ထားဝယ်အထူးစီးပွားရေးဇုန်ကို ဂျပန်က ဖော်ဆောင်မည် ဆိုသည့်ကိစ္စကို မသိရသေးဟု ကော်မတီဒုဥက္ကဋ္ဌ နှစ်ဦးဆို

0
1146

ထားဝယ်အထူးစီးပွားရေးဇုန်ကို ဂျပန်က ပြန်လည်ဖော်ဆောင်မည်ဆို သည့်ကိစ္စကို မသိရသေးကြောင်း ထားဝယ်အထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ နှစ်ဦးစလုံးက ပြောသည်။

“ဂျပန်က ထားဝယ်အထူးစီးပွား ရေးဇုန်ကို ပြန်လည်ဖော်ဆောင်မည်”ဟူသည့် ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၁၁ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါသတင်းတွင် ဂျပန်၊ ထိုင်း နှင့် မြန်မာနိုင်ငံတို့ ပူးတွဲတည်ဆောက် လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေး ဇုန်တွင် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆိပ်ကမ်း အခြေခံအဆောက်အအုံများကို ၂၀၃၀ ခုနှစ်မတိုင်မီ ကုန်စည်များပို့ ဆောင်ရာ အခြေစိုက်စခန်းနှင့် အသေးစား စက်မှုဇုန်တစ်ခုအဖြစ် ပြောင်းလဲရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အထက်ပါ သတင်းကို ဂျပန်နိုင်ငံ အခြေစိုက် Nikkei Asian Review သတင်းဌာန၏ ရေးသားဖော်ပြ ချက်အား ဘာသာပြန်၍ ကြေးမုံသတင်းစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

ယင်းသို့ဖော်ပြထားမှုနှင့်ပတ်သက် ၍ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့် ခွဲမှုကော်မတီ၏ ဒုဥက္ကဋ္ဌ(၁) ဒေါ်ရီရီချို နှင့် ဒုဥက္ကဋ္ဌ(၂) ဒေါက်တာမြင့်စန်းတို့ကို ဆက်သွယ်မေးမြန်းရာ ၎င်းတို့နှစ်ဦးစလုံးက မသိရသေးကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

ဂျပန်သတင်းဌာန၏ သတင်းဖော် ပြချက်များမှာ မည်သည့်သတင်းအရင်း အမြစ်အပေါ် အခြေခံကာ(မေးမြန်း) ရေးသားထားသည်ကို မသိရကြောင်း ဒေါက်တာမြင့်စန်းက ဆိုသည်။

လက်ရှိတွင် ထားဝယ်အထူးစီးပွား ရေးဇုန်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ JICA က လေ့လာမှုတစ်ခုလုပ်ဆောင် ထားပြီး တွေ့ရှိမှုအစီရင်ခံစာကိုလာမည့် အပတ်တွင် မြန်မာအစိုးရထံ တင်ပြရန်ရှိ ကြောင်း ၎င်းက ပြောသည်။

၎င်းအပြင် ဂျပန်နိုင်ငံက စီမံကိန်း ကြီးတစ်ခုလုံးကို လေ့လာထားသည့် စီမံချက်ရှိပြီး ယင်းစီမံချက်ကိုလည်း သုံးနိုင်ငံဆွေးနွေးရမည် ဖြစ်ကြောင်း ဒေါက်တာမြင့်ဆန်းက ဆိုသည်။

သုံးနိုင်ငံဆွေးနွေးပြီးပါကလည်း စက်မှုဇုန်ကြီး ချက်ချင်းအကောင်အထည် ဖော်နိုင်မည်မဟုတ်သေးဘဲ EIA၊ SIA(ပတ်ဝန်းကျင်နှင့်လူမူဝန်းကျင်ထိခိုက် မှုဆန်းစစ်ခြင်းအစီရင်ခံစာများ) နှင့် အခြေခံ အဆောက်အအုံများကို အရင်လုပ်ဆောင် ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်တွင်းထုတ် ဆဲဗင်းဒေးသတင်း စာတွင်မူ ထားဝယ်အထူးစီးပွားရေးဇုန်ကို လမ်း၊ လျှပ်စစ်၊ ဆိပ်ကမ်းဟူ၍ သုံးပိုင်း ခွဲခြားထားပြီး လမ်းကို ထိုင်းနိုင်ငံချေးငွေဖြင့်လည်းကောင်း၊ လျှပ်စစ်မီးကို ကိုယ် ပိုင်အစီအစဉ်ဖြင့်လည်းကောင်း လုပ်ဆောင်ထားခြင်းကြောင့် ဆိပ်ကမ်းတည် ဆောက်ရန် ဂျပန်နိုင်ငံနှင့် ညှိနှိုင်း နေသည်ဟု ထားဝယ်အထူး စီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောဆိုကြောင်း ဖော်ပြထားသည်။

“အခုသူတို့ရေးတဲ့ပုံစံကြီးက နေ့ချင်း ညချင်းပဲ ဂျပန်တွေက လုပ်တော့မယ့်ပုံစံ ဆိုတော့ ကျွန်တော်လည်း အံ့အားသင့်နေတယ်”ဟု ဒေါက်တာမြင့်စန်းက ပြော သည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့်လမ်း (ရေနက်ဆိပ်ကမ်း- ထီးခီး)ကို ထိုင်းနိုင်ငံ မှ ချေးငွေရယူကာ အဆင့်မြှင့်ရန် လုပ်ဆောင်နေသည်။

Dawei Watch