ထားဝယ်မြစ်ကူးတံတားအသစ် ကမြောကင်းတံတားအနီး နေရာသုံးခုတွင် ဆောက်ရန် အဆိုပြု

0
2988

ထားဝယ်မြို့နှင့် လောင်းလုံးမြို့ နယ်ကို ဆက်သွယ်မည့် ထားဝယ်မြစ်ကူး တံတားအသစ်ဆောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင်လ ၇ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ကမြောကင်းတံတား အနီးတွင် ကနဦးအဆိုပြုထားသည့် နေရာ ၃ ခုကို ထုတ်ပြန်ပြသခဲ့သည်။

DDPC ဈေးဝယ်စင်တာနှင့် ကမြောကင်းတံတားအကြားနေရာကို အဆိုပြုနေရာ ၁ အဖြစ် ဖော်ပြထားပြီး ယင်းနေရာတွင် တည်ဆောက်မည်ဆိုပါက တံတားအရှည် ၁၁၀၀ ပေခန့် တည်ဆောက်ရမည်ဖြစ်ကြောင်း ဦးကျော်မျိုးထွန်းက ဆိုသည်။

အဆိုပါနေရာကိုတံတားဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ထားဝယ်သို့ လာရောက်စဉ်က စစ်ဆေးခဲ့ပြီးဖြစ်ကာ အဆိုပါနေရာတွင် တည်ဆောက် သင့်ကြောင်း တင်ပြထားသည်ဟု ဦးကျော်မျိုးထွန်းက ပြောသည်။

အဆိုပြုနေရာ ၂ မှာ DDPC တိုက်ခန်းတန်းများနှင့် ရေဆိပ်ဘုန်းကြီး ကျောင်းအတွင်းမှ ဖြတ်သန်းရမည်ဖြစ်ပြီး တံတားအရှည်မှာ ၁၂၀၀ ပေခန့် ရှည်မည် ဖြစ်ကြောင်း အထက်ပါ တည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပြုနေရာ ၃ ကို ထားဝယ်မြို့သစ် ဧရိယာနှင့် ရေဆိပ်ဘုန်းကြီးကျောင်းတည့် တည့်နေရာကို ဖြတ်သန်းရမည်ဖြစ်ပြီး တံတားအရှည်မှာ ပေ ၁၈၀၀ ခန့် ရှည်လျားမည်ဖြစ်ကြောင်း တည်ဆောက်ရေးအဖွဲ့(၄) ထံမှ သိရသည်။

ကမြောကင်းတံတားနေရာအနီးတွင် တည်ဆောက်ပါက ထားဝယ်အထူး စီးပွားရေးဇုန်၊ မောင်းမကန်ကမ်းခြေ၊ ထားဝယ် တက္ကသိုလ် အစရှိသည့်နေရာ များရှိနေခြင်းတို့ကြောင့် လက်ရှိတံတား နေရာတွင် တည်ဆောက်ရန် အဆိုပြု ခြင်းဖြစ်ကြောင်းညွှန်ကြားရေးမှူး ဦးကျော်မျိုးထွန်းက ဆိုသည်။

ယင်းအပြင်ခရီးသွားများ မောင်းမကန် ကမ်းခြေကို သွားပါက လက်ရှိတံတား ဟောင်းနေရာတွင် ယာဉ်ပိတ်ဆို့မှုမရှိဘဲ သွားလာနိုင်သည့် အနေအထားရှိသည့်အတွက် ယင်းနေရာကို အဆိုပြုထားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီနေရာဆောက်ရင် တံတားရဲ့ ကုန်ကျစရိတ်ကလည်း အနည်းဆုံးဖြစ် နိုင်တယ်။ ချဉ်းကပ်လမ်းအနေနဲ့လည်း အနည်းဆုံး ဖြစ်နိုင်တဲ့အတွက် ကျွန်တော် တို့က ဒီနေရာလေးကို အဆိုပြုတင်ပြ ထားခြင်းဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွန်းက ပြောသည်။

လက်ရှိကမြောကင်းတံတားတွင်ပျမ်းမျှ ဆိုင်ကယ်အစီးရေ ၁၀၀၀ ကျော် နှင့် ကားအစီးရေ ၂၅၀ စီးမှ ၃၅၀ စီးခန့် နေ့စဉ်ဖြတ်သန်းနေကြောင်း အထက်ပါ တည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။

တံတားအသစ်တည်ဆောက်ရေးအတွက် ပြုလုပ်သည့် အထက်ပါဆွေးနွေး ပွဲကို တက်ရောက်သည့် ဒေသခံအားလုံး နီးပါးကမူ လက်ရှိအဆိုပြုနေရာများတွင်မဆောက်သင့်ဘဲ ကြက်စားပြင်ရပ်ကွက် တွင်သာ တည်ဆောက်သင့်ကြောင်း ဆွေးနွေးပြောဆို ကြသည်။

တံတားအသစ်ကိုကြက်စားပြင်- မင်းရပ်ရွာဘက်တွင် ဆောက်ပါက လောင်းလုံးမြို့နယ်မှ မြိတ်ကားလမ်းသို့ သွားရောက်ရာတွင်ထားဝယ်မြို့အား ရှောင်ကွင်းပြီး သွားလာနိုင်ခြင်း၊ ထားဝယ် မြို့ပြချဲ့ထွင်မှုအပိုင်းနှင့် ဖွံ့ဖြိုးတိုးတက် မှုအပိုင်းတို့တွင် ဟန်ချက်ညီလာနိုင်ခြင်း၊ မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုနည်းပါး လာနိုင်ခြင်း အစရှိသည့် အားသာချက်များရှိကြောင်း ဒေသခံများက ဆွေးနွေး အကြံပြုခဲ့ကြသည်။

တံတားအသစ်ကိုကြက်စားပြင်- မင်းရပ်ရွာဘက်တွင် တည်ဆောက်ပါက လက်ရှိတံတားကို သွားသည့် လမ်းကြောင်း တွင်လည်းယာဉ်ကြောများရှင်းလင်းသွား နိုင်သကဲ့သို့ လောင်းလုံးဒေသထွက် ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင်လည်း လွယ်ကူမြန်ဆန် လာနိုင်ကြောင်း ထားဝယ်မြို့ခံတစ်ဦးဖြစ်သည့် ဦးအောင် နိုင်ဦးကဆိုသည်။

ဒေသခံအများစုအဆိုပြုသည့် ကြက်စားပြင် – မင်းရပ်ရွာနေရာတွင် ထားဝယ်မြစ်ပိုကျယ်သွားပြီး တံတားဆောက် မည်ဆိုပါက ပင်မတံတားအရှည်မှာ အနည်းဆုံး ၁၇၀၀ ပေခန့်ဖြစ်သွားနိုင် ကြောင်း ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွန်းက ဆိုသည်။

ယင်းအပြင်တံတားချဉ်းကပ်လမ်း မှာလည်း ဌာနမှ အဆိုပြုထားသည့် လက်ရှိတံတားအဟောင်းနေရာနှင့် နှိုင်းယှဉ်ပါက ပိုရှည်သွားနိုင်ကြောင်း ၎င်းက ပြောသည်။

“တံတားကို ဒီနေရာမှာ(လက်ရှိ တံတားနေရာ)  ဆောက်လိုက်ခြင်းအား ဖြင့် ချဉ်းကပ်လမ်းလည်း ကုန်ကျမှာပဲ၊ တံတားအတွက်လည်း ကုန်ကျမှာပဲ၊ ကုန်ကျတာချင်းအတူတူ လူဦးရေအနည်း အများအပေါ်မှာ မူတည်ပြီးတော့ ထည့်စဉ်း စားတာမျိုး ဖြစ်စေချင်တယ်”ဟု ဆွေးနွေး ပွဲတက်ရောက်ခဲ့သည့် မြို့ခံကိုဝေဖြိုးက
ပြောသည်။

ဒေသခံများ၏ဆွေးနွေးချက်များ ကို မှတ်သားထားပြီး တံတားဦးစီးဌာန မှတစ်ဆင့် ပြည်ထောင်စုအစိုးရ၊ တိုင်း အစိုးရနှင့် တိုင်းလွှတ်တော်ထံ ဆက်လက် တင်ပြမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွန်းကဆိုသည်။

တံတားအသစ်ဆောက်လုပ်မည့်နေရာကို တိုင်းအစိုးရနှင့် ပြည်ထောင်စု အစိုးရက ဆုံးဖြတ်အတည်ပြုမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

တံတားဆောက်ရန်အတည်ပြု သည့်နေရာတွင် အကြိုအင်ဂျင်နီယာလုပ် ငန်းများကို လာမည့်ဘဏ္ဍာရေးနှစ် ပွင့် လင်းရာသီအပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးကျော်မျိုးထွန်းက ပြောသည်။

လက်ရှိ ကမြောကင်းတံတားကို၁၉၇၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး အရှည်ပေ ၁၁၀၀၊ ယာဉ်သွားလမ်း အကျယ် ၂၂ ပေရှိသည်။

အဆိုပါတံတားကို ပြုပြင်ထိန်းသိမ်း မှုများ ပုံမှန်လုပ်မည်ဆိုပါက နောက်ထပ် နှစ်ပေါင်း ၅၀ သို့မဟုတ် နှစ်
၁၀၀ ခန့်အထိ ဆက်လက်အသုံးပြုနိုင်သေး ကြောင်း ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်း
ခန့်မှန်းသည်။

အသစ်တည်ဆောက်မည့် ထားဝယ် မြစ်ကူးတံတားအသစ်ကို နှစ်လမ်းသွား တံတားအဖြစ် တည်ဆောက်မည်ဖြစ်ပြီး ကားလမ်းအကျယ် ၂၈ ပေနှင့် လူသွားလမ်း ပါဝင်မည်ဖြစ်ကြောင်း တံတားဦးစီးဌာန အထက်ပါ တည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။