အေးရိပ်ငြိမ်တွင် လမ်းဘေးရေမြောင်း တူးရန်နှင့် တံတားဆောက်ရန် ရန်ပုံငွေ တောင်းခံထား

0
723

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ် ကွက်အတွင်းရှိ ပေါ်ဦးအောက်လမ်းတွင် လမ်ဘေးမြောင်းတူးဖော်ရန်နှင့် တံတား ၂ စင်း တည်ဆောက်ရန် တိုင်းစည်ပင် သာယာရေးအဖွဲ့ထံ ဘတ်ဂျက် တောင်းခံထားကြောင်း ကော့သောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

ယင်းလမ်းရှိ ရေမြောင်းများ တိမ်ခြင်း၊ ရေပြွန်ပိုက်များမှာ အပေါက်ငယ်သဖြင့် အမှိုက်ဆို့ခြင်းတို့ကြောင့် မိုးတွင်း၌ ရေစီးမကောင်းခြင်း၊ လမ်းရေကျော်ခြင်း တို့ ဖြစ်ပေါ်နေကြောင်း ဦးတင်မြင့်က ပြောသည်။

“လာမယ့်ဘတ်ဂျက်မှာ တောင်းထား တာရှိတယ်၊ ဘတ်ဂျက်ကျလာရင် လုပ်မယ်ပေါ့” ဟု ဦးတင်မြင့်က ပြောသည်။

ယင်းလမ်းရေမြောင်းမှာ အေးရိပ် ငြိမ်ရပ်ကွက်တစ်ခုလုံးမှ စီးလာသည့် ရေများ ပါချန်မြစ်အတွင်း စီးဆင်းသည့် နောက်ဆုံးပင်မရေမြောင်းဖြစ်ပြီး မိုးရွာ များချိန်နှင့် ဒီရေတက်ချိန်ဆုံလျှင် မြောင်း ရေလျှံကာ လမ်းရေကျော်လေ့ရှိကြောင်း အေးရိပ်ငြိမ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြူစိန်က ပြောသည်။

“ပင်မရေမြောင်းက အဲဒီ တစ်မြောင်းပဲ ရှိတယ်ပေါ့။ မြောင်းတူးမယ်ဆိုရင်တော့ (ရပ်ကွက်ထဲမှာ)တူးစရာ အများကြီး ရှိတယ်”ဟု ဦးကြူစိန်က ပြောသည်။

ထိုရပ်ကွက်အတွင်းရှိ အိမ်ရှေ့၌ ရေမြောင်းမရှိသည့် လမ်းများရှိ နေအိမ်များအား မြို့နယ်စည်ပင်ရုံးသို့ ခေါ်ယူကာ ရေမြောင်းတူးဖော်ရေး ဆွေးနွေးညှိနှိုင်း သွားမည်ဟု ကော့သောင်းမြို့နယ်စည် ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

ယခင်နှစ်က စည်ပင်သာယာရေး ဘတ်ဂျက်ဖြင့် ရွှေစင်ယော်ရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် တံတား ၄ စီးနှင့် ရေမြောင်းတူးဖော်ခြင်း များလုပ်ဆောင်ခဲ့ကြောင်း လုပ်ဆောင်ခဲ့ကြောင်း ဦးတင်မြင့်က ပြောသည်။

Dawei Watch