တီလားဗီးယားငါးသားပေါက် ဖောက်လုပ်မှုနှင့် ၀ယ်လိုအား မမျှ

0
1242

တီလားဗီးယားငါးမွေးမြူသူ တစ် နှစ်ထက်တစ်နှစ် များပြားလာသောကြောင့် ထုတ်လုပ်နိုင်သည့် ငါးသားပေါက်ကောင်ရေနှင့် ၀ယ်လိုအား မမျှဘဲဖြစ်နေကြောင်း ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာ တစ်နိုင်တစ်ပိုင်ငါးသားဖောက်စခန်းတွင် ငါးသားဖောက် လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်လွင်က ပြောသည်။

တီလားဗီးယား ငါးမွေးမြူရေး လုပ်ငန်းကို စိတ်ဝင်စားသူ တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာသည့်အတွက် ငါးသားပေါက် လိုအပ်ချက်လည်း တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာကြောင်း ဦးဇော်လွင်က ဆိုသည်။

ပြီးခဲ့သည့်နှစ်က ငါးသားပေါက် ကောင်ရေ ငါးသောင်းခန့် မှာယူမှုရှိခဲ့ သော်လည်း အကောင်ရေ သုံးသောင်းခွဲခန့်သာ ရောင်းချနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ်တွင် ငါးရှားသည့်အတွက် ငါးသားပေါက် ကောင်ရေ တစ်သိန်းခန့် မှာ ယူထားသော်လည်း ငါးသားပေါက် မွေးကန် အခက်အခဲကြောင့် အကောင်ရေ နှစ်သောင်းခွဲခန့်သာ ရောင်းပေးနိုင်မည် ဖြစ်ကြောင်း ဦးဇော်လွင်က ပြောသည်။

“တီလားဗီးယားက မွေးရလွယ် တော့ တစ်နှစ်ထက်တစ်နှစ်မှာ မွေးသမားများလာတယ်။ အခက်အခဲက ငါးကန်လုပ်ဖို့အတွက် မြေယာပြဿနာပဲ”ဟု ၎င်းက ဆိုသည်။

ငါးသားပေါက်ကန် ထပ်တိုးချဲ့ရန် မြေနေရာမရှိတော့ခြင်းကြောင့် လုပ်ငန်းတိုးချဲ့ရန် အခက်တွေ့နေကြောင်း ဦးဇော်လွင်က ဆိုသည်။

ထားဝယ်ခရိုင်တွင် ငါးသားဖောက် စခန်းသုံးခု ဖွင့်လှစ်ထားသော်လည်း ဇဟာကျေးရွာသားဖောက်စခန်း တစ်ခုသာ ငါးသားပေါက်များကို အဓိက ဖောက်လုပ် နေကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့တိုင်းမှာက မတ်လ လောက်ဆို ရေရှားတဲ့ပြဿနာ ရှိတယ်၊ ငါးသားဖောက်လုပ်ငန်းကလည်း ရေနဲ့ မြေနေရာရှိမှ လုပ်ဖို့အဆင်ပြေတာ၊ နည်းပညာနဲ့ မျိုးငါး(ငါးမျိုးစိတ်) လိုချင် ရင်တော့ ကူညီပေးလို့ရတယ်။ ရေနဲ့မြေ နေရာအတွက်ကျ ဌာနက မကူညီပေးနိုင် ဘူးပေါ့” အထက်ပါဌာနမှ ဦးစီးအရာရှိ ဦးစိုးသန့်က ပြောသည်။

တနင်္သာရီတိုင်းတွင် ငါးသားပေါက် စခန်းငါးခုရှိသော်လည်း ဇဟာကျေးရွာ မှအပ အခြားငါးသားဖောက်စခန်းများ တွင် လုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားမှု အားနည်းနေသေးကြောင်း ဦးစိုးသန့်က ပြောသည်။

မိုးမြင့်