ကော့သောင်း နန္ဒ၀န်ဈေး စက်တင်ဘာလ ပြီးမည်

0
513

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် ရှိ နန္ဒ၀န်ဈေးပြန်လည် တည်ဆောက်နေမှု စက်တင်ဘာလတွင် ပြီးစီးမည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင် သာယာရေး အမှုဆောင်အရာရှိ ဦးဘဂွမ်က ပြောသည်။

ယင်းဈေးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သိန်းငါးထောင်ကျော် (၅၆၅၈သိန်း)ဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။

“စက်တင်ဘာလမှာ အပြီးလုပ်မယ်”ဟု ဦးဘဂွမ်က ပြောသည်။

ယင်းဈေးတည်ဆောက်ရန်အတွက် ဈေးသူဈေးသားများ၊ ဈေးကော်မတီဝင်များနှင့် စည်ပင်တာဝန်ရှိသူများ အကြိမ် ကြိမ် တွေ့ဆုံညှိနှိုင်းသဘောတူညီချက် ရယူ တည်ဆောက်ခဲ့ပြီး ဈေးသူဈေးသားများ၏ သဘောဆန္ဒအရ တစ်ဝက်ဖျက် တစ်ဝက်ဆောက်စနစ်ဖြင့် တည်ဆောက်နေကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

အသစ်တည်ဆောက်နေသည့်ဈေး မှာ ယခင်ဈေးဟောင်းပုံစံအတိုင်း တစ်ထပ်ဆောင် ၄ ဆောင်ခွဲ တည် ဆောက်မည်ဖြစ်ပြီး ၈ ပေ ပတ်လည် ဆိုင်ခန်း နှင့် ၈ ပေ ၆ ပေ ဈေးဆိုင်ခန်း ၂၀၀ ကျော် ပါဝင်မည်ဟု ဦးတင်မြင့်က ပြောသည်။

“အရင်ဆိုင်ခန်းအဟောင်းနေရာ တွေအတိုင်းပဲ ပြန်ဆောက်တာပေါ့၊ မူလ ဆိုင်နေရာအတိုင်းပဲ ပြန်နေရာချပေးမှာ”ဟု ဦးတင်မြင့်က ပြောသည်။

ဈေးအပြင်ဘက် လမ်းမတစ်လျှောက် ရောင်းချနေသည့် ပျံကျဆိုင်ပေါင်း ၁၀၁ ဆိုင်အားလည်း ဈေးအတွင်း နေရာသတ် မှတ်ရွှေ့ပြောင်းပေးသွားရန်ရှိကြောင်း ဦးတင်မြင့်က ပြောသည်။

“ဈေးပြီးအောင်ဆောက်ပြီး သူတို့ကို နေရာရွှေ့ပေးလို့ရပြီဆိုရင် အဲဒီလမ်းမှာ ကားပါကင်နေရာ လုပ်မယ်ပေါ့။ အဲဒီ လမ်းတစ်လျှောက်မှာ ပျံကျဈေးက နေရာ ၀င်ယူထားတော့ ဆိုင်ကယ်တွေကားတွေ ၀င်ရပ်လို့မရဘူး ဖြစ်နေတာ”ဟု ၎င်းက ပြောသည်။

ယင်းသို့ ရွှေ့ပြောင်းရန်အတွက် လည်း ပျံကျဈေးသည်များနှင့် သဘော တူညီချက် ရယူထားပြီးကြောင်း ဦးတင်မြင့်က ပြောသည်။

နန္ဒ၀န်ဈေး(ဒေသအခေါ်လိုင်းမချန်ဈေး)သည် အဏ္ဏ၀ါရပ်ကွက်ရှိ ကော့သောင်း မြို့မဈေးကြီးပြီးလျှင် ကော့သောင်းမြို့၏ ဒုတိယအစည်ကားဆုံးဈေး ဖြစ်သည်။

Dawei Watch