အဝေးသင်ဘွဲ့များ ထားဝယ် တက္ကသိုလ်တွင် ပေးတော့မည်

0
752

ထားဝယ်တက္ကသိုလ်တွင် ၂၀၁၈ ခုနှစ် က အဝေးသင် နောက်ဆုံးနှစ် အောင်မြင် ထားသည့် ကျောင်းသား၊ ကျောင်းသူများ အား ထားဝယ်တက္ကသိုလ်တွင်ပင် ဘွဲ့အပ်နှင်းတော့မည်ဖြစ်ကြောင်း ယင်း တက္ကသိုလ် အဝေးသင်ဌာနခွဲထံမှ သိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ယင်း အဝေးသင်ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့အပ်နှင်းမည် ဖြစ်သည်။

ယခင်က ထားဝယ်ရှိ အဝေးသင် ကျောင်းသားများသည် အောက်မြန်မာပြည် အဝေးသင်တက္ကသိုလ်ရှိရာ ရန်ကုန် မြို့တွင်သာ ဘွဲ့သွားယူနေရာမှ ယခု ၂၀၁၉ ခုနှစ်မှစပြီး ထားဝယ်တက္ကသိုလ် တွင်ပင် ဘွဲ့အပ်နှင်းတော့မည်ဖြစ်ကြောင်း အထက်ပါဌာနခွဲ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသည် ထားဝယ်တက္ကသိုလ် သမိုင်းတစ်လျှောက် အဝေးသင် ကျောင်းသားများကို ပထမဆုံး ဘွဲ့ချီးမြှင့်ခြင်း ဖြစ်သည်။

ဘွဲ့လက်မှတ်ကို ရန်ကုန်အဝေးသင် တက္ကသိုလ်က စီစဉ်ပေးပြီး ဘွဲ့ယူ လျှောက်လွှာခေါ်ယူခြင်း၊ ဘွဲ့ဝတ်စုံ စသည့် ကိစ္စများကို ထားဝယ်တက္ကသိုလ်က စီစဉ်ရမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူ က ပြောသည်။

“အခုလက်ရှိတော့ အဝေးသင်တွေ ထားဝယ်မှာ ဘွဲ့ပေးဖို့ နှုတ်မိန့်တော့ ရထားပြီးပြီ။ တရားဝင်စာနဲ့ ထပ်ညွှန် ကြားလိမ့်မယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ယင်းကဲ့သို့အဝေးသင်ကျောင်း သားများကို ထားဝယ်တက္ကသိုလ်တွင် ဘွဲ့ပေးမည်ဆိုပါက ယခင်ကထက် ငွေ ကုန်ကျမှုနည်းလာမည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်တွင် အဝေးသင် တက်ရောက်နေကြသည့် ကျောင်းသား အချို့က ပြောသည်။

“ရန်ကုန်မှာသွားယူမယ်ဆို မိသားစု သုံးယောက် ခရီးစရိတ်၊ စားစရိတ် သုံးလေးရက်ဆို အနည်းဆုံး ဘွဲ့တစ်ခါ ယူရင် ငါးသိန်းလောက်တော့ကုန်မှာပဲ။ ကိုယ့်ဒေသမှာ၊ ကိုယ့်ကျောင်းမှာ ဘွဲ့ပေး လိုက်တာက နေရေးထိုင်ရေးအတွက်ရော၊ သွားရေးလာရေးအတွက်ရော ပိုအဆင် ပြေလာမယ်”ဟု အဝေးသင် ဒုတိယနှစ် သမိုင်းကျောင်းသား ကိုမျိုးထွေးက ဆိုသည်။

၂၀၁၈ ခုနှစ်တွင် ထားဝယ်တက္ကသိုလ် မှ အဝေးသင် နောက်ဆုံးနှစ်အောင်မြင် ထားသူ စုစုပေါင်း ၅၈၀ ဦးရှိကြောင်း ယင်းတက္ကသိုလ် စာရင်းအရ သိရသည်။

ကျော်သူစိုး