျိုး ကြိုက်တာလား။ သိပ်မပင်ပန်းဘဲ အေးအေးဆေးဆေးရှိတဲ့ နေရာမျိုး သွားမှာလား စသဖြင့် တွက်ချက်ရပါမယ်။ ခရီးစဉ်ရဲ့ ကုန်ကျစရိတ်ကိုလည်း သေချာ တွက်ချက်ရပါမယ်။ ကြိုတင်ပြီး ကားလက်မှတ်၊ လေယာဉ်လက်မှတ်ဖြတ် ထားတာမျိုး၊ အခန်းကြိုတင်ဘိုကင် လုပ်ထားတာမျိုး လုပ်သင့်ပါတယ်။ ပရိုမိုးရှင်း ရတဲ့နေရာမျိုးကိုလည်း ကြိုပြီး စုံစမ်းထားသင့်ပါတယ်။ အပိုကုန်ကျ စရိတ်ကိုလည်းထည့်သွင်း စဉ်းစားရပါမယ်။

သွားမယ့်နေရာရဲ့ ရာသီဥတုကိုလည်း ခန့်မှန်း တွက်ချက်ဖို့ လိုပါတယ်။

ကျွန်တော်တို့ အခုလို မိုးရာသီမှာ ကမ်းခြေတစ်ခုကို သွားမယ်ဆိုပါစို့။ ညအိပ်ခရီးစဉ်လား ဘယ်နှရက်ကြာမလဲ စသဖြင့် ပြင်ဆင်ဖို့ လိုအပ်လာပါပြီ။

ကမ်းခြေမှာ အေးအေးဆေးဆေး အနားယူဖို့ သက်သက်လား။  ဓာတ်ပုံ လှလှလေးတွေ ရိုက်ချင်တာလား။ ကိုယ်လုပ်ဆောင်မယ့် အရာတွေကို သေသေချာချာ သတ်မှတ်သွားဖို့ လိုအပ်ပါတယ်။ ကမ်းခြေက ဟိုတယ်မှာတည်းမယ်ဆိုရင် ဖတ်မယ့်စာအုပ်၊ သီချင်းနားထောင်ဖို့ အတွက် နားကြပ်၊ သောက်နေကျဆေး၊ လိမ်းနေကျ ခရင်မ် စသဖြင့် ကိုယ့်ရဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေအပြင် ဓာတ်ပုံ ရိုက်ဖို့အတွက် စိတ်ကူးထားတဲ့ အ၀တ် အစားတွေကို သေသေချာချာလေး စီစဉ် သင့်ပါတယ်။ ဓာတ်ပုံထဲမှာ ပေါ်လွင်စေ မယ့် အရောင်လွင်တဲ့ အ၀တ်အထည်တွေ ယူဆောင်လာတာမျိုး၊ ရေစိုပြီးရင် လဲဝတ် မယ့် အ၀တ်အစားတွေ ကြိုစီစဉ်ခဲ့တာမျိုးပေါ့။

ဟိုတယ်မှာ တည်းခိုဖို့အတွက်ဆိုရင်တော့ သိပ်စိတ်ပူစရာ မလိုပေမယ့် ကမ်းခြေမှာ ယာယီတဲလေးနဲ့ စခန်းချမယ့် သူတွေအတွက်တော့ ပိုပြီးပြင်ဆင် စီစဉ်ကြရပါမယ်။ အိပ်တဲ့အခါ သက်တောင့်သက်သာ အိပ်နိုင်ဖို့အတွက်ရော လုံခြုံရေး အတွက်ရော သေချာလေး ဂရုစိုက်ရပါမယ်။

ညဘက် တစ်စုံတစ်ရာအတွက် လက်နှိပ်ဓာတ်မီး၊ ခြင်မကိုက်အောင် ကာကွယ်မယ့်ခရင်မ်၊ ဆေးဝါး၊ အနွေးထည်၊ ညဘက်အဆာပြေ စားဖို့မုန့် အစသဖြင့် တစ်ကိုယ်ရည် သုံးပစ္စည်းတွေအပြင် ရာသီဥတု အခြေအနေ တွေအတွက်ပါ သေသေချာချာ ဂရုပြု ပြင်ဆင်ရပါမယ်။

နောက်…ကျွန်တော်တို့ လုံးဝ မရောက်ဖူးသေးတဲ့ မရင်းနှီးသေးတဲ့ နေရာအသစ်တစ်ခုကို ခရီးထွက်တယ် ဆိုရင်လည်း… သတိထားစရာတွေ အများကြီးပါ။

ကိုယ့်အယူအဆ ကိုယ်နေထိုင်တတ်တဲ့ အပြုအမူမျိုးအတိုင်း သတိလက်လွတ် မနေမိဖို့ အရေးကြီးပါတယ်။ ယဉ်ကျေးမှု ထွန်းကားပြီး အယူအဆဓလေ့ ကိုးကွယ် ယုံကြည်မှုကို အလေးထားတဲ့ နေရာဒေသ မျိုးပေါ့။ သွားလာတဲ့အခါ အမှားအယွင်း မဖြစ်ဖို့အတွက်ရော၊ စားသောက်တဲ့ အခါမျိုးမှာလည်း သတိထားရပါတယ်။

တချို့တားမြစ်ထားတဲ့ နေရာမျိုးကို အတင်းသွားတာမျိုး၊ ဓာတ်ပုံမရိုက်ဖို့ တားမြစ် ထားတဲ့ အရာမျိုးကို ဓာတ်ပုံသွားရိုက်တာမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။ သူတို့ရဲ့ ယုံကြည်ကိုးကွယ်တဲ့ အရာတွေကိုလည်း ခရီးသွားတွေဟာ တန်ဖိုးထားရပါမယ်။  နတ်တင်ပသခြင်း စသဖြင့် ရိုးရာဓလေ့ အရ ပွဲအခမ်းတစ်ခုခုနဲ့ ကြုံတဲ့အခါမျိုးမှာတော့  ကိုယ့်ကြောင့်တစ်စုံတစ်ခု အမှား အယွင်း ဖြစ်စေတာမျိုးကို သတိထားရပါမယ်။ မ၀င်ရမယ့်နေရာမျိုးကို ၀င်ရောက်မိတာမျိုး၊ တစ်စုံတစ်ရာကို မှားယွင်းစွာ စားသုံးမိတာမျိုး စသဖြင့် သတိထားဖို့ အရမ်း အရေးကြီးပါတယ်။

နေရာဒေသစိမ်း တစ်ခုသွားတဲ့အခါ၊ ရောက်တဲ့အခါမျိုးမှာ ဒေသခံတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံနိုင်ပြီး သူတို့ အကူအညီကိုလည်း ရယူနိုင်ဖို့ လိုအပ်ပါတယ်။

ယဉ်ကျေးမှု အမွေအနှစ်တွေ သဘာဝပတ်ဝန်းကျင်တွေကိုလည်း မဖျက်ဆီး မိစေဖို့ အရေးကြီးလှပါတယ်။ တချို့ မိမိအတွက် သေးငယ်လှတဲ့ အရာမျိုးကို အမှုမဲ့ အမှတ်မဲ့ ပြုမူလိုက်မိတယ် ဆိုပေမယ့် ဒေသခံတွေအတွက် တန်ဖိုးထားရတဲ့ အရာတွေ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။

ကိုယ်နဲ့ မရင်းနှီးတဲ့ နေရာဒေသမျိုး၊ ဓလေ့အကြောင်းအရာ သေချာမသိသေး တဲ့ နေရာမျိုးဆို သတိထား လေ့လာပြီး သွားလာဖို့ အရေးကြီးပါတယ်။ ဓလေ့ ရိုးရာတွေ မတူညီတဲ့ အတွက်လည်း လှောင်ပြောင်ခြင်း မျိုးကိုလည်း အထူးရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်ဖို့ ကတော့ အရေးကြီးဆုံး အချက်ပါ။

ခရီးသွားတွေကြောင့်ပဲ သိပ်လှတဲ့ သဘာဝပတ်ဝန်းကျင်ကို ပိုပြီးထင်ရှား စေသလို ခရီးသွားတွေကြောင့်ပဲ ရုပ်ဆိုး အကျည်းတန်စေတာပါ။

ဒီအချက်လေးတွေကို ဂရုပြုမယ် ဆိုရင်တော့ ပျော်ရွှင်တဲ့ ခရီးတစ်ခုအဖြစ် သွားနိုင်ဖို့ မျှော်လင့်ပါတယ်။

ဦးဂါ