ကြက်ပေါင်ချောင်းရွာ သတ္တုမိုင်းကိစ္စ ကွင်းဆင်းစစ်ဆေးမှု အစီရင်ခံစာအရ ကိုင်တွယ်မည်

0
923

မေတ္တာမြို့၊ ဟိန္ဒားကျေးရွာအုပ်စု ရှိ ကြက်ပေါင်ချောင်းရွာတွင် သတ္တုမိုင်း ကြောင့် ချောင်းရေညစ်ညမ်းမှုအား စစ်ဆေး အရေးယူပေးရန်ဒေသခံများ တောင်းဆိုထားသည့်အပေါ် ကွင်းဆင်းစစ်ဆေးမှု အစီရင်ခံစာအရ ကိုင်တွယ်မည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးလှထွေးက ပြောသည်။

ကြက်ပေါင်ချောင်းကျေးရွာ အထက်ဘက်ရှိ ဇော်ဖိုးလ လုပ်ကွက်တွင် သတ္တုတူးဖော်ထုတ်လုပ်နေသည့် တောင် ပိုင်းကမ္ဘာကုမ္ပဏီ၏ စွန့်ပစ်မြေစာများနှင့် သတ္တုထုတ်လုပ်ရာတွင် အသုံးပြု သည့် အပြင်းစားအက်စစ်နှင့် ဓာတုဆေးဝါး များကို ကျေးရွာသားများ အဓိက အသုံးပြု နေသည့် ဖွတ်လက်တိုချောင်းအတွင်းသို့ ကျရောက်နေကြောင်း ဒေသခံများက တင်ပြထားသည်။

ဇူလိုင်လ ၅ ရက်က ဒေသခံ သုံးဆယ်ကျော် လက်မှတ်ရေးထိုးထားသည့်စာကို တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် သယံ ဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထံ လိပ်မူပေးပို့ထားသည်။

ဒေသခံများ တင်ပြလာသည့်အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့က ကွင်းဆင်းစစ်ဆေးထားပြီး စစ် ဆေးတွေ့ရှိချက်အစီရင်ခံစာကို  ၎င်းထံ တင်ပြရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ဆိုသည်။

အစီရင်ခံစာအရ ပတ်ဝန်းကျင်ထိခိုက်နိုင်သည့်အနေအထား၊ ဒေသခံထိခိုက်နိုင်သည့်အနေအထားများရှိပါက ကုမ္ပဏီကို ပြုပြင်ခိုင်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အစီရင်ခံစာအပေါ်မှာပဲ မူတည်မယ် အဓိကကတော့လေ။ လိုအပ်တဲ့ဟာကို သူတို့လိုက်နာဆောင်ရွက်စေခိုင်းမယ့် အနေအထားမျိုးရအောင်တော့ ဆက်လုပ် ရမှာပေါ့”ဟု ၀န်ကြီးဦးလှထွေးက ဆိုသည်။

ချောင်းရေနောက်ခြင်း၊ ရေညစ်ညမ်း ခြင်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးက ကုမ္ပဏီသို့ သွားရောက်ပြောဆို သော်လည်း ကုမ္ပဏီမန်နေဂျာက ညှိနှိုင်းဖြေရှင်းပေးခြင်း မရှိကြောင်း တိုင်းအစိုးရ ထံ တင်ပြစာအရ သိရသည်။

ကြက်ပေါင်ချောင်းရွာသားများသည် သောက်သုံးရေအတွက် ချောင်းရေကို သာအဓိက အားထားနေရသဖြင့် အခက် အခဲများစွာကြုံတွေ့နေရသည်ဟု တိုင်းအစိုးရအဖွဲ့သို့ စာပို့တောင်းဆိုရာတွင် ပါဝင်သည့် ကြက်ပေါင်ချောင်းရွာသား တစ်ဦးက ပြောသည်။

တောင်ပိုင်းကမ္ဘာ ကုမ္ပဏီသည် ယခုနှစ် ဧပြီလ ၀န်းကျင်မှ စတင်၍ သတ္တုလာရောက်တူးဖော်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

သတ္တုတူးဖော်နေသည့် နေရာတွင် တောင်ပိုင်းကမ္ဘာကုမ္ပဏီ အမည်နှင့် ပိုင်ရှင်အမည်၊ လုပ်ကွက်အမည်၊ ကုမ္ပဏီ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရန် ဖုန်းနံ ပါတ်၊ ခွင့်ပြုမိန့်အမှတ်၊ ခွင့်ပြုသက်တမ်း စသဖြင့် အချက်အလက်များ ပါဝင်သည့် ဆိုင်းဘုတ်တစ်ခုကို စိုက်ထူထားကြောင်း အထက်ပါဒေသခံက ဆိုသည်။

ဒေသခံများက တိုင်းအစိုးရအဖွဲ့ထံတင်ပြသည့်စာတွင် အထက်ပါဆိုင်း ဘုတ်ဓာတ်ပုံကိုပါ ပူးတွဲ တင်ပြခဲ့သည်။

ဒေသခံများ တင်ပြခဲ့သည့် ဓာတ်ပုံပါ ဆိုင်းဘုတ်အရ တောင်ပိုင်းကမ္ဘာကုမ္ပဏီ သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် မှ ၂၀၁၉ ခုနှစ် မေလ ၁ ရက်အထိ မြေ ၄၉ ဧကတွင် အသေးစား ခဲမဖြူ၊ အဖြိုက် နက်နှင့် ရောရာသတ္တု ထုတ်လုပ်ခွင့်ရရှိ ထားသည်။

ယင်းဆိုင်းဘုတ်အရ တောင်ပိုင်းကမ္ဘာ သတ္တုတူးဖော်ရေးကုမ္ပဏီသည် သတ္တုတူးဖော်ခွင့် သက်တမ်းကုန်ဆုံးနေပြီဖြစ်သည်။   

Dawei Watch

ကြက်ပေါင်ချောင်းရွာတွင် သတ္တုမိုင်းကြောင့် ချောင်းရေညစ်ညမ်းမှု အရေးယူပေး ရန် ဒေသခံများတောင်းဆိုhttp://www.daweiwatch.com/2019/07/10/news/19232