ပင်လယ်ပြာက လှေမဲ့ ကိုတံငါ

0
3262

ပင်လယ်တွင် ငါးထွက်ဖမ်းတော့ မည်ဆိုလျှင် စီးစရာ လှေတော့ ရှိရလိမ့်မည်။

တစ်ယောက်တည်း ငါးဖမ်းထွက် မည်ဆိုလျှင်ပင် လူတစ်ယောက်နှင့်အတူ ငါးဖမ်းကိရိယာများ၊ ဖမ်းမိသည့်ငါးများကို တင်ဆောင်နိုင်သည့် လှေငယ်တစ်စီးတော့ ရှိရန် လိုပါသည်။

လှေငယ်တစ်စီးရှိမှ စက်မပါလျှင် ပင် တက်ဖြင့်လှော်ခတ် ပင်လယ်ထွက် ငါးဖမ်းနိုင်မည်။

သို့သော်….။

။။                ။။         ။။

နာမည်ကျော် မောင်းမကန်ကမ်းခြေ တွင် ဘောကွင်းစီးနေသူ တွေ့တိုင်း ရေဆော့နေကြသူများအဖြစ် မသတ်မှတ် လိုက်ပါနှင့်။

ဘောကွင်းပေါ် ထိုင်ပြီး ရေထဲမှ တစ်ခုခုကို ဆွဲတင်နေလျှင် သေချာပါပြီ။ ထိုသူသည် လှေမဲ့ ဘောကွင်းစီး ကိုတံငါ။

သူတို့သည် ဘောကွင်းတစ်ခုဖြင့် ကမ်းခြေမှ ရေမိုင် တစ်မိုင်ခန့်ထိ ထွက်ကာ တစ်ကိုယ်တော် ပိုက်ချ ငါးဖမ်းသူများ ဖြစ်သည်။

ကမ်းခြေကနေ ပင်လယ်ဘက် လှမ်းကြည့်လိုက်လျှင် သူတို့ကို အစက် မည်းမည်းလေးမျှ မြင်ရတတ်ပြီး လှိုင်းတွေကြား မြင်ရတစ်လှည့် ကွယ်တစ်လှည့်။

သူတို့အားလုံးနီးပါးက မောင်းမကန် ကွက်သစ် တံငါရပ်ကွက်က ဖြစ်ကြသည်။ ဘောကွင်းစီးကိုတံငါများက နံနက် အရုဏ်တက်ချိန် ပိုက်ရေထဲရှိစေရန်သည် တစ်နေ့တာ၏ ပဓာနကျဆုံး အလုပ်။ အရုဏ်တက်ချိန်က ငါးအမိဆုံးအချိန်။

ထိုအရုဏ်ချိန်တွင် ပင်လယ်ထွက် ပိုက်ချနိုင်ရန် ညနေကတည်းက အဆင်သင့် ပြင်ထားကြရသည်။ ငါးဖမ်းပိုက် ကြိုရှင်းလင်း ထားရသည်။ ဘောကွင်းကို လေဖြည့်ထား၊ အပေါက်ရှိက ကြိုဖာထား ရသည်။

ဘောကွင်းက လူတစ်ယောက် ကောင်းစွာ ထိုင်နိုင်သည့် ကားတာယာ အကျကို တစ်လုံး ၆၀၀၀ ကျပ်ခန့် ပေးဝယ်ထားကြသည်။

လူထိုင်နိုင်၊ ငါးဖမ်းပိုက်တင်နိုင်ရန် ဘောကွင်းကို လေထိုးကာ မာကျစ်သည့် ပိုက်ကွက်စိပ်ကို ဘောကွင်း ကြမ်းခင်း ပုံသဏ္ဌာန် ဖြစ်ရန် ကြိုးများဖြင့် တင်းတင်း ချည်ထားကြသည်။

ငါးဖမ်းပိုက်မှာ ၁ လက်မခွဲအကွက် အနုမြူပိုက်ဖြစ်၍ ပေါ့ပါးသည်။ ထိုပိုက် ကိုပါ သေချာ စည်းနှောင်ရသည်။ မတော်တဆ ဘောကွင်း မှောက်သွားလျှင် ပိုက်ရေထဲ မကျစေရန် ဖြစ်သည်။

ထိုသို့ ပြင်ဆင်ထားပြီး ည ၂ ချက်တီးခန့် ကိုတံငါတို့ အိပ်ရာမှ ထကြသည်။ ဆေးလိပ်၊ မီးခြစ်၊ တာယာအသင့်ဖာပြား၊ စသည့်တို့နှင့်အတူ တယ်လီဖုန်းကို လေလုံ၊ ရေလုံသည့် ဘူးတစ်ခုထဲ ထည့် ကြသည်။

၎ ဖာလုံခန့် ဝေးသည့် ပင်လယ် ကမ်းစပ်သို့ အသင့်ပြင်ထားသော ဘောကွင်း ကို ထမ်းကာ ဆင်းကြသည်။ ပင်လယ် ကမ်းစပ်မှသည် လူထိုင်၍ လှော်ခတ်နိုင်သည့် ရေအနက်သို့ ရောက်လျှင် ဘောကွင်း ကို ချကာ လူတက်ထိုင်၍ ပင်လယ်ဖက် ဦးတည် လှော်ခတ်မည်။

လှော်တံက ကော်ပြားကို အနေတော် လှီးကာ သစ်ရိုးတံတပ်ထားသည့် လှော်တံ ငယ်နှစ်ခု။

လှိုင်းလွတ်ကာ ရေငြိမ်ပြီး ပိုက်ပစ် ကွက်နေရာအထိ တစ်နာရီခန့် လှော်ခတ် ရသည်ဟု ဘောကွင်းစီးကိုတံငါတို့က ဆိုသည်။

“တစ်မိုင်ဆို မနည်း ခတ်ရတယ်၊ လေတိုးရင် တိုးသလိုပေါ့”ဟု ဘောကွင်းစီး ကိုတံငါတစ်ဦးက ပြောသည်။

ကိုယ် ပိုက်ချရန် ရည်မှန်းထားသည့် နေရာ ရောက်လျှင် ငါးမြူးသည့် အရုဏ်ဆူး(ပိုက်တစ်ခါပစ် တစ်ခါပြန်ဆွဲကို တစ်ဆူးဟု ခေါ်ကြသည်)အမီ ပိုက်ချကြ တော့သည်။

ပိုက်ချပြီး မိနစ် ၃၀ ခန့်အကြာတွင် ပိုက်ပြန်ဆွဲတင်ကြသည်။ ပိုက်တွင် မိတတ်သည့် ငါးများကတော့ စုံစီနဖာ။ ကဏန်း၊ ဘာအီး၊ ရှမ်းဓား၊ အာကိုက်၊ အာပြဲ၊ လတ်ဟီနမ်(ဂေါရ)စသဖြင့်။

အရွယ်အစားက ၂ လက်မခန့်မှ ၆ လက်မခန့်ထိ အရှည်ရှိသည့် ငါးများ။

ကံကောင်းလျှင် ထိုထက်ကြီးသည့် ငါးများ ရံဖန်ရံခါ ရတတ်သည်။

ကဏန်းနှင့် ဆူးရှိသည့်ငါးများ ပါလာလျှင် သတိထား ဆွဲတင်ကြရသည်။ ငါးဆူးဖြင့်သော်လည်းကောင်း၊ ကဏန်း ကိုယ်မှ ဆူးများဖြစ်သော်လည်းကောင်း ဘောကွင်းကို ထိုးဖောက်မိမည် စိုး၍ ဖြစ်သည်။

ထိုသို့ ထိုးမိ၍ ပေါက်သွားလျှင် အသင့်ပါသည့် ဖာစရာဖြင့် ချက်ချင်း ဖာကြရသည်။ ဖမ်းမိသမျှကို တွဲလောင်းချကာ ဘောကွင်းတွင် ကြိုးဖြင့်ချည် ထားသည့် ငါးထည့်ပိုက်အိတ်ထဲ အကုန် ထည့်ကြသည်။

တစ်ဆူး နှစ်ဆူးဖြင့် တွက်ခြေကိုက်လျှင် မောင်းမကန် မနက်ဈေးအမီ ကမ်းသို့ အားကြိုးမာန်တက် ပြန်လှော်လာမည်။

ကိုတံငါတို့၏ ဇနီးသည်များက ကမ်းတွင် အသင့်စောင့်နေကြသည်။ လင်တော်မောင် ကမ်းရောက်ရောက်ချင်း အဆာပြေစာရန် စားစရာ တစ်ခုခုက ဇနီးသည်များ၏ လက်ထဲ အသင့်။

ငါးအိတ်ထဲ ပါသမျှကို ဇနီးသည် အသင့်ယူလာသည့် ခေါင်းရွက်ဇလုံထဲ သွန်ချမည်။

“ဇလုံနဲ့ တစ်ဇလုံရရင် ကျပ် ၁၀၀၀၀ လောက်မှန်းလို့ ရပြီ။ ဆိုင်ကယ်မရှိရင် ဈေးကို ခြေကျင်ပြေးပေါ့” ဟု ဘောကွင်း စီးတံငါသည် ကိုညီညီနိုင်၏ ဇနီး မသဲမူက ပြောသည်။

မောင်းမကန်ကွက်သစ်နေ ကိုညီညီနိုင်၏ ဘောကွင်းတံငါ လုပ်သက်မှာ ငါးနှစ်ခန့် ရှိပြီဟု ဆိုသည်။ ယင်း ငါးနှစ် စလုံး တစ်ခြားအလုပ် မလုပ်။ ဘောကွင်း တံငါသာ လုပ်သည်။

ကိုညီညီနိုင်သည် ငါးဖမ်းပိုက် ၁၂ ဖုံတွဲဖြစ် ဖမ်းနေရာ ပိုက်တစ်ဖုံလျှင် ၃ သောင်းကျပ် တန်ကြေး ရှိသည်ဟု ပြောသည်။

သို့ကြောင့် ကိုညီညီနိုင်၏ ဘောကွင်း ငါးဖမ်းလုပ်ငန်း အရင်းအနှီးမှာ ၄ သိန်း ခန့် ရှိသည်။

တစ်ရက်တည်းဖြင့် ငါးဖိုး ၃ သောင်း ခွဲ၊ လေးသောင်းခန့်အထိ ရတတ်သလို လေးငါးထောင်သာ ရသည့်နေ့လည်း ရှိကြောင်း ကိုညီညီနိုင်က ပြောသည်။

“ဟိုနေ့တုန်းကဆို စားငါး(ဟင်းစား) တောင် မရဘူး”ဟု ကိုညီညီနိုင်က ပြော သည်။

ဘောကွင်းကိုတံငါတို့တွင် ထိခိုက် ဆုံးရှုံးမှုတို့လည်း မကြာခဏ ကြုံကြရ သည်။ ပိုက်ချ ငါးဖမ်းရာတွင် ပိုက်မှာ ရေအောက်မှ ကျောက်ပုံ(သို့မဟုတ်) တစ်ခုခုနှင့် ငြိလျှင် ပိုက်ဆုံးရှုံးရတော့သည်။

“ဟိုနေ့က ပိုက် ၆ ထုတ်ပြတ်တာ ငိုနေရုံပဲရတယ်”ဟု မသဲမူက ပြောသည်။

ထို့အပြင် ဘောကွင်း ကွဲသဖြင့် အသက်လုရသည့် အခါများလည်း ရှိကြောင်း ပြောကြသည်။ ထိုသို့ဖြစ်လျှင် နီးစပ်ရာက  ဘောကွင်းတံငါ အချင်းချင်း ၀ိုင်းကယ်၊ ပိုက်ပြန်ရ ရန် ကူကြရသည်။

ကိုညီညီနိုင်တို့ကတော့ အချင်းချင်း ကူနိုင်ရန် ဘောကွင်းစီးကိုတံငါ ၅ ဦး အဖွဲ့ ဖွဲ့ထားသည်ဟု ဆိုသည်။

ကိုညီညီနိုင်တို့ရွာတွင် ယခင်နှစ် များက ဘောကွင်းတံငါ လေးငါးဦးသာ ရှိသော်လည်း ယခုနှစ် မိုးရာသီတွင်  အယောက် ၄၀ ကျော်အထိ ဘောကွင်းဖြင့် ငါးဖမ်းလာကြကြောင်း ရွာသားတို့က ပြောကြသည်။

ယင်းသို့ တိုးလာသည်မှာ ကိုညီညီ နိုင်တို့ မောင်းမကန်တစ်ရွာတည်း မဟုတ်။

မောင်းမကန်နှင့် ရွာချင်းဆက် ကျောက်ဆင်၊ သဘော့ဆိပ် စသည့် ကမ်းနားရွာများကပါ ၎င်းရွာတို့၏နောက်ဘက် ပင်လယ်ကမ်းတွင် ဘောကွင်းဖြင့် ငါးဖမ်းလာကြသည်။

ယခုနှစ်တွင် ကမ်းဝေးလှေများကို ငါးမဖမ်းရရာသီ သတ်မှတ်ရာ ငါးဖမ်း လိုင်စင်မရှိသည့် အရွယ်လွန်ကမ်းနီးလှေ ကြီးများပါ ငါးဖမ်းခွင့် မရတော့ပေ။

ထိုကြောင့် ၎င်းကမ်းနီးလှေမှ လှေသား များက ၃ သောင်းတန် ပိုက်နှစ်ဖုံ ၃ ဖုံ ကို ငွေချေးငှားဝယ်ယူကာ ဘောကွင်းဖြင့် ငါးဖမ်း ၀မ်းစာရှာခြင်းပြုလာကြသည်။

“လှေနားထားတော့ ရသလို လုပ်စား နေရတာပေါ့”ဟု ဘောကွင်းစီးကိုတံငါ တစ်ဦးက ပြောသည်။

ဘောကွင်းမပါဘဲ ကမ်းစပ် လူအရပ်မီ သည့်နေရာတစ်လျှောက် ပိုက်တစ်ဖုံဖြင့် ငါးဖမ်းသူများ၊ စူးတစ်ချောင်းဖြင့် ငါးထိုးသူများလည်း ပေါ်လာသည်။

သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ဟင်းစားရရန်ဖြစ်ပြီး ဟင်းစားပိုက အိမ်နီးချင်းများကို မျှဝေပေးကမ်းရန်နှင့် ပြန်ရောင်းချရန် ဖြစ်သည်။

ဘောကွင်းတံငါအများစုက ငါးဖမ်း ရာသီ ပြန်ဖွင့်လျှင် လှေပြန်လိုက်ကြမည် ဖြစ်သော်လည်း ကိုညီညီနိုင်ကဲ့သို့ ဘောကွင်းစီး တံငါသည် စစ်စစ်တို့ကို တော့ မောင်းမကန် ကမ်းခြေတစ်ဝိုက်တွင် တွေ့နေရဦးမည် ဖြစ်သည်။

အတွေ့အကြုံ များလှပြီဖြစ်သည့် ကိုညီညီနိုင်၏ ဘောကွင်းတွင် မိမိ ပိုက်တန်းကို အခြားသူတွေ့စေရန် ပိုက် တန်းအချက်ပြမီး တပ်ဆင်ထားပြီး  ဘောကွင်းကွဲသွားလျှင် ကူးခတ်နိုင်ရန် ဖော့သီး နှစ်လုံး တွဲထားသည်။

လှိုင်းကြီးလေထန် မရှိလျှင် ပုံမှန် ၂ ချက်တီးခန့် ထမည်။ အရုဏ်ဆူးအမီ ပိုက်ချမည်။

“ဘောကွင်းရဲ့ အားသာချက်က မှောက်ရင် ရေမ၀င်ဘူး၊ လူမပြည့်လို့ လှေမထွက်ရဘူးဆိုတာ မရှိဘူး၊ ကိုယ်အား ရင် အလုပ် စလို့ရတယ်” ဟု ကိုညီညီနိုင်က ဆိုသည်။

မင်းခန့်