နိုင်ငံတကာစံနှုန်းများကို မြန်မာမှုပြုကြရာဝယ်

0
760

ပြီးခဲ့တဲ့အပတ်က ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ သစ်တောကဏ္ဍနဲ့ပတ်သက် တဲ့ အစီရင်ခံစာတစ်ခု ထုတ်ပြန်တယ်။ မြန်မာနိုင်ငံရဲ့ သယံဇာတတူးဖော်ထုတ် လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာ မှုဖော်ဆောင်ရေး EITI လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထုတ်ပြန်တဲ့ အစီရင်ခံစာ ဖြစ်တယ်။ အနှစ်ချုပ်ကတော့ ၂၀၁၄-၁၅ နဲ့ ၂၀၁၅-၁၆ နှစ် နှစ်စာအတွက် သစ်တောဦးစီးဌာနနဲ့မြန်မာ့သစ် လုပ်ငန်းတို့ရဲ့ စာရင်းဇယားတွေ၊ သစ်ထုတ် လုပ်မှုနဲ့သက်ဆိုင်တဲ့ ကိန်းဂဏန်းတွေကို ဖော်ပြခြင်းဖြစ်တယ်။ ထုံးစံအတိုင်း ဝေဖန် ထောက်ပြစရာတွေ၊ ငွေကြေးကွာဟမှု တွေနဲ့ သစ်ထုတ်လုပ်ခွင့် ခွင့်ပြုမိန့်ပေး ခြင်းနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ကိစ္စတွေ ဒုနဲ့ဒေး။ 

ဒီမှာ ဆွေးနွေးလိုတာက အဲဒီသစ်တော ကဏ္ဍ အစီရင်ခံစာအကြောင်း မဟုတ်။ အဲဒီလို အစီရင်ခံစာတွေ ပြုစုခြင်းအပေါ် လူတွေနဲ့အမြင်။ တစ်နည်းအားဖြင့် နိုင်ငံတကာ စံချိန်စံညွန်းတွေကို ပြည်တွင်းမှာ ကျင့်သုံးကြတဲ့အခါ တွေ့ကြုံရတဲ့ စိန်ခေါ်မှု တွေအကြောင်း။ အထူးအားဖြင့် နိုင်ငံတကာစံနှုန်းတွေကို ပြည်တွင်းမှာ လက်တွေ့ အကောင်အထည်ဖော်ကြတဲ့အခါ မတူတဲ့ အစုအဖွဲ့တွေအကြား ဘယ်လိုအမြင်တွေ ကွဲပြားလာကြသလဲ။ အဲသည် မတူကွဲပြားမှု တွေဟာ ကောင်းတဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်ဖို့ တွန်းအားဖြစ်စေသလား၊ သို့တည်းမဟုတ် အဲဒီလိုတွေလိုက်နာကျင့် သုံးလိုက်မှ အစိုးရဌာနဆိုင်ရာ၊ ပုဂ္ဂလိက နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အကြား “အဟ”ဟာ ပိုမိုကြီးမားလာပြီး အပြောင်းအလဲကို နှေးသွားစေသလား ပေါ့။ နောက်တစ်ခုထပ်ဆွေးနွေးလိုတာ ကတော့ နိုင်ငံတကာစံနှုန်းတွေကို မြန်မာ မှုပြုကြတဲ့အခါ လက်ရှိအကောင်အထည် ဖော်နေကြတဲ့နည်းလည်းတွေထက် ပို ကောင်းတဲ့နည်းလမ်းများ ရှိနိုင်ဦးမလားဆိုတာပါ။

အပေါ်က ဇာတ်ကြောင်းကို ပြန်ဆက် ရရင် အဲသည်အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ သစ်တောဦးစီးဌာနနဲ့ မြန်မာ့သစ်လုပ်ငန်းက တာဝန်ရှိသူတွေထောက်ပြတဲ့ အချက်တွေဟာ စိတ်ဝင်စားဖွယ်ကောင်း လှပါတယ်။ ဥပမာအားဖြင့် နိုင်ငံတကာက အစီရင်ခံစာ ပြုစုတဲ့သူတွေဟာ ပြည်တွင်း မှာ ကျင့်သုံးနေတဲ့စနစ်တွေ၊ လုပ်ထုံး လုပ်နည်းတွေကို ခရေစေ့တွင်းကျ နားမလည် တဲ့အခါ လိုအပ်တဲ့ သတင်းအချက်အလက် တွေ ပြည့်စုံအောင် မဖော်ပြနိုင်တာမျိုး၊ တခြားနိုင်ငံအများစုက EITI လုပ်ငန်း စဉ်ကို အကောင်အထည်ဖော်ကြတဲ့အခါ ရေနံသဘာဝဓာတ်ငွေ့၊ သတ္တုစသည်ဖြင့် ကဏ္ဍ တစ်ခုနှစ်ခု လောက်သာ ပါဝင်ကြတာ မျိုးကို ထောက်ပြကြတယ်။ သူတို့မေးခွန်း ထုတ်တဲ့အထဲမယ် စိတ်ဝင်စားဖွယ် ကောင်းတာက မြန်မာနိုင်ငံ EITI က ဘာကြောင့်များ ရေနံသဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းကျောက်မျက်၊ သတ္တု၊ သစ်တော စသည်ဖြင့် ကဏ္ဍများစွာပါဝင် ရပါသလဲ ဆိုတာပါပဲ။

အရပ်ဘက်လူမှုအဖွဲ့အစည်းကို ကိုယ်စားပြုပြီးပြောရရင် ကျွန်တော်တို့ နိုင်ငံလို အရာရာမှာ ပွင့်ပွင့်လင်းလင်း မရှိသေးတဲ့ တိုင်းပြည်မျိုးမှာ သယံဇာတ ကဏ္ဍမှာ ကဏ္ဍစုံ ပွင့်လင်းမြင်သာစွာ သိရှိလာရတာဟာ ကြိုဆိုရမယ့်ကိစ္စ ဖြစ်ပါ တယ်။ ဒါမှသာ တိုင်းပြည်က ဘယ်ကဏ္ဍ တွေက ၀င်ငွေဘယ်လောက်ရှိနေပြီး အဲသည် ၀င်ငွေတွေကို ဘယ်လိုစီမံဆောင်ရွက် နေသလဲဆိုတာကို ပြည်သူတွေ အနေနဲ့သိရှိ နိုင်မှာ ဖြစ်တာကိုး။ EITI လို လုပ်ငန်းစဉ် မျိုးမှာ ကျွန်တော်တို့နိုင်ငံက ပါခဲ့လို့သာ ယနေ့အချိန်မှာ သယံဇာတက ရရှိတဲ့ ၀င်ငွေနဲ့ အဲသည်ဝင်ငွေတွေကို ဘယ်လိုဘယ်နည်း စီမံခန့်ခွဲနေသလဲဆိုတာကို သိလာရတာကိုး။ ဒါတောင် မသိရသေးတဲ့ သတင်းအချက်အလက်တွေ များစွာကျန် နေပါသေးတယ်။

တစ်ပြိုင်နက်မှာ နိုင်ငံတကာစံချိန်စံ ညွှန်းတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ ဒေသနဲ့ အစပ်အဟပ်တည့်မှုကို လည်း ထည့်သွင်းစဉ်းစားရပါမယ်။ လက်ရှိ အချိန်အထိ ပုဂ္ဂလိကနဲ့သယံဇာတ ကဏ္ဍ က အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လက်တွဲဆောင်ရွက်ရသမျှကို အခြေခံပြီး ပြောရရင် ဌာနဆိုင်ရာအများစုဟာ နိုင်ငံတကာစံချိန်စံညွန်းတွေကို အကောင် အထည်ဖော်တဲ့နေရာမှာ တင်းပြည့်အကောင် အထည်ဖော်ဖို့ အခက်အခဲတွေများစွာ ရှိနေပါသေးတယ်။

ဒီမှာအများဆုံးကြားရတဲ့စကားတစ် ခုကတော့ “ကျွန်တော်တို့တိုင်းပြည်က အခုမှ စပြီးပြောင်းလဲဖို့ လုပ်နေတာ၊ နိုင်ငံ တကာက လုပ်ထုံးလုပ်နည်းတွေကို လိုက် လုပ်နိုင်ဖို့ မဖြစ်နိုင်သေးဘူး၊ ၅ နှစ် သားကို ဆန်အိတ်ပေးထမ်းသလိုဖြစ်နေ တယ်”ဆိုတဲ့ စကားပါပဲ။ ဒါဟာ ဌာနဆိုင်ရာ တွေအတွက် အမှန်တရား ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ မြင်သာတဲ့ ဥပမာတစ်ခု ပေးပါရစေ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအရ သတ်္တုတွင်းတွေဟာ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် အစီရင်ခံစာ ကို ရေးဆွဲရပါမယ်။ အဲဒီအစီရင်ခံစာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပတ်ဝန်းကျင် ထိခိုက်မှု စီမံခန့်ခွဲရေး အစီအစဉ် ရှိရပါ မယ်။ ဥပဒေအရ ကုမ္ပဏီတွေဟာ အဲဒီ အစီရင်ခံစာရေးဖို့ ကြားခံ တတိယအဖွဲ့ အစည်းတစ်ခုကို ငှားရမ်းရပါတယ်။

အဲဒီအဖွဲ့အစည်းက သက်ဆိုင်ရာဒေသမှာ နေထိုင်တဲ့ ပြည်သူလူထုနဲ့ လိုအပ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ မြေ၊ရေ၊လေ အစရှိသည်တို့ကို သိပ္ပံဆိုင်ရာ တိုင်းတာ လေ့လာမှုတွေပြုလုပ်ပြီး အစီရင်ခံစာရေး သားရတယ်။ ရေးသားလိုက်တဲ့ အစီရင်ခံစာ အကြမ်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကို ပေးပို့ရပါတယ်။  ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပေးပို့ လာတဲ့ အစီရင်ခံစာကို ဖတ်ရှုသုံးသပ်ပြီး သဘောထားမှတ်ချက်တွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီကို ပြန်လည်ပေးပို့ပါတယ်။ သက်ဆိုင်ရာကုမ္ပဏီက အဲဒီအစီရင်ခံစာ ကို လိုအပ်သည်များ ပြန်လည်ဖြည့်စွက် ပြင်ဆင်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနကို ပြန်လည်ပေးပို့ရပါတယ်။

အဲသည်အစီရင်ခံစာကို ပြင်ဆင်ဖြည့်စွက်စရာ မလိုတော့ဘူးဆိုမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက သက်ဆိုင်ရာ ၀န်ကြီးဌာနကို ပေးပို့အတည်ပြုပြီး လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးရပါတယ်။ ဒါက စာနဲ့ အကြမ်းဖျင်းရေးပြလို့သာ တိုနေရတယ် ထင်ရသော်ငြား တကယ်တမ်း ဥပဒေပြဋ္ဌာန်းချက်အတိုင်း အကောင်အထည် ဖော်ရင် အလွန်မတန် များပြားရှုပ်ထွေးလှတဲ့ လုပ်ငန်းစဉ်ဖြစ် ပါတယ်။ တစ်ပြိုင်နက်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနဟာလည်း တစ်နိုင်ငံလုံးက တင်လာတဲ့အစီရင်ခံစာ တွေကို အချိန်မီဖတ်ကြားပြီး သဘောထားမှတ်ချက်တွေပေးနိုင်ဖို့ရာ အခက်အခဲ ပေါင်းများစွာ ရှိနေပြန်တယ်။ အဆိုးဆုံး ကတော့ ကျွမ်းကျင်ဝန်ထမ်း အလုံအလောက် မရှိတာပါပဲ။

အထက်ပါ အခြေအနေတွေကြောင့် တနင်္သာရီတိုင်းမှာလည်ပတ်နေတဲ့ သတ္တု တွင်း အားလုံးနီးပါးဟာ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် အစီရင်ခံစာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှု အစီအစဉ်တွေ လုံးဝမရှိဘဲ လည်ပတ်နေ ကြရတယ်။ တနည်းပြောရရင် ဥပဒေနဲ့ မညီဘဲ လည်ပတ်လုပ်ကိုင်နေကြရတယ်။

ဒါကြောင့်မို့လို့ အထက်မှာ ပြောခဲ့သလို ဌာနဆိုင်ရာတွေက ဒီလို နိုင်ငံ တကာစံနှုန်းတွေနဲ့ညီအောင် လုပ်ဖို့ အခက်အခဲတွေ များစွာရှိတယ်၊ အဲဒီ ပြဋ္ဌာန်းချက်တွေအတိုင်းသာ လိုက်နာနေရင် ဘာမှမလုပ်ဘဲ ရပ်ထားရဖို့ရှိတယ်လို့ ဆိုလာကြတာ ဖြစ်တယ်။

ဒီမှာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ပတ်သက်လို့ ထပ်ပြီးပြောပြလိုတဲ့ အဖြစ် အပျက်တစ်ခု ရှိပါတယ်။ ပြီးခဲ့အပတ် တွေက ကမ္ဘာ့သားငှက်ထိန်းသိမ်းရေး အဖွဲ့က ရန်ကုန်မြို့မှာ အစီရင်ခံစာထုတ် ပြန်ပွဲတစ်ခု လုပ်ခဲ့တယ်။ ထီးခီးနဲ့ထားဝယ် ကို ဆက်သွယ်ထားတဲ့ လမ်းကို အဆင့် မြှင့်တင်တဲ့နေရာမှာ သားရိုင်းတိရိစ္ဆာန် တွေကို ထိခိုက်မယ့်အကြောင်း။ အဲဒီ သတင်းကို ဖော်ပြတဲ့ အွန်လိုင်းမီဒီယာ ရဲ့အောက်မှာ မှတ်ချက်ပေးကြတဲ့သူတွေ ရဲ့သဘောထားဟာ စိတ်ဝင်စားဖွယ် ဖြစ်တယ်။ ယေဘုယျအားဖြင့်ပြောရရင် အများစု သဘောထားမှတ်ချက်ပေး ကြတာက တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ဖို့ အဲဒီလမ်းဟာ အရေး ကြီးတယ်။ တစ်ကမာ်္ဘလုံးမှာ ခုလိုလမ်း တွေ ဖောက်နေကြတာပဲ ဘာဖြစ်လို့ ကျွန်တော်တို့ကျမှ အဲဒါမျိုးတွေ လိုက်နာ ကျင့်သုံးနေရမှာလဲ၊ ဖွံ့ဖြိုးအောင် မလုပ်ရ တော့ဘူးလား ဆိုတဲ့ သဘောဆန်ပါတယ်။

သိရသလောက်ပြောရရင် အဲဒီ လမ်းအဆင့်မြှင့်တင်ဖို့အတွက် လိုအပ်တဲ့ ထိုင်းဘတ်ငွေ ၄.၅ ဘီလီယံကို မြန်မာ အစိုးရကို ထုတ်ချေးမယ့် ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်များစီးပွားရေးဖွံ့ဖြိုး ရေးအေဂျင်စီက ယခုနှစ် ဖေဖော်ဝါရီလ ကနေ စက်တင်ဘာလအထိ ၈ လတာ ကြာမြင့်မယ့် လမ်းအဆင့်မြှင့်တင်ဖို့ လေ့လာသုံးသပ်မှုဟာ ပြီးစီးဖို့အချိန်ကာလ အားဖြင့် ၂ လကျော်မျှသာလိုတော့သော် လည်း ဒီနေ့အထိ အဲဒီလမ်းဖြတ်သွားမယ့် ဒေသမှာနေထိုင်တဲ့ ကရင်တိုင်းရင်းသားတွေ ဒေသခံတွေနဲ့ သက်ဆိုင်ရာကျေးရွာ တွေမှာ လာရောက်တွေ့ဆုံရှင်းပြတာ မရှိ သေး။ ဒီလမ်းဟာ အဆိုပြု ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ တိုက်ရိုက်ဆက်စပ် နေပြီး နိုင်ငံတကာသုံးလမ်းတစ်ခုဖြစ်လာ မှာ ဖြစ်တာကြောင့် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းတွေကို လိုက်နာဖို့ လိုမလား ဆိုတာကလည်း စိတ်ဝင်စားဖွယ် ဖြစ်တယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေကို ပြည်တွင်း မှာ ကျင့်သုံးတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံ တကာစံနဲ့ ကိုက်ညီတဲ့ ဥပဒေတွေကို ပြည်တွင်းမှာ ရေးဆွဲအသုံးပြုရင်ပဲဖြစ်ဖြစ် အစီအစဉ်ကောင်းစွာချမှတ်ထားဖို့ လိုပါ တယ်။ စီမံချက် သံသရာလည်ခြင်း သဘောတရားအရ ဘက်စုံထောင့်စုံက ကောင်းစွာ စီစဉ်ဆောင်ရွက်ထားခြင်း မရှိတဲ့လုပ်ငန်း အစီအစဉ်မျိုးဟာ အကောင် အထည် ဖော်ရတဲ့အချိန်မှာ များစွာအခက် အခဲ ကြုံရမှာ ဖြစ်ပါတယ်။

ပြဿနာ အရင်းအမြစ်ကို ဖော်ထုတ်ခြင်း၊ ပြဿနာ ဖြေရှင်း မည့်နည်းလမ်းကို သတ်မှတ်ခြင်း၊ လက် တွေ့တွင် ဖြစ်တန်စွမ်းရှိမည့်စီမံချက် မူဘောင်ရေးဆွဲခြင်း၊ အဆိုပါစီမံချက်/ပြု ပြင်ပြောင်းလဲရေးကို အကောင်အထည် ဖော်မည့် အစီအစဉ် အသေးစိတ်များကို ရေးဆွဲခြင်း၊ ထို အစီအစဉ်ကို အကောင် အထည်ဖော်ရာတွင် လိုအပ်မည့် ငွေကြေး၊ နည်းပညာ၊ လူအင်အား အစရှိသည့် အခြေခံလိုအပ်ချက်များကို စုစည်းခြင်းနှင့် သတ်မှတ်လုပ်ငန်းများကို အကောင် အထည်ဖော်ခြင်း၊ လုပ်ငန်းစီမံချက်/ အပြောင်းအလဲ ပြုလုပ်နေစဉ်ကာလ တစ်လျှောက် စီစဉ်ထားသည့်အတိုင်း မှန်မှန်ကန်ကန် ဖြစ်ပေါ်ပြောင်းလဲနေစေ ရန် ကြီးကြပ်ခြင်းနှင့် နှိုးဆော်ထိန်းသိမ်း ခြင်း၊ ကာလတို/ကာလလတ် လုပ်ငန်းများ ပြီးမြောက်ချိန်တွင် ပြန်လည်သုံးသပ်ခြင်းနှင့်ပိုမိုကောင်းမွန်သည့် အပြောင်း အလဲများဖြစ်ပေါ်စေရန် အစီအစဉ် အသစ်များ ထပ်မံရေးဆွဲခြင်း အစရှိတဲ့ နည်းလမ်း တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ သုံးစွဲတတ်ဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ စာရွက်ပေါ်မှာသာ ပြောင်းပြီး မြေပြင်မှာ ဘာမှမပြောင်းတဲ့ ပြုပြင်ပြောင်းလဲ ရေးသာဖြစ်ပါမယ်။ ဟန်သာရှိပြီး အဆန်မရှိတဲ့ ကျိုက်ထီးရိုး သေနတ်သာသာ ပြုပြင်ပြောင်းလဲရေး ဖြစ်ပါမယ်။ ပလိုင်းပေါက်နဲ့ဖားကောက် နေသလိုသာ ဖြစ်နေပါလိမ့်မယ်။   

အောင်လွင် (ကံပေါက်သား)