နွေစပါးအတွက် ဆောက်ထားသည့် ရေထိန်းတံခါးကြောင့် မိုးစပါးများ ပျက်စီး

0
950
ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်မြို့နယ် ခမောင်းလှချောင်းတွင် နွေစပါးစိုက်ပျိုးရန်အတွက် ဆောက်လုပ်ထားသော ရေထိန်းတံခါးကြောင့် မိုးစပါးများ နှစ်စဉ်ပျက်စီးနေကြောင်း ဒေသခံလယ်သမား တချို့ထံမှ သိရ သည်။

မိုးသည်းထန်စွာ ရွာသွန်းသည့် အချိန်နှင့် ဒီရေတက်သည့် အချိန်တို့ တိုက်ဆိုင်သည့် အခါ ခမောင်းလှချောင်းတွင် ဆောက်ထားသည့် ရေထိန်းတံခါး အထက်ဘက်ရှိ လယ်များ နှစ်စဉ်ရေလွှမ်း ပြီး စပါးပင်များ ပျက်စီးလေ့ရှိကြောင်း မောင်မယ်ရှောင် ကျေးရွာရှိ လယ်သမား တချို့က ပြောသည်။

ယင်းရေထိန်းတံခါးကို မောင်မယ် ရှောင်နှင့် ဇဟာကျေးရွာအကြားရှိ လယ်မြေများ နွေစပါးစိုက်ပျိုးရေးအတွက် ရေသိုလှောင်ရန် ရည်ရွယ်ကာ လွန်ခဲ့သော ဆယ်နှစ်ကျော်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

တောင်ကျချောင်းရေအတိုင်း မျောပါ လာသည့် အမှိုက်များက ၎င်းရေထိန်း တံခါး၏ ရေလွှတ်တံခါးရွက်တွင် ပိတ်ဆို့ နေခြင်း၊ ရေထိန်းတံခါးမှာ လိုအပ်သည် ထက်ပိုမြင့်နေခြင်းတို့ကြောင့် ချောင်းရေမှာ ရေတံခါးဖွင့်ထားသော်လည်း စီးဆင်းနိုင်ခြင်း မရှိဘဲ ရေထိန်းတံခါး အထက်ပိုင်း လယ်များဘက်သို့ စီးဝင်ကာ စပါးပင်များ ရေလွှမ်းပျက်စီးရကြောင်း ဒေသခံလယ်သမား တချို့က ပြောသည်။

ယခုနှစ် ဇွန်လ နောက်ဆုံးအပတ်ကလည်း ယင်းကဲသို့ ရေလွှမ်းမှုကြောင့် လယ်အချို့မှ စိုက်ပျိုးထားသော စပါးပင်များ သေဆုံးသွားကြောင်း အဆိုပါရေကာတာ အထက်ဘက် ခမောင်းလှချောင်း နဘေးရှိ လယ်သမား ကိုအောင်ကိုဦးက ပြောသည်။

“ရေကာတာကရေလျှံလာရင် ကျွန်တော်တို့လယ်ထဲပဲ ရောက်စရာရှိတယ်လေ။ ကျွန်တော်ဆိုရင် လယ်လုပ်ချင်စိတ်တောင် မရှိတော့ဘူး။ စပါးသေရင် ပြန်ပြန်စိုက် နေရလို့”ဟု ကိုအောင်ကိုဦးက ဆိုသည်။

ရေတံခါးဆောက်ပြီးသည့်အချိန်ကတည်းက ရေတံခါးအထက်ဘက်ရှိ လယ်ဧက ၄၀၀ ခန့်မှာ ရေလွှမ်းခြင်း ဒဏ်ကိုနှစ်စဉ် ရင်ဆိုင်နေကြရပြီး လက်ရှိတွင် လယ်ဧကအချို့ကို  စိုက်ပျိုး ကြခြင်းမပြုတော့ကြောင်း လယ်သမားတို့က ပြောကြသည်။

လက်ရှိတွင် ခမောင်းလှချောင်းမှ ရေလွှမ်းခြင်းကြောင့် မောင်မယ်ရှောင်ကျေးရွာတစ်ရွာတည်းတွင်ပင် စိုက်ပျိုး ခြင်းမပြုတော့ဘဲ ပစ်ထားသည့်လယ် ဧက ၁၅၀ ၀န်းကျင်ရှိကြောင်း မောင်မယ်ရှောင် ကျေးရွာမှ ဦးတင်ကွိုင်က ပြောသည်။

လယ်ငါးဧကကျော် ပိုင်ဆိုင်သည့် မောင်မယ်ရှောင်ကျေးရွာမှ ရွာသား တစ်ဦးကလည်း ၎င်းလယ်များ နှစ်စဉ် ရေလွှမ်းနေသဖြင့် မိုးစပါးမစိုက်တော့ဘဲ ပစ်ထားသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်း ပြောသည်။

“စိုက်ပြီး စားလည်းမစားရဘူး ဆိုတော့ ပစ်ထားတာ”ဟု ၎င်းက ဆိုသည်။

ရေထိန်းတံခါး အနီးရှိ ဇဟာ ကျေးရွာတွင်လည်း လယ်ဧက ငါးဆယ် ခန့် ရေလွှမ်းမှုဒဏ်ကို နှစ်စဉ်ကြုံနေရကာ စပါးပင်များ ပျက်စီးနေကြောင်း ဇဟာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ပြောသည်။

ရေလွှမ်းခြင်းခံရသဖြင့် မိုးစပါးမစိုက်နိုင်သည့်  လယ်ပိုင်ရှင် အားလုံး၏ တူညီသော လိုလားအချက် တစ်ခုမှာ ခမောင်းလှ ချောင်း ရေစီးရေလာ ကောင်းမွန်ရေး အတွက် ရေထိန်းတံခါး ပြန်လည်ပြင်ဆင် ပေးရေး ဖြစ်သည်။

ရေထိန်းတံခါးတစ်ခုကို ပြန်လည် ပြုပြင်ရန်မှာ ဥပဒေဖြင့် သတ်မှတ်ထား သောကြောင့် ပြင်ဆင်ရန်ခက်ခဲကြောင်း ထားဝယ်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစံရွှေဦးက ပြောသည်။

ရေစီးရေလာကောင်းမွန်ရေး အတွက် လည်း ယင်းရေထိန်းတံခါးရှိ ရေလွှတ် တံခါးရွက် ၁၄ ရွက်တွင် ၁၂ ရွက်ကို မိုးရာသီတွင် အမြဲဖွင့်ပေးထားပြီး အမှိုက်ဆယ်ရန်အတွက်လည်း နေ့စားဝန်ထမ်း တစ်ဦးခန့်ထားကြောင်း ဦးစံရွှေဦးက ပြောသည်။

သို့သော် တောင်ချရေအတိုင်း မျောပါ လာသည့် အမှိုက်မှာ အမြောက်အမြား ဖြစ်သောကြောင့် ယင်းအမှိုက်များကို မိုးရာသီတွင် ရေလွှတ် တံခါးရွက်များတွင် မပိတ်ဆို့စေရန်  မလုပ်ဆောင်နိုင်သေး ကြောင်း ၎င်းက ပြောသည်။

“ဒီရေထိန်းတံခါးကြောင့် ရေမလွှမ်း မှုမရှိဘူးလားဆိုရင် ရှိပါတယ်။ ဒါပေမယ့် အရင်နှစ်တွေကထက်စာရင်တော့ ရေလွှမ်းမိုးမှု နည်းလာတာတော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ရေလွှမ်းမိုးမှုနည်းပါးလာစေရန် ခမောင်းလှချောင်းအနီးရှိ ချောင်းများကို ရေစီး၊ ရေလာကောင်းမွန်စေရန် တူးဖော် ပေးထားကြောင်း ဦးစံရွှေဦးက ပြောသည်။

ထားဝယ်မြစ်အတွင်းမှ ဒီရေတက် လာပါက နုန်းများမှာ ယင်းချောင်းအတွင်း ကျန်နေလေ့ရှိသဖြင့် ယင်းချောင်းများကို ဖောက်ပေးထားသည်မှာလည်း ရေရှည် အတွက်အဆင်မပြေကြောင်း မောင်းမယ် ရှောင်ကျေးရွာမှ ဦးတင်ကွိုင်က ထောက်ပြသည်။

“အခုဖောက်ထားတဲ့ချောင်းတွေ အလွန်ဆုံးသုံးနှစ်ပေါ့။ ဒီရေနဲ့ နုန်းတွေ ပါလာရင် အရင်အတိုင်းပဲပြန်ဖြစ်မှာ”ဟု ၎င်းက ဆိုသည်။

ရေထိန်းတံခါးတွင် အမှိုက်များ ပိတ်ဆို့မနေစေရန်အတွက် ၆ ပေသာ အကျယ်ရှိသော ရေလွှတ်တံခါးရွက် ၁၄ ရွက်အစား ၁၂ ပေအကျယ်ကို ပြောင်းပြီး တံခါးရွက် ၇ ရွက်သာ တပ်ဆင်ရန် အကြံပြုထားကြောင်း ဦးတင်ကွိုင်က ပြောသည်။

ထားဝယ်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစံရွှေဦးကမူ အမှိုက်များကို ထိန်းနိုင်ရန်အတွက် လောလောဆယ်တွင် ယင်းရေထိန်းတံခါး အထက်ပိုင်း ချောင်းတစ်နေရာ၌ အမှိုက်ကာတန်း တစ်ခုဆောက်လုပ်ရန် နည်းလမ်းတစ်ခု သာရှိပြီး ရေထိန်းတံခါးရွက်များ ပြင်ဆင်ရန် မဖြစ်နိုင်သေးကြောင်း ပြောသည်။

ခမောင်းလှချောင်းရှိ ရေထိန်းတံခါး ကို မောင်မယ်ရှောင်နှင့် ဇဟာရွာရှိ လယ်မြေများ နွေစပါးစိုက်ပျိုးရန်အတွက် ဆောက်လုပ်ထားသည်ဟုဆိုသော်လည်း လွန်ခဲ့သော ခုနစ်ခန့်မှစပြီး မောင်မယ် ရှောင်ရွာသားများအားလုံး နွေးစပါးမစိုက် ပျိုးကြတော့ကြောင်း ဦးတင်ကွိုင်က ပြောသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်က ရေထိန်းတံခါး စဆောက်စဉ်ကမူ မောင်မယ် ရှောင်နှင့် ဇဟာရွာတွင် စုစုပေါင်း နွေစပါးစိုက်ဧက ၆၀၀ ၀န်းကျင်ခန့်ရှိ သော်လည်း လက်ရှိတွင် ဇဟာကျေးရွာ တစ်ရွာတွင်သာလျှင် နွေစပါးစိုက်နေပြီး လယ်ဧက ၁၃၀ ၀န်းကျင်ရှိကြောင်း ကျေးရွာသားအချို့ထံမှ သိရသည်။

“လယ်သမားတွေ အော်ကြတာ လည်း မှန်ပါတယ်။ ဒီနွေစပါး ဧက တစ်ရာလောက်အတွက် အခြားလယ်တွေ အမြောက်အမြား ဒုက္ခဖြစ်နေကြရတယ်”ဟု ဦးတင်ကွိုင်က ဆိုသည်။

၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဆည်မြောင်း ဥပဒေပုဒ်မ ၁၁ တွင်မူ တာဝန်ပေးအပ်ခံရသော တိုင်း/ခရိုင်/ မြို့နယ် ဆည်မြောင်းအရာရှိများသည် ဆည်မြောင်း(ရေတံခါး)အတွင်း ရေစီး ရေလာကောင်းမွန်စေရန်  အဟန့်အတား ဖြစ်စေသည့် အရာဝတ္ထုများကို ဖယ်ရှား ရှင်းလင်းခြင်း၊ ရေသွင်း၊ ရေထုတ် တံခါး များ၊ ရေပိုလွှဲနှင့် ယင်းတွင် တပ်ဆင်ထား သော ရေတံခါး၊ ရေတံခါးရွက်များ စစ်ဆေးပြုပြင်ခြင်းတို့ ဆောင်ရွက်ရမည်ဟု ဖော်ပြပါရှိသည်။

Dawei Watch