မြေနီလမ်းကမ်းနားတွင် အမှိုက်ပစ်လျှင် ဒဏ်ငွေ ကျပ်နှစ်သိန်းအထိ ဆောင်ရမည်

0
537

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ် ကွက်နှင့် ရွှေဇင်ယော်ရပ်ကွက်ကြား မြေနီလမ်းကမ်းနားတစ်လျှောက်တွင် အမှိုက်ပစ်လျှင် ဒဏ်ငွေ ကျပ်နှစ်သိန်း အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ကော့သောင်းမြိုနယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌက ပြောသည်။

ပထမအကြိမ် ဖမ်းမိပါက ကျပ် ၁ သိန်း၊ ဒုတိယအကြိမ် ဖမ်းမိပါက ကျပ် ၂ သိန်း ဒဏ်ငွေဆောင်ရမည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

အမှိုက်ပစ်သူ ဖမ်းမိရေး သတင်း ပေးသူအား ဒဏ်ကြေး၏တစ်ဝက် ချီးမြှင့်မည်ဟု ဦးတင်မြင့်က ပြောသည်။

အထက်ပါရပ်ကွက်နှစ်ခုမှ ရပ်ကွက် သူရပ်ကွက်သားများနှင့် စည်ပင်အဖွဲ့တို့ မြို့နယ်စည်ပင်ရုံးတွင် ဇူလိုင်လ ၃ ရက်က ဆွေးနွေးညှိနှိုင်းပြီး ယင်းသို့ ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ကော့သောင်းမြို့တွင် ရပ်ကွက် ၁၀ ခု ရှိရာ ၅ ရပ်ကွက်ကို စည်ပင်သာယာရေး အဖွဲ့ အစီအစဉ်ဖြင့် အမှိုက်သိမ်းနေပြီး အထက်ပါ နှစ်ရပ်ကွက်အပါအ၀င် ကျန် ၅ ရပ်ကွက်ကို ရပ်ကွက်အစီအစဉ် ဖြင့် အမှိုက်သိမ်းနေသည်။

သိမ်းပြီးသည့်အမှိုက်များကို ၁၀ မိုင် ရှိ အမှိုက်ကန်တွင် သွားပစ်နေခြင်း ဖြစ် သည်။

ရပ်ကွက်အမှိုက်သိမ်းယာဉ်အချို့ က ၁၀ မိုင် အမှိုက်ကန်တွင် သွားမပစ်ကြ ဘဲ အထက်ပါနေရာတွင် အမှိုက်လာပစ် ကြရာမှ မြို့အင်္ဂါရပ်နှင့် မညီသည့် အမှိုက်ပုံ ဖြစ်လာသဖြင့် ယင်းသို့ ဆုံးဖြတ်ခဲ့ကြ ခြင်းဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့် က ပြောသည်။

“အမှိုက်ကန်က ၁၀ မိုင်မှာ ဆိုတော့ နည်းနည်း ဝေးတာပေါ့ဗျာ။ ဒါကြောင့် အမှိုက်ပစ်သူတွေက နီးတဲ့နေရာမှာ လာပစ် ကြတာ။ ကားနဲ့၊ ဘေးတွဲ(ဆိုင်ကယ်)နဲ့ကို လာပစ်ကြတာ အဲဒီမှာ”ဟု ဦးတင်မြင့်က ပြောသည်။

လူအများ ကျန်းမာရေးအတွက် လမ်းလျှောက်ကြသည့် ထိုနေရာတွင် အမှိုက်ပုံဖြစ်လာခြင်းကြောင့် ရပ်ကွက် သူရပ်ကွက်သားများ စိတ်အနှောင့်အယှက် ဖြစ်ရသောကြောင့် ယင်းအစီအစဉ်ကို သဘောကျကြောင်း အေးရိပ်ငြိမ်ရပ်ကွက် တွင် နေထိုင်သည့် ကိုသက်နိုင်က ပြောသည်။

“ကမ်းနားမှာ အမှိုက်ပစ်တော့ မြို့ လည်း မလှဘူး။ ကျန်းမာရေးလည်း ထိခိုက်တယ်။ မြို့ရွာ သာယာလှပဖို့အတွက် ရော၊ စည်းကမ်းတကျ အမှိုက်ပစ်ဖို့ အတွက်ပါ ဆုံးဖြတ်လိုက်တယ်လို့  မြင်တယ်”ဟု ကိုသက်နိုင်က ပြောသည်။

ကော့သောင်းမြို့တစ်ခုလုံး အမှိုက် ကို စနစ်တကျ စွန့်ပစ်ရေး ပညာပေး လုပ်ငန်းများ လုပ်ဆောင်သင့်ပြီး စည်ပင်မှ အမှိုက်ကို စနစ်တကျ သိမ်းယူခြင်း၊ အမှိုက်ပုံးများ ထားပေးခြင်းတို့ ပြုလုပ်စေ လိုကြောင်း ၎င်းင်းက ဆိုသည်။

ကော့သောင်းမြို့ပတ်လည်ရှိ ကမ်း နားများ၊ မြစ်ချောင်းများတွင် အမှိုက်ပစ် နေသည့် အလေ့အထရှိဆဲ ဖြစ်ကြောင်း မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

“အမှိုက်သိမ်းစနစ်က သိပ်မကောင်း သေးဘူး။ လူထုကိုလည်း တော်တော် စည်းရုံးရဦးမယ် ထင်တာပဲ” ဟု  ဦးတင်မြင့်က ပြောသည်။

လက်ရှိအချိန်တွင် ယင်းနေရာ တစ်ခုသာ ဆိုင်းဘုတ်စိုက်ထူကာ အမှိုက်မပစ်ရ သတ်မှတ်ထားသည်။

Dawei Watch