ထားဝယ်တွင် သစ်သားမီးတိုင် လေးထောင်ကျော်နှင့် မီးကြိုးအရှည် ပေပေါင်းငါးသိန်းကျော် လဲလှယ်ရန် GGS တင်ပြ

0
902

ထားဝယ်ခရိုင်အတွင်း ပြည်သူများ အန္တရာယ်ရှိနိုင်သည့် သစ်သားမီးတိုင်လေးထောင်ကျော်နှင့် စံချိန်မမီသည့် မီးကြိုးပေပေါင်း ငါးသိန်းကျော် လဲလှယ် တပ်ဆင်ရန် ဇူလိုင်လ ၈ ရက်က တင်ပြထားကြောင်း  GGS ကုမ္ပဏီထံမှ သိရသည်။

ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြု ဗဟိုကြီးကြပ်ရေး ကော်မတီထံ တင်ပြထားခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ပြည်သူများလျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် အဆိုပါသစ်သားတိုင်များနှင့် မီးကြိုးလဲလှယ်ရန် တင်ပြခြင်းမှာ ယခုတစ်ကြိမ် အပါအ၀င် လေးကြိမ် ရှိပြီးဖြစ်ကြောင်း တင်ပြစာအရ သိရသည်။

အဆိုပါမီးတိုင်ရှိ မီးကြိုးများတွင် လျှပ်စစ်လွှတ်ထားပြီး အောက်ခြေတွင် ရေစိုနေခြင်းကြောင့် လျှပ်စစ်အန္တရာယ် ရှိခြင်း၊ လျှပ်စစ် မီးကြိုးများ မြေပေါ်ကျ နေခြင်းများရှိသည့်အတွက် အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း လက်ရှိအချိန်ထိ လုပ်ဆောင်ပေးခဲ့ခြင်း မရှိကြောင်း GGS ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးမြတ်သူနိုင်က ဆိုသည်။

လက်ရှိ လျှပ်စစ်ဓာတ်အားလိုင်းများတွင်  ဗို့အားပြည့်ဝသောလျှပ်စစ်ဓာတ် အားရှိနေခြင်း၊ ဓာတ်ကြိုးများမှာ ကာဗာ မပါခြင်း၊ တိုင်များမှာ သစ်သားတိုင် အဆွေးများဖြစ်နေခြင်း၊ တိုင်ခြေတွင် ရေကြီးနေခြင်း စသည့်အကြောင်းများကြောင့် လျှပ်စစ်အန္တရာယ် ဖြစ်နိုင်ခြေများ ဖြစ်ပေါ်နေသဖြင့် ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြခြင်းဖြစ်ကြောင်း GGSကုမ္ပဏီထံမှ သိရသည်။

အဆိုပါသစ်သားတိုင်အရေ အတွက် မှာ ၄၂၀၀ ကျော်ရှိသော်လည်း အန္တရာယ် ရှိနေသည့် တိုင်များကို အရင်လဲနိုင်စေရန် အစိုးရ၊ ကုမ္ပဏီ၊ လူထုတို့ ပါဝင်ပေါင်း စပ်ညှိနှိုင်းကာ လုပ်ကိုင်ပေးစေလိုကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ တာဝန်ရှိတယ် ဆိုလည်း မပြောဘူး။ အစိုးရမှာ တာဝန် ရှိတယ်လို့လည်း မပြောဘူး။  ESE တာဝန် ရှိတယ်လို့လည်း မပြောဘူး။ ရွာမှာ တာဝန်ရှိတယ်ဆိုလည်း မပြောဘူး။ မီးသုံးသူမှာ တာဝန်ရှိတယ်လို့လည်း မပြောဘူး။ ဒါပေမယ့် ဒီဖြစ်နေတဲ့ ဟာကို ဘယ်သူ့မှာ အပြစ်ရှိတယ်ဆိုပြီး အပြစ်ရှာ တာမလုပ်နဲ့၊ အဖြေရှာပေးပါ”ဟု ဦးမြတ်သူနိုင်က ပြောသည်။

အဆိုပါမီးတိုင်နှင့် မီးကြိုးများလဲ လှယ်မည်ဆိုက ကျပ်သိန်းပါင်း တစ်သောင်း ခွဲခန့်ကုန်ကျနိုင်ပြီး လက်ရှိတွင်လည်း ကုမ္ပဏီက လုပ်ငန်းရပ်ဆိုင်းတော့မည့် အနေအထားတွင် ရှိနေကြောင်း ၎င်းက ဆိုသည်။

ကုမ္ပဏီဘက်မှ တင်ပြသည့် လမ်း မီးတိုင်များကို လဲလှယ်ရန်မှာ ဘတ်ဂျက် (ငွေကြေး)ကို တစ်နှစ်ကြိုတင်ပြီး ပြင် ဆင်ရလေ့ ရှိသည့်အတွက် ချက်ချင်းလဲလှယ်ပေးရန် အခက်အခဲရှိကြောင်း  ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းနှင့် ဖြန့်ဖြူးခြင်း ဆိုင်ရာ အထောက် အကူပြု ဗဟိုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ (တိုင်းလျှပ်စစ်/စွမ်းအင်ဝန်ကြီး) ဦးအောင်သူရက ပြောသည်။

အဆိုပါတိုင်များ လဲလှယ်ရန် ယခုဘဏ္ဍာနှစ်တွင် မဖြစ်နိုင်တော့သည့် အတွက် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် လျာထားပြီးဖြစ်ကြောင်း ဦးအောင်သူရက ဆိုသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ လက်ရှိတွင်လျှပ်စစ်ဌာနကို ကွင်းဆင်း စိစစ်ခိုင်းထားပြီး ကွင်းဆင်းတွေ့ရှိမှု အပေါ် အခြေခံကာ ဆုံးဖြတ်လုပ်ဆောင် ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တင်ပြထားတဲ့အတိုင်း အန္တရာယ် ရှိနိုင်တဲ့ဟာတွေကို ညွှန်ကြားထားပြီးပြီ။ ပြန်တက်လာလိမ့်မယ်။ ဘယ်နေရာက ဘာဖြစ်နေတယ်ဆိုပြီး။ ဒီအပေါ်မှာမှ ကျွန်တော်တို့က အစိုးရအဖွဲ့အစည်းအဝေး မှာ ဆုံးဖြတ်ပြီးတစ်ခုခုတော့ လုပ်ရမှာပေါ့”ဟု ၀န်ကြီးဦးအောင်သူရက ဆိုသည်။

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်လိုသူများကို တင်ဒါခေါ်ထားပြီး လက်ရှိ တွင် GGS ကုမ္ပဏီအား ယာယီလုပ်ကိုင် ခွင့်ပြုထားသည်။ 

Dawe Watch