မွန်တွင် မြို့နယ်သုံးခု အသွင်ပြောင်း ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေး

0
597

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်သုံးခု ရှိ အသက်ငါးနှစ်အောက် ကလေးငယ်များကို အသွင်ပြောင်း ပိုလီယို ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခဲ့ရသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန ထံမှ သိရသည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် ဇွန်လအတွင်းက အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး၌ အသွင်ပြောင်း ပိုလီယို ပိုး တွေ့ရှိသဖြင့် ဖာပွန်မြို့နယ်နှင့် နီးစပ်သည့် မွန်ပြည်နယ်မှ သထုံ၊ ကျိုက်ထို၊ ဘီးလင်းမြို့နယ်တို့တွင် အသွင်ပြောင်း ပိုလီယိုပိုးကူးစက်မှု ပြတ်တောက်နိုင်ရန် ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေး ခြင်း ဖြစ်သည်။

အဆိုပါ အသွင်ပြောင်း ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းကို ဇူလိုင်လ ၇ ရက်မှ စတင်ခဲ့ပြီး သြဂုတ်လ ၆ ရက်အထိ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အသွင်ပြောင်း ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးရသည့် အသက် ၅ နှစ်အောက် ကလေးများမှာ သထုံမြို့နယ် တွင် ၁၅၇၀၈ ဦး၊ ဘီးလင်းမြို့နယ်တွင် ၁၈၅၁၄ ဦးနှင့် ကျိုက်ထိုမြို့နယ်တွင် ၂၄၃၂၅ ဦးရှိကြောင်း သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

“ဒီရောဂါ (အသွင်ပြောင်း ပိုလီယို) ဆိုတာ သိလိုက်တဲ့အတွက် အရေးကြီး လာတယ်။ မစင်ကနေတစ်ဆင့် ရောဂါပျံ့ နှံ့ပြီး အခြားကလေးတွေကို ကူးစက်သွား နိုင်တယ်။ ကူးစက်ခံရနိုင်တယ်လို့ ယူဆရတဲ့ နေရာတွေကို ကာကွယ်ဆေး တိုက်ကျွေး သွားမှာပါ”ဟု သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသင်းသင်းအိက ပြောသည်။

အသွင်ပြောင်း ပိုလီယို ကာကွယ် ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို မွန်ပြည်နယ်တွင် ၃ မြို့နယ်၊ ကရင်ပြည်နယ် တွင် ၇ မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး တွင် ၂ မြို့နယ်တို့မှ စုစုပေါင်း ကလေး ၃ သိန်းခန့်ရှိပြီး  ရောဂါပိုးတွေ့ရှိသည့် ဖာပွန်မြို့ နယ်တွင် အသက် ၁၅ နှစ် အောက်ထိ ကလေးများအား တိုက်ကျွေး သွားမည်ဖြစ်ကြောင်း ဒေါက်တာသင်းသင်းအိက ပြောသည်။

မြန်မာနိုင်ငံတွင် ပိုလီယိုရောဂါ ကင်းစင်ကြောင်းကို ၂၀၁၄ ခုနှစ်က ကြေညာခဲ့ပြီး ထိုနှစ်မှစ၍ ရောဂါဖြစ်ပွား သူမရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဇွန်လ မှသာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် ရောဂါပိုး ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ယဉ်စနိုင်း