ကော့သောင်း ရေလုပ်သား လက်ဝှေ့ကစားသမားများကို ကုန်းပေါ် အလုပ်ပေးမည်

0
502

ကော့သောင်းမြို့နယ်ရှိ  ရေလုပ်ငန်း လုပ်ကိုင်နေသည့် လက်ဝှေ့ကစားသမားများကို ကုန်းပေါ်တွင် အလုပ်ရရှိရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် လက်ဝှေဆပ်ကော်မတီထံမှ သိရသည်။

ကော့သောင်းမြို့နယ်ရှိ အမျိုးသား လက်ဝှေ့အားကစားသမားအများစုမှာ ငါးဖမ်းလှေနှင့် ကင်းမွန်မီးထွန်းလှေများ တွင် ၀င်ရောက်လုပ်ကိုင်နေကြကြောင်း အထက်ပါကော်မတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ပြောသည်။

ရေလုပ်ငန်းလုပ်ကိုင်နေသော လက်ဝှေ့အားကစားသမားများအနေဖြင့် လေ့ကျင့်ရေး အစီအစဉ်တွင် ယခင်ထက် အချိန်ပေး လေ့ကျင့်နိုင်ရန်အတွင် ယင်း ကဲ့သို့ စီစဉ်ထားခြင်းဖြစ်ကြောင်း ဦးအောင်ရွှေက ပြောသည်။

“ရေလုပ်သားတွေဆိုတာက ပင်လယ်ထဲထွက်သွားရင် လာချင်တဲ့အချိန်လာလို့ မရကြဘူးလေ။ အဲဒါကြောင့် လက်ဝှေ့ ဆပ်ကော်မတီမှာပါတဲ့ ကုန်းပေါ်က လုပ်ငန်းရှင်တွေဆီမှာ အလုပ်ထည့်ပေး မယ်ဆိုပြီး စီစဉ်ထားတယ်”ဟု ၎င်းက ဆို သည်။

ယင်းအစီအစဉ်ကို ဇူလိုင်လနှင့် သြဂုတ်လတို့တွင် စတင်အကောင်ထည် ဖော်မည်ဖြစ်ပြီး လုပ်ခလစာကိုလည်း လက်ဝှေ့ဆပ်ကော်မတီ တာဝန်ရှိသူများ နှင့် ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ကော့သောင်းမြို့တွင် လက်ဝှေ့လေ့ကျင့်ရေးရုံတစ်ခုရရှိလာ စေရန်အတွက်လည်း ဆောင်ရွက်နေ ကြောင်း ၎င်းက ပြောသည်။

ယင်းအားကစားရုံအတွက် မြေနေရာလည်း အဆင့်သင့်ရှိနေပြီး တိုင်းအစိုးရ အဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာရေး ၀န်ကြီးထံတွင် လက်ဝှေ့လေ့ကျင့်ရေးရုံ ဆောက်လုပ်ပေးရန်လည်း နှုတ်ဖြင့်တောင်း ဆိုထားပြီးဖြစ်ကြောင်း ကော့သောင်းမြို့နယ် လက်ဝှေ့ဆပ်ကော်မတီထံမှ သိရ သည်။

Dawei Watch