အင်းလေးမြိုင်စက်မှုဇုန်အနီး တစ်ပတ်လျှင် ပျမ်းမျှ လုယက်မှု နှစ်ကြိမ်ဖြစ်ပွား

0
617

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန် အနီး လမ်းများတွင် လုယက်မှုများ တစ်ပတ်လျှင် ပျမ်းမျှ နှစ်ကြိမ်ဖြစ်ပွား နေကြောင်း အင်းလေးမြိုင်ရပ်ကွက်နေထိုင်သူအချို့က ပြောသည်။

ယခုနှစ် မေလ၀န်းကျင်မှ စတင်၍ အင်းလေးမြိုင်စက်မှုဇုန်နှင့် မြိတ်တောင် ကျေးရွာအုပ်စုရှိ ရပ်ကွက်များ ဆက်သွယ်ထားသည့် လမ်းများတွင် လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ၎င်းတို့က ဆိုသည်။

လုယက်သူများသည့် အသက်နှစ်ဆယ်ကျော် လူငယ်များဖြစ်ပြီး အုပ်စုတစ်စုလျှင် သုံးဦးမှ ငါးဦးအထိ ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

ဓားများကိုင်ဆောင်ကာ မှောင်ရိပ်ခို၍ လုယက်နေကြကြောင်း အင်းလေးမြိုင် ရပ်ကွက်နေထိုင်သူတို့က ဆိုသည်။

“အုပ်စုက နှစ်စုလောက်ရှိတယ်၊ တစ်စုက ကလေးကစားစရာလို မျက်နှာဖုံး တွေ တပ်ထားကြတယ်”ဟု အင်းလေးမြိုင် ရပ်ကွက်နေ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အဓိက လုယက်ခံရသည့် လမ်းမှာ လူနေအိမ်ခြေမရှိသည့် အထပ်သားစက်ရုံ လမ်းနှင့် အမှိုက်ပုံလမ်းဟု ရပ်ကွက်သားများ ခေါ်ဆိုကြသည့် ရွှေပြည်တန်လမ်း မကြီးနှင့် ဆက်သွယ်ထားသည့် လမ်းဖြစ်ကြောင်း အင်းလေးမြိုင်စက်မှုဇုန်ရှိ ထူးထူးတိုး ကုမ္ပဏီဝန်ထမ်းအချို့က ဆိုသည်။

“မင်းဇာနည် အနောက်လမ်း ချုံတွေ ပေါတဲ့ နေရာက သူတို့စားကျက်ပဲ”ဟု ထူးထူးတိုးကုမ္ပဏီမှ အသက် ၃၉ နှစ် အရွယ် ၀န်ထမ်းတစ်ဦးက ဆိုသည်။

အင်းလေးမြိုင်စက်မှုဇုန်အနီး လမ်းများတွင် လုယက်များနှင့်ပတ်သက်၍ လာရောက်တိုင်ကြားထားသည့် အမှု ၁ မှု သာရှိကြောင်း အမှတ် ၄ နယ်မြေ ရဲကင်း စခန်းတာဝန်ရှိသူက ဆိုသည်။

“လာမတိုင်ကြတာလည်း ရှိချင်ရှိမှာ ပေါ့။ ဒီလထဲမှာတော့ လုယက်မှု မကြားရဘူး”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလ ၃ ရက်က အထပ်သားစက်ရုံအနီးတွင် တက္ကစီဆိုင်ကယ် မောင်းသူတစ်ဦး လက်လုပ်သေနတ် ဖြင့် အပစ်ခံရကာ ဆိုင်ကယ်အလုခံရပြီး မေလ ၁၄ ရက်တွင်လည်း ဆိုင်ကယ်မောင်းသူတစ်ဦး လည်ပင်းကို ဓားဖြင့် အလှီးခံရပြီး ဆိုင်ကယ် အလုခံခဲ့ရသည်။

Dawei Watch