ကြည်ညိုချင်ပါတယ်

0
673

သည်အခြေအနေနဲ့ သည်အချိန်အခါ မျိုးမယ် ကျွန်တော် သည်ခေါင်းစဉ်နဲ့ ပြောရဆိုရမှာ ကြောက်ပါသည်။

လောလော လတ်လတ်မှာပဲ ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုအတွက် တစိုက်မတ်မတ် ထောက်ပြပြောဆို ဝေဖန်လျက် ကလေးမိဘများကို ကူညီ ဖေးမကာ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ အများပြည်သူတို့ သည်အဖြစ်အပျက်လေး ကို အမြဲမျက်ခြည်မပြတ် သတိထားမိအောင် ရေးသားပြောဆိုခဲ့သော သက္ကမိုးညို ခေါ် ဒေါက်တာ ကိုဝင်းကိုကိုသိန်းကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့အား အကြည်ညို ပျက်စေပါ သည်ဟု စွပ်စွဲကာ အီလက်ထရွန်းနစ် ပုဒ်မ ၃၄ ဃ ဖြင့် တရားစွဲခဲ့သညမဟုတ်လား။ သို့ကြောင့်အဲသည် ခေါင်းစဉ်နဲ့သည် အကြောင်း ပြောရဆိုရမှာ ကြောက်ပါသည်။

သို့ဆိုလျှင် ပြောချင်တဲ့ခေါင်းစဉ်နဲ့ အကြောင်းအရာက အဲသည်အကြောင်း မဟုတ်ပေဘူးလားဟု မေးလာငြားအံ့၊ ဟုတ်ပါသည်ဟု ဖြေရပါမည်။ အဟုတ် အမှန်လည်း ကြည်ညိုချင်လှပါသည်။ သည်စကားသည် ရယ်ဖွယ်အဖြစ် ရယ်သွမ်း ခြင်း မဟုတ်ပါ။ စိတ်နှလုံးထဲက လာသော စေတနာစကား ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် လေလှိုင်း မီဒီယာမှ လာသော ဒီဗွီဘီ ဒီဘိတ်လေးကို လည်း နားဆင်မိပြန်ပါသည်။

နှစ်ပေါင်းများစွာ အရည်အသွေး  ကျဆင်းနေခဲ့သည့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာ အထောက်အပံ့ဖြင့် သင်တန်း တွေပေးကာ စွမ်းဆောင်ရည် မြှင့်တင်ဖို့  ပြုပြင်ပြောင်းလဲရေး လုပ်နေသော မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဘယ်လောက် ခရီးရောက်ပြီလဲ။ တရားဥပဒေ စိုးမိုးရေးနဲ့ အဓိကရုဏ်း နှိမ်နင်းရေးတွေမှာ သိသာတဲ့ အပြောင်းအလဲ မတွေ့ရသေးတာ ဘာကြောင့် လဲဆိုသည့် အမေးနှင့် အတွေးတွေကို  ပညာရှင်တွေ အချေအတင် ပြောဆိုဆွေးနွေး ကြတာ ကြားရပြန်တော့ အဲသည် ခေါင်းစဉ် ပါ ကြည်ညိုချင်ပါတယ်ဆိုတဲ့ စကားလေးက ရင်မှာ တည်လာပါသည်။

နာမည်ကြီး အမှုအခင်းတွေ ဖြစ်တိုင်း အပြစ်တင်ခံရလေ့ရှိသော အဖွဲ့အစည်းသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဖြစ်ပါသည်။

ဘာဖြစ်ဖြစ် အခြေအနေနှင့် အချိန် အခါအလျောက် သည်တပ်ဖွဲ့ကို အားကိုး အားထား ပြုလိုကြတာ အမှန်ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေးအတွက် ဖြစ်စေ၊ မှုခင်းတွေနဲ့ ပတ်သက်လာလျှင် ဖြစ်စေ အမှန်တရား ဘက်တော်သား ပြည်သူ့ရဲတွေ ကို အားကိုးအားထား ပြုလိုတာ အမှန်လည်း ဖြစ်ပါသည်။ သို့သော် အဲသည် ယုံကြည် အားကိုးအားထား ပြုထိုက်သော အနေ အထားနှင့် အခြေအနေတွေမှ ပကတိ အရှိတရားမှာ များသောအားဖြင့် ကင်းကွာနေ တာကြောင့်လည်း အားကိုးအားထား မပြုရဲ၊ မယုံမရဲဖြစ်ကာ မရှိမကောင်း ရှိမကောင်း အဖြစ် ရွံ့ကြတာ မဆန်းဟု ဆိုရပါမည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ တစ်နှစ်တာ အသုံးစရိတ် ဘတ်ဂျက်သည် တပ်မတော် ၏ ဘတ်ဂျက်အသုံးစရိတ်နှင့် ယှဉ်လျှင် မပြောပလောက်သည့်အချက်၊ မိုးကျရွှေ ကိုယ်တို့ကြောင့် ရာထူးအခွင့်အလမ်းတွေ ပိတ်နေသည့်အချက်၊ ဖွံ့ဖြိုးပြီးသော နိုင်ငံများတွင် နိုင်ငံတော်ကာကွယ်ရေး အတွက် တာဝန်ယူရသည့် လက်နက်ကိုင် တပ်ဖွဲ့နှင့် တရားဥပဒေစိုးမိုးရေး တာဝန်ယူ ရသည့် ရဲတပ်ဖွဲ့တို့  သီးခြားစီ ဖြစ်ပါသည် ဆိုသည့်အချက်တွေကို ကျွမ်းကျင်သူတွေက အသီးသီး ဆွေးနွေးထောက်ပြကြသသည်။ ဒါ့အပြင်လက်ရှိအနေအထားအရ ပြည်သူ့ ဘ၀လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကို ပြည်သူတွေက အဘယ်မျှ အားကိုးအား ထား ပြုကြပါသနည်းဟူသည့် လူနေမှု အဆင့်အသီးသီးမှ ပြည်သူတွေနှင့် တွေ့ဆုံ မေးမြန်း ခန်းလေးဖြင့်  ပါးပါးလှစ်ပြသွား ပါသည်။

စိတ်ဝင်စားစရာ ထောက်ပြချက် တစ်ချက်မှာ ရှေ့အစိုးရအဆက်ဆက် လက်ထက်ကတည်းက ရှိနေပြီးသောReform Plan အတွက် လက်ရှိအစိုးရ မှာရော တိတိပပ မူဝါဒချပြီး လုပ်ဆောင် နေတာ ရှိပါသလားဆိုသည့် အချက်က တွေးစရာ ဖြစ်ပါသည်။

ဥပဒေစိုးမိုးရေးသည် နိုင်ငံအတွင်း အစုအဖွဲ့ အားလုံး၏ တာဝန်ဖြစ်သည်။

သည့်အတွက် အစိုးရမှာ တိတိပပ မူဝါဒနှင့် ရေတိုရေရှည် အစီအမံ ရှိဖို့ လိုအပ်သည်က အမှန်ဖြစ်ပါသည်။ လိုအပ်သော လူအင်အား၊ ပစ္စည်းအင်အား၊ ငွေအင်အား ဖြည့်တင်းပေးမှုမှသည် တာဝန် ယူမှု တာဝန်ခံမှုအပြင် လုပ်ပိုင်ခွင့်၊ အခွင့်အရေးသာမက အပြန်အလှန် ထိန်း ကျောင်းအရေးယူနိုင်မည့် အစီအမံများ ရှိနေရမည်ဆိုသည့်အချက်က စိတ်ဝင်စား စရာ ဖြစ်ပါသည်။

သို့သော် လက်ရှိတွင် ရေတိုရေရှည် စီမံချက်များ မရှိကြပါဘဲ ဘယ်လူကြီး လမ်းကြောင်းအတွက်၊ ဘယ်ပွဲအတွက် လုံခြုံရေး ၀န်ထမ်း မငှားပါဘဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုသာ တလွဲအသုံးချကာ ခိုင်းစေမှုများရှိကြောင်း လည်း ဆွေးနွေး ကြပါသည်။

တရားဥပဒေစိုးမိုးရေးအတွက် သင့် တင့်မျှတသော ဘတ်ဂျက်ချပေးကာ မူဝါဒ ချမှတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအတွင်း လုပ်ပိုင်ခွင့်ပေးကာ မိမိတို့ အစီအစဉ်ဖြင့် ထိန်းကျောင်းကွပ်ကဲမှု သာမက ပြည်သူနှင့် အစိုးရက တည့်မတ်အောင် စောင့်ကြည့် ထိန်းကျောင်းဖို့  လိုအပ်ကြောင်း ဆွေးနွေး ကြပါသည်။ အဓိကအားဖြင့် တရားဥပဒေ စိုးမိုးရေး အတွက် ရေတိုရေရှည် အစီအမံနှင့် ရည်မှန်း ချက်၊ ဦးတည်ချက်တွေ အစိုးရမှာရှိဖို့ လိုအပ်သလို ပြုပြင်ပြောင်းလဲလာရေး အတွက် အဓိက ပြည်သူ့ရဲတပ်ဖွဲ့ဝင်တိုင်းမှာ တာဝန်ရှိသည်ဟု အငြိမ်းစား ရဲမှူးချုပ် ဦးဝင်းခေါင်က ဆိုပါသည်။ 

“အနှစ်ချုပ်ကတော့ စိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။UNDP ရဲ့ စာတမ်းမှာ ပါတယ်။ ပြုပြင်ပြောင်းလဲမှု ဆိုတာ အမိန့်တွေ အာဏာတွေ ပါဝါတွေ အမည်တွေ ဘယ်လိုပြောင်းပြောင်း မပြောင်းလဲနိုင်ပါဘူးတဲ့။ တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်က ငါတို့တွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါပြီ၊ ငါတို့ကိုယ်တိုင် ပြောင်းလဲ ကြရတော့မယ်ဆိုတဲ့ အသိခံယူချက်နဲ့ စိတ်ဓာတ်တွေ ရှိလာဖို့ လိုတယ်။ အဲသည် စိတ်ဓာတ်နဲ့ ခံယူချက်တွေ မသွတ်သွင်း နိုင်သမျှ မပြောင်းလဲနိုင်ပါဘူး။ အဲသလို ပြောင်းလဲနိုင်ဖို့ အချို့သော လုပ်ပိုင်ခွင့်နဲ့ အာဏာတွေကို ရှေးရိုးစွဲတွေလို အကုန်ချုပ် ကိုင်ထားလို့ မရပါဘူး။ ကျွန်တော် အပါအ၀င် အားလုံးဟာ တစ်နေ့ကျရင် အကုန် ပြည်သူ ဖြစ်လာကြမှာချည်းပါပဲ။ အဲသည် အချိန်ကျရင် ပြည်သူတွေ ဘယ်လိုခံစား ကြရမှာလဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို မျှဝေခံစားဖို့ လိုအပ်တယ်။ အဲသည်စိတ် ဓာတ် ပြုပြင် ပြောင်းလဲလာလို့ရှိရင်  ပြည်သူလူထုရဲ့ ယုံကြည်မှု လိုက်လာလိမ့်မယ်။ ယုံကြည် လာ လို့ရှိရင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် မှု ရပါလိမ့်မယ်။ ပူးပေါင်းပါဝင်လာတဲ့အခါ မှုခင်းကျဆင်းလာပါလိမ့်မယ်” ဟု ဦးဝင်းခေါင်က သုံးသပ်ပါသည်။

စွမ်းဆောင်ရည် ညံ့၊  ပြည်သူ့ပူးပေါင်းမှု ညံ့ ၊ အပြန်အလှန် ယုံကြည်မှု မရွှိမကျအ မရှိကြ။ သို့ဖြစ်ရာ  လတ်တလော တရားဥပဒေ စိုးမိုးမှု မရှိတာနဲ့ ပြည်သူလူထု က အားကိုးအားထားမပြု မယုံကြည်ကြခြင်း သည် တိုက်ရိုက် အချိုးကျကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင်လည်း စွမ်းဆောင်ရည် အနေ အထားက အားမရစရာအဖြစ် ပြည်သူက သတ်မှတ်ထားကြဆဲ ဖြစ်ပါ၏။ သည့် အတွက်သည် ဆွေးနွေးမှုအဆုံးတွင် ကာတွန်းဆရာက တစ်ကွက်ကာတွန်းအဖြစ် ရာဇ၀တ်သားများက မှုခင်း ဖြစ်ပွားရာနေရာ မှ “စိတ်မပူပါနဲ့တော့ကွာ၊ ပြည်သူ့ရဲတွေ ရောက်လာပါပြီ၊ အုတ်နီခဲတွေ ထပ်ကြောက် ဖို့ မလိုတော့ပါဘူး”ဟု ရေးသားခဲ့ပါသည်။ အတော် စိတ်မကောင်းဖြစ်စရာပေ။

ပြောင်းလဲချိန်တန်ပါပြီဟု ကြွေးကြော် ကြပါသည်။

အခြေခံ ဖြစ်သော တစ်ဦးချင်းတို့၏ စိတ်ဓာတ်တွေမှ စလို့ ပြောင်းလဲသင့်ပါပြီ။ များများစားစား စာတန်းတွေ ကိုင်ပြီး ပြောင်းလဲဖို့ မလိုအပ်သလို အတင်းအကြပ် ဥပဒေထုတ်ပြီး လိုက်နာခိုင်းဖို့လည်း အမှန်မလိုတော့ပါပေ။ တည်ဆဲဖြစ်သော ဥပဒေ စည်းမျဉ်း စည်းကမ်းများအတိုင်း အတိအကျ လိုက်နာကျင့်သုံးဖို့နှင့် ယင်း အတွင်းမှာ ကိုယ်ချင်းစာစိတ် ဆိုတာ လေးသာ ထည့်ပေါင်းဖို့ လိုအပ်ပါသည်။ အစိုးရဘက်မှလည်း မူဝါဒ တိတိပပချလျက် တာဝန်ယူမှု တာဝန်ခံမှုဘောင်အတွင်းမှ လုပ်ပိုင်ခွင့် တာဝန်ကို ပြတ်ပြတ်သားသား ပေးကာ တည်ဆဲ စည်းမျဉ်းစည်းကမ်းများ အတိုင်း တိတိပပ ကြပ်မတ် ထိန်းကျောင်း ရမည်ဖြစ်သလို ပြည်သူလူထုနှင့် လွှတ်တော်တို့မှလည်း ထက်ထက်မြက် မြက် စောင့်ကြည့်ထိန်းချုပ်သင့်ပါကြောင်း ဆွေးနွေးကြပါသည်။

လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုသည့် ဘောင်နှင့် လုပ်ထုံးလုပ်နည်းကို မကျော် လွန်စေဘဲ လုပ်ဆောင်သင့်သည်ကို လုပ်ဆောင်ခဲ့ကြပါလျှင် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရကို ရမည်ဖြစ် သော်လည်း ယင်းသို့ မဟုတ်ပါမူကား ယုံကြည်လေးစားအားထား ကြည်ညိုမှုကို မရနိုင်ပါချေ။

လတ်တလောမှာပင် ထင်ရှားသည့် အမှုကြီးအချို့မှာ ထူးထူးခြားခြား ပြည်သူ တို့ မယုံကြည်လောက်စရာ အမှုမှန်ဖော် ထုတ် နိုင်ခဲ့ခြင်းမရှိသည်မှာ အဖြစ်မှန်ဖြစ် ပါသည်။

သည်အခြေအနေနဲ့ သည်အချိန်အခါ မျိုးမယ် ကျွန်တော် သည်ခေါင်းစဉ်နဲ့ ပြောရဆိုရမှာ ကြောက်ပါသည်။

မည်သို့ပင်ဆိုစေကာမူ အမှန်အကန် လေးစားယုံကြည်အားကိုးအားထားပြု ကြည်ညိုထိုက်သော ဥပဒေ ဘက်တော် သား အဖွဲ့အစည်းတစ်ခုအဖြစ် ကျွန်တော် တို့ မြင်လိုလှ အားကိုးအားထား ပြုလိုလှပါ ပြီ။ တရားဥပဒေ အဘက်ဘက်မှ စိုးမိုးပါမှ ပြည်သူ့ဘ၀ အေးချမ်းသာယာမည်ဖြစ်လေ ရာ ယင်းအတွက် အားထားထိုက် ကြည်ညို ထိုက်သော အနေအထားသို့ အလျင်အမြန် ရောက်လိုစိတ်စောကာ သည်ဒီဗီဘီ ဒီဘိတ်လေး ကြည့်အပြီးမှာ  ကြည်ညို ချင်ပါတယ် ဟု သည်ခေါင်းစဉ်ကို မ၀ံ့မရဲ ရေရွတ်မိခြင်းလည်း ဖြစ်ပါ၏။ 

ကိုရိုးဆေး