တနင်္သာရီတိုင်း ဧရိယာ၏ သုံးပုံတစ်ပုံ ကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော

0
567

တနင်္သာရီတိုင်း ဧရိယာ၏ သုံးပုံတစ်ပုံသည် ကြိုးဝိုင်း၊ ကြိုးပြင်၊ သဘာဝ ထိန်းသိမ်းရေးနယ်မြေများဖြစ်ပြီး  စုစု ပေါင်း အရေအတွက် ငါးဆယ်နီးပါးရှိ ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

၁၈၈၃ ခုနှစ်မှ လက်ရှိအချိန်ထိ ကြိုးဝိုင်း၊ ကြိုးပြင်၊ သဘာဝထိန်းသိမ်း ရေးနယ်မြေ ၄၉ ခုရှိပြီး အကျယ်အ၀န်း အားဖြင့် စုစုပေါင်း ဧက ၃၄ သိန်းကျော်ရှိ ကြောင်း သစ်တောဦးစီးဌာန စာရင်းအရ သိရသည်။

တနင်္သာရီတိုင်းအတွင်း သစ်တော ဌာနက စီမံခွင့်ရှိသည့် သစ်တောကြိုးဝိုင်း ၂၉ ခု၊ ကြိုးပြင်ကာကွယ်တော ၁၇ ခု၊ သဘာဝထိန်းသိမ်းနယ်မြေ ၃ ခုမှ စုစုပေါင်း မြေအကျယ်အ၀န်းမှာ ၃၄၅၅၇၃၂ ဒသမ ၅၁ ဧကရှိကြောင်း အထက်ပါဌာန စာရင်းများအရ သိရသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ တနင်္သာရီတိုင်း၏ ဧရိယာအကျယ် အ၀န်းမှာ ဧက ၁၀၇ သိန်းကျော်ရှိသည့် အတွက် အထက်ပါ ဧရိယာမှာ တိုင်း ဧရိယာ၏ သုံးပုံတစ်ပုံ ရှိနေသည်။

ကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော များကို ရေမြေထိန်းသိမ်းကာကွယ်ရန်၊ ဒီရေတော ထိန်းသိမ်းကာကွယ်ရန်၊ သဘာ၀၀န်းကျင်နှင့် ဇီဝမျိုးများထိန်းသိမ်းကာကွယ်ရန်၊ သစ်တောထွက်ပစ္စည်းများကို စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေး ထိန်းသိမ်းကာကွယ်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခြင်းဖြစ် ကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဖေချစ်က ဆိုသည်။

“ရည်ရွယ်ချက်က အဲဒီလုပ်ငန်းတွေ လုပ်ချင်လို့ ကြိုးပြင်ကာကွယ်တောတွေ ဖွဲ့တာပါ”ဟု ဦးဖေချစ်က ပြောသည်။

၂၀၁၅ ခုနှစ်စာရင်းအရ တနင်္သာရီ တိုင်း၏ သစ်တောဖုံး လွှမ်းမှုဧရိယာက ၆၄ ဒသမ ၉၉ ရာခိုင်နှုန်းရှိသည့်အနက် သစ်တောဌာနက ထိန်းသိမ်းခွင့်ရသည့် ကြိုးပြင်၊ ကြိုးဝိုင်းဧရိယာက ၃၂ ရာခိုင်နှုန်းသာရှိပြီး ကျန်သည့်သစ်တော ဖုံးလွှမ်းနေရာများကို ထိန်းသိမ်းကာကွယ် နိုင်ရန် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဦးဖေချစ်က  ဆိုသည်။

လက်ရှိ သတ်မှတ်ထားသည့် ကြိုး ၀ိုင်း၊ ကြိုးပြင်၊ သဘာဝထိန်းသိမ်းရေးနယ်မြေများအပြင် ကြိုးပြင်ကာကွယ် တောအဖြစ် ထပ်မံဖွဲ့စည်းရန် အဆိုပြု တင်ပြထားသည့် နေရာ ၂၀ ခုနှင့် ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း ကြေညာ ထားသည့် နေရာ ၈ ခု ရှိသေးသည်။

ကြိုးပြင်ကာကွယ်တောအဖြစ်ဖွဲ့ စည်းရန် ပြင်ဆင်နေသည့် ၂၈ ခုတွင် အကျယ်အ၀န်းအားဖြင့် ဧက လေးသိန်းနီး ပါး ရှိသည်။

ယင်းကဲ့သို့ ကြိုးပြင်ကာကွယ် တောများ ဖွဲ့စည်းမည်ဆိုပါက ကွင်းဆင်း ပြီး ဒေသခံပြည်သူများနှင့်အရင်ဆုံး တွေ့ဆုံကာ ဆန္ဒသဘောထားရယူပြီးမှ လုပ်သင့်ကြောင်း မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ တိုင်းဒေသကြီးတာဝန်ခံ ကိုစံငွေက ဆိုသည်။

ဥပမာအနေဖြင့် ကြိုးပြင်ကာကွယ် တောအဖြစ် ဖွဲ့စည်းရန် လက်ရှိလုပ် ဆောင်နေသည့် ဘုတ်ပြင်းမြို့နယ်အတွင်း ရှိ ထင်းမယ်ကြိုးပြင်ကာကွယ်တောဧရိ ယာအတွင်း ဒေသခံများလုပ်ကိုင်စား သောက်နေသည့် ဥယျာဉ်ခြံများနှင့် ဒေသခံများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထိန်းသိမ်းထားသည့် သစ်တောနယ်မြေများ ပါဝင်နေ မှုများရှိကြောင်း ၎င်းက ပြောသည်။

“ကြိုးပြင်ကာကွယ်တော သတ်မှတ် ရင်လည်း မြေပြင်အနေအထားအရကို အသေအချာ ကွင်းဆင်းတာ မရှိဘဲနဲ့ လုပ်ရင်တော့ ဒီလိုမျိုးပဲ လူထုတွေနဲ့ ထပ်ပြီး ပြဿနာဆက်ဖြစ်နေဦးမှာ ပေါ့နော်”ဟု ကိုစံငွေက ဆိုသည်။

ပြည်ထောင်စုအစိုးရက ကြိုးပြင် ကာကွယ်တောအဖြစ် ရည်ရွယ်ကြောင်း ကြေညာပြီးနောက်ပိုင်းတွင် လျာထား သည့် ကြိုးပြင်ကာကွယ်တော ဧရိယာ အတွင်း လယ်ယာများ၊ လူနေရွာများ အစရှိသည့် ဒေသခံများ၏ ပိုင်ဆိုင်မှု များ ပါဝင်နေကြောင်း တင်ပြလာပါက ချန်လှပ်လေ့ရှိကြောင်း သစ်တောဦးစီး ဌာနထံမှ သိရသည်။

ယင်းအပြင် တနင်္သာရီ အမျိုးသား ဥယျာဉ်၊ ဒုံးကျွန်းစု အဏ္ဍ၀ါအမျိုးသား ဥယျာဉ်နှင့် လငန်းအဏ္ဏ၀ါ သဘာဝနယ် မြေများကိုလည်း ထပ်မံဖွဲ့စည်းရန် ပြင် ဆင်နေကြောင်း တိုင်းသစ်တောဌာနထံမှ သိရသည်။   

Dawei Watch