တရားဝင် မှတ်ပုံမတင်ထားသည့် ကျားအင်္ဂါကြီးထွားဆေးများ သုံးစွဲရန် မသင့်ကြောင်း ကြေညာ

0
1339

ဈေးကွက်အတွင်း ရောင်းချနေသည့် ကျားအင်္ဂါကြီးထွားစေသည် ဆိုသည့် ဆေးများမှာ မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် အတွက် ဘေးအန္တရာယ်ကင်းရှင်းမှု မရှိ ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

လိင်အင်္ဂါကြီးထွားစေသည်ဆိုသည့် နိုင်ငံခြားထုတ် အဆိုပါ လိမ်းဆေး၊ သောက်ဆေးများကို သုံးစွဲပါက ဘေးအန္တရာယ် ကင်းရှင်းမှုမရှိကြောင်း အထက်ပါ ဌာနက ပြီးခဲ့သည့် ဇွန်လအတွင်း ထုတ် ပြန်ခဲ့သည်။

Manmax အမှတ်တံဆိပ်လိမ်းဆေး နှင့် သောက်ဆေး၊ JO အမှတ်တံဆိပ် လိမ်းဆေး၊ Formula 41 အမှတ်တံဆိပ်သောက်ဆေး၊ ကာမစိတ် ကြွစေသည်ဆိုသည့် Dr.X 100 အမှတ် တံဆိပ်သောက်ဆေး အစရှိသည့် ဆေးများ ကို သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းတွင် အဆိုပါဆေးများကို အွန်လိုင်းမှတစ်ဆင့် ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့များရှိ ရောင်းချသူများထံမှ ၀ယ်ယူသူများ ရှိနေသည်။

အဆိုပါဆေးများမှာ ကျပ်သုံးသောင်း ၀န်းကျင်မှ ခုနစ်သောင်းဝန်းကျင်အထိ ဈေးအမျိုးမျိုး ရှိသည်။

တရားဝင်မှတ်ပုံတင်ထားခြင်းမရှိ သည့် အဆိုပါဆေးများမှာ အရည်အသွေး စိတ်ချရမှုမရှိသည့် အတွက် မသုံးစွဲသင့် ကြောင်း တိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

“စိတ်ချရမှုမရှိလို့ မသုံးစွဲသင့်ဘူး၊ အတုလည်း ဖြစ်နိုင်ခြေ ရှိတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

အွန်လိုင်းရှော့ပင်းအများစုက အဆိုပါ ဆေးများကို အမေရိကန်နိုင်ငံ သို့မဟုတ် အိန်္ဒိယနိုင်ငံ ထုတ်ဖြစ်သည့်အတွက် ယုံကြည်စိတ်ချရကြောင်း ကြော်ငြာရောင်းချနေမှုများ ရှိသည်။

Dawei Watch