မွန်ညီညွတ်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ ရေးဆွဲမည်

0
555

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မွန်ညီညွတ်ရေး ပါတီ (Mon Unity Party) က ရွေးကောက် ပွဲအောင်နိုင်ရေး မဟာဗျူဟာ ရေးဆွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီခေါင်း ဆောင်အချို့က ပြောသည်။

အဆိုပါ မဟာဗျူဟာရေးဆွဲရန် အတွက် ပါတီ ဒုဥက္ကဋ္ဌ နိုင်ချမ်းတွဲ့ ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၉ ဦးပါ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာရေးဆွဲရေးကော်မတီတစ်ရပ်ကို ဇူလိုင်လ ၁၈ ရက်က ကျင်းပခဲ့သည့် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ် တာဝန်ပေးခဲ့သည်ဟု ပါတီတွဲဖက် အတွင်းရေးမှူး (၁) နိုင်လရီတမက ပြောသည်။

“သူတို့အဖွဲ့အနေနဲ့ မဟာဗျူဟာ မူကြမ်းကို သြဂုတ်လအကုန်မှာ အပြီး ရွေးဆွဲပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ ကို တင်ပြရမယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီ အနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးများအတွင်း ရှိ မြို့နယ် ၂၃ ခုနှင့် ယင်းမြို့နယ်များ အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ တွင် ပါတီရုံးခန်းဖွင့်ခြင်း၊ ဆိုင်းဘုတ် တင်ခြင်းများ လုပ်ဆောင်သွားမည်ဟု နိုင်လရီတမက ပြောသည်။

မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြည် ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက် ရက်စွဲနှင့် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍မွန်ညီညွတ်ရေးပါတီ အဖြစ် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ထံ ၂၀၁၈ ခု နှစ် ဒီဇင်ဘာလက ပါတီတည်ထောင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၉ ခုနှစ် မေလ ၁၇ ရက် ရက်စွဲဖြင့် ပါတီတည် ထောင်ဖွဲ့စည်းခွင့် ပြုခဲ့သည်။

ယဉ်စနိုင်း