လောင်းလုံး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကို ဒေသခံတစ်ဦး တိုင်ကြား

0
1140

လောင်းလုံးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်စန္ဒီကို မြေယာ ကိစ္စတစ်ခုနှင့် ပတ်သက်ပြီး အာဏာရှင် ဆန်ဆန်ပြုမူသည်ဟုဆိုကာ  ပြည်ထောင်စုလွှတ်တော်နာယကထံ ဇူလိုင်လ ၁၅ ရက်က ဒေသခံတစ်ဦးက တိုင်ကြားလိုက်သည်။

လောင်လုံးမြို့နယ် ရေဖြူကျေးရွာ ဇာတိဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန္ဒီကို ယင်းကျေး ရွာအုပ်စုရှိ ကဒက်ငယ်ထိန် ကျေးရွာမှ ဦးဝင်းစိန်က တိုင်ကြားထားခြင်း ဖြစ်သည်။

ကဒက်ထိန်တောင် ဘုန်းကြီးကျောင်းတွင် ဇူလိုင်လ ၈ ရက်က ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် တိုင်ကြားသူ ဦးဝင်းစိန်နှင့် ယင်းဘုန်းကြီးကျောင်း ဂေါကပအဖွဲ့အကြား အငြင်းပွားမှုဖြစ် နေသည့် မြေယာပြဿနာတစ်ခုကို ဒေါ်ခင်စန်္ဒီအား ဒေသခံများက ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း တိုင်ကြားသူထံမှ သိရသည်။

ယင်းကဲ့သို့ဖြေရှင်းပေးရန်တောင်း ဆိုသဖြင့် ဒေါ်ခင်စန်္ဒီမှ အငြင်းပွားမြေကိစ်္စ ကိုမေးမြန်းရာ ဂေါပကအဖွဲ့၏ပြောကြားချက် များကိုသာ တစ်ဖက်သတ်နားထောင်ပြီး ဦးဝင်းစိန်က ပြန်လည်ရှင်းလင်းသည့် အချိန်တွင် ရှင်းပြခွင့်မပြုဘဲ မိုက်ကို လုယူခဲ့ကြောင်း ဦးဝင်းစိန်က ပြောသည်။

“ဒီဘက်ခြမ်းက ရှင်းပြတဲ့အချိန် ကျတော့ ရှင်းပြခွင့်မပေးဘဲနဲ့ မိုက်ခွက်ကို သူ(ဒေါ်ခင်စန္ဒီ)က လုသွားတာ”ဟု ဦးဝင်းစိန်က ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ယင်းကဲ့သို့ပြုမူခြင်း သည် အာဏာရှင်ဆန်ဆန်ပြုမှုခြင်းဖြစ် နေသဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေါ်ခင်စန်္ဒီကမူ ယင်းနေ့အစည်း အဝေးကို အဆိုပါမြေယာပြဿနာအား ဖြေရှင်းရန်သွားရောက်ခြင်းမဟုတ်ဘဲ ဒေသခံ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်မည့်ကိစ္စ ဒေသခံများနှင့် သွားရောက်တွေ့ဆုံခြင်းသာဖြစ်ကြောင်း ပြောသည်။

ယင်းအပြင် မိုက်ခွက်ကိုလည်း လုယူခြင်းမျိုးမဟုတ်ဘဲ မြေယာပြဿနာ အငြင်းပွားနေသူနှစ်ဘက်အကြား ပြဿနာ တက်ကာ ခိုက်ရန်ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ထိန်းသိမ်းလိုက်ခြင်းသာဖြစ်ကြောင်း ဒေါ်ခင်စန္ဒီက ပြောသည်။

“မိုက်လုတယ်ဆိုတဲ့ ကိစ္စမှာ သူတို့ အချင်းချင်းက ဟိုလူကထပြော၊ ဒီလူက ထပြောဆိုတော့ မိုက်ကိုယူလိုက်တာ။ တစ်ယောက်မှ မပြောကြနဲ့။ ဒီပြဿနာ ကို ကျွန်မသွားရှင်းတာလည်း မဟုတ် တာကို” ဟု ၎င်းက ဆိုသည်။

တိုင်ကြားသူဦးဝင်းစိန်နှင့် ဂေါပက အဖွဲ့တို့အကြားဖြစ်ပွားနေသည့် မြေယာ ပြဿနာမှာ လောင်းလုံးမြို့နယ် လယ်ယာ မြေစီမံခန်ခွဲရေး အဖွဲ့ကအစည်းအဝေးဆုံး ဖြတ်ချက်အတိုင်း ဖြေရှင်းပေးပြီးသည့် ကိစ္စဖြစ်ကြောင်း လယ်ယာမြေနှင့် စာရင်း အင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ထွေးက ပြောသည်။

ယင်းအငြင်းပွားနေသည့် မြေယာမှာ သစ်တောဦးစီဌာနမှ စီမံပိုင်ခွင့်ရှိသည့် မြေ ၂၈ ဧကဖြစ်ပြီး ယင်းမြေနေရာကို ဒေသခံအချို့က သာသနာပိုင်မြေဟု ယူဆနေကြကြောင်း ဦးအောင်ထွေးက ရှင်းပြသည်။

ယင်းမြေ ၂၈ ဧကအနက် ၇ ဧကမှာ လွန်ခဲ့သည့် ၁၄ နှစ်ကတည်းက ဦးဝင်းစိန် ကလုပ်ကိုင်နေဖြင့် သစ်တောမြေမှချန် လှပ်ကာ ဥပဒေအတိုင်း ဆက်လက်လျှောက် ထားခွင့်ပြုရန် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး အစည်းအဝေးတွင် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျေးရွာ လယ်စီအဖွဲ့ကို အဲဒီ (အငြင်းပွား)မြေကို စိစစ်ခိုင်းပြီးတော့ သူတို့တင်ပြလာတဲ့အတိုင်း ကျွန်တော်တို့က ဆုံးဖြတ်ထားတာပါ” ဟု ၎င်းက ဆိုသည်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က ယင်းကဲ့သို့ဆုံးဖြတ်ထားပြီးဖြစ် ကြောင်း ဦးဝင်းစိန်မှ ရွာသားများနှင့် ဒေါ်ခင်စန္ဒီအား ရှင်းပြရန်ကြိုးစားစဉ် ဒေါ်ခင်စန္ဒီမှာ မိုက်လုလိုက်သဖြင့် ပြည် ထောင်စု လွှတ်တော်အထိတိုင်ကြားသည့် ကိစ္စ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ဦးဝင်းစိန်က ပြောသည်။

Dawei Watch