ဆီအိုးကြီးကြားက မြေငတ်နေသည့် ရွာများ

0
2188

“စိုက်ပျိုးမြေကွက်များ တရားဝင် ရရှိရေး”

တနင်္သာရီတိုင်းအတွင်း ဆီအုန်းစိုက် ပျိုးရေးစီမံကိန်းနှင့် ဆက်နွှယ်နေသော ရွာအားလုံး၏ တူညီသည့် လိုလားမှု တစ်ခု ဖြစ်သည်။

ယခုကဲ့သို့သော စိုက်ပျိုးရာသီသည် ထိုရွာသူရွာသားများ မိမိပိုင် မြေကွက်ပေါ် အနှောင့်အယှက်ကင်းကင်းဖြင့်  တစ်နိုင် တစ်ပိုင် စိုက်ပျိုးခွင့်ရရေးကို ယင်းအထဆုံး အချိန် ဖြစ်သည်။

ဆီအုန်းခြံကြီးများနှင့် ဆက်နွှယ်နေ သည့်ရွာဟုဆိုရာတွင် တနင်္သာရီတိုင်း အတွင်း ဆီအုန်းစီမံကိန်းနှင့် မြေယာ ပြဿနာ ပေါ်ပေါက်နေသည့်ရွာ ၃၀ ကျော် ရှိနေပါသည်။ ထိုထဲတွင် ဆီအုန်းခြံကြီး များအလယ်သို့ ကျရောက်နေသည့်ရွာ ၁၁ ရွာ ရှိသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် MASPP မလေးရှား ဆီအုန်းကုမ္ပဏီစီမံ ကိန်းဧရိယာအတွင်းသို့ ဘောစနွေး၊ ဆွယ်ချောင်း၊ သိမ်ပြင်၊ က၀က်ရွာများ ကျရောက်နေပြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်ရှိ MAC ကိုးရီးယား ဆီအုန်းကုမ္ပဏီ စီမံကိန်း ဧရိယာအတွင်း သို့ မနိုးရိုး၊ မနိုးလားကြီး၊ မနိုးလားငယ်၊ ထောင်ကမက်၊ သက်ကပြင်ရွာတို့ ကျရောက်ခဲ့သည်။

ကော့သောင်းခရိုင်တွင် ဒဂုံတင်းဘား နှင့် ယုဇနဆီအုန်းခြံတို့ကြားသို့ ချောင်းဖျား ကြီး၊ သရက်ပင်ရွာတို့ ကျရောက်နေသည်။

ဆီအုန်းခြံ အ၀ိုင်းခံထားရခြင်းမရှိ သော်လည်း ဆီအုန်းခြံများ ပိတ်ဆို့ကာ ဆီးထားသဖြင့် စိုက်ပျိုးရန်နှင့် လူနေအိမ် ရာမြေ ချဲ့ထွင်ရန် မြေမရှိတော့သည့် ရွာများလည်း ရှိနေသည်။

ရှမ်းကိုးရွာဟု လူသိများသည့် ကော့သောင်းမြို့နယ် ထိုင်းမြန်မာနယ်စပ် ပါချန်မြစ်တစ်လျှောက် ရွာတချို့မှာ ရွာတောင်ဘက်တွင် နယ်စပ်မြစ်၊ ရွာမြောက်ဘက်တွင် ရွာစပ်မှအစ ဆီအုန်း ခြံကြီးများ။ ရွာမရှိသည့် နေရာအချို့တွင် ဆီအုန်းခြံများက ပါချန်ကမ်းပါးထိ စိုက်ပျိုးထားရာ ရှမ်းကိုးရွာထဲမှ ရွာအချို့မှာ ဆီအုန်းခြံ အ၀ိုင်းခံထားရသကဲ့သို့ပင် ဖြစ်နေသည်။ ရွာတချို့က ရွာအနောက် ဘက်တွင် ပင်လယ်၊ ရွာအရှေ့ဘက်တွင် ရွာစပ်မှစ ဆီအုန်းခြံကြီးများ။

ကော့သောင်းခရိုင် စူငယ်ဘာလိုင်း ကျေးရွာအုပ်စုမှ ဘာလိအော်အပါအ၀င် တောဝိုင်းမော်၊ ကံမော်ကြီး၊ ကျားကိုက် အော်၊ အောင်ဇမ္ဗူ  ရွာ ၅ ရွာမှာ ပင်လယ်ကမ်းစပ်တစ်လျှောက် တည်ရှိ သည်။ ဆီအုန်းခြံများက ၎င်းင်းကမ်းရိုးတန်း ရွာများ၏ ရွာထိပ်မှအစ အရှေ့ဘက် ထိုင်း နယ်စပ်အထိ တစ်မျှော်တစ်ခေါ်။

အထက်ပါရွာများအားလုံး၏ တူညီ သည့်တောင်းဆိုမှုမှာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမြေကွက် တရားဝင် ရရှိရေး ဖြစ်သည်။

“ကျွန်တော်တို့ ကျေးရွာပိုင်မြေလို တယ်၊ ဆင်းရဲသားတွေ ဘယ်သူမဆို ငါးဧကနိုင် ငါးဧက၊ ဆယ်ဧကနိုင် ဆယ်ဧက လုပ်စားနိုင်ဖို့၊ ဒါမှလည်း ဒီရွာကြီးက နောက်မျိုးဆက်အထိ တည်နိုင်မယ်”ဟု ဘာလိအော်ရွာသား ဦးရဲအောင်က ပြောသည်။

ဆီအုန်းကုမ္ပဏီများဘက်ကမူ ၎င်း တို့သည် အစိုးရတွင် တရားဝင် မြေငှားရမ်း လုပ်ကိုင်နေပြီး ထိုရွာများထဲမှ အချို့သည် ဆီအုန်းစီမံကိန်း စတင်ပြီးနောက်မှ စီမံကိန်းကို အမှီပြုပေါ်ပေါက်လာသည့် ရွာများသာ ဖြစ်သည်ဟု ဆိုကြသည်။

ရွာသားများဘက်ကလည်း ၎င်းရွာ များသည် တနင်္သာရီတိုင်းသို့ ဆီအုန်း ကုမ္ပဏီများ အခြေမချခင်ကတည်းက တည်ထောင် ထားပြီးသား၊ ဓားမဦးချ စိုက်ပျိုးမှု ရှိထားပြီးသားဖြစ်ကြောင်း ပြန်လည် ချေပပြောဆိုကြသည်။

ဓားမဦးချ စိုက်ပျိုးမြေများကို ဆီအုန်းကုမ္ပဏီတို့က အဓမ္မ ၀င်ရောက် ဖျက်ဆီးခဲ့ကြောင်း၊ တချို့ရွာများမှာ ပျက်စီး ပြောင်းရွှေ့ ရသည်အထိဖြစ်ခဲ့ ကြောင်း ပြောကြသည်။ သက်သေအနေ ဖြင့် ၎င်းတို့ရွာမြေများနှင့် လက်ကျန် ဥယျာဉ်ခြံများအတွင်းမှ သက်တမ်းရင့် နှစ်ရှည်ပင်အချို့ကို ညွှန်ပြကြသည်။ ဥပဒေစိုးမိုးမှုအားနည်းပြီး ပြောရေးဆိုခွင့် မရရှိသည့် တစ်ခေတ်တစ်ခါက

“တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဖြစ်စေရမည်” ဟူသည့် ဆောင်ပုဒ်အောက်တွင် ထိုရွာများ ငြိမ်သက် နေခဲ့ကြသည်။ ယခုအချိန်တွင် ထို ဆီအိုး ကြားက ရွာများက ၎င်းတို့ တရားဝင် စိုက်ပျိုးမြေရရှိရေး တစ်ခဲနက် တောင်းဆို လာကြသည်။

၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို အတည်ပြုလိုက်သောအခါ ပုဒ်မ ၂၂(ဂ)ပါ မူလခွင့်ပြု ကာလထက် ကျော်လွန် သည်အထိ ထုတ်ဖော်လုပ်ကိုင်အသုံး ပြုခြင်း မရှိသေးသော မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည် သိမ်းယူပြီး ဖြစ်သည်ဟု မှတ်ယူရမည် ဟူသည့် ပြဋ္ဌာန်းချက်ကို ကိုင်စွဲကာ ကုမ္ပဏီ မှ မစိုက်ပျိုးသေး သည့်မြေများတွင် အတင်းဝင်ရောက် စိုက်ပျိုးလာကြသည်။

“၁၈ နှစ်လောက် စိုက်လာတာ သစ်ပင်တစ်ပင်မှ မရှိဘဲ မလွတ်ဘူး။ ကုမ္ပဏီမြေတဲ့။ ဒီလိုဆိုရင် သူများကျွန်ပဲ ဖြစ်နေမယ်။ ခိုင်းဖတ်ပဲ ဖြစ်နေမယ်။ ဒီတော့ ရိုင်းရိုင်းပြောရင် ၀င်လု(ကြ)တယ်ပေါ့ဗျာ”ဟု ကော့သောင်းမြို့နယ် ချောင်းဖျားကြီး ကျေးရွာတာဝန်ခံ ဦးမြင့်နိုင်က ပြောသည်။

ထိုသို့ ၀င်ရောက် စိုက်ပျိုးရာတွင် ကုမ္ပဏီမှ အမှန်ပင် မစိုက်ပျိုးသည့်မြေများ တွင်သာ ၀င်စိုက်ကြပြီး ကုမ်္ပဏီမှ စိုက်ပျိုး ထားသည့် အပင်များကို တစ်စုံတစ်ရာ ဖျက်ဆီးခြင်းမျိုး မပြုကြဟု ရွာသားများက ဆိုကြသည်။

ပါချန်မြစ်တစ်လျှောက် ကျေးရွာ အတော်များများမှာ ယုဇနဆီအုန်းခြံနှင့် ဆက်စပ်နေရာ စိုက်ပျိုးမြေ လုံလောက် သည့်ရွာဟူ၍ မရှိသည့်အတွက် ရွာသားအချို့မှာ ကုမ္ပဏီပိုင် မြေများတွင် အရဲစွန့် ၀င်ရောက် စိုက်ပျိုးနေကြကြောင်း ကော့ သောင်းမြို့နယ် လုံးဖောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖုန်းနိုင်စိုးက ပြော သည်။

“ရွာသားတွေကအခု ရရင်တော့ ယူမယ် ဆုံးချင်ရင်လည်း အဆုံးဆိုပြီး တော့ ယုဇန အပိုင်ဆိုတဲ့ မြေထဲမှာပဲ ၀င်လုပ်နေကြတာပဲ။ သူ့အပင် ခုတ်သတ်ပြီး ယူတာတော့ မဟုတ်ဘူး။ လွတ်တဲ့နေရာ မှာ ၀င်စိုက်နေကြတာပါ” ဟု ဦးဖုန်းနိုင်စိုးက ပြောသည်။

ယင်းသို့ ၀င်စိုက်ကြသည်ကို ကုမ္ပဏီ များဘက်မှ လက်ပိုက်ကြည့်မနေပါ။ ကုမ်္ပဏီဘက်မှ လုပ်သားအင်အားအလုံး အရင်းဖြင့် အပင်များဝင်ခုတ်သတ်ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်လေ့ရှိသည့်အပြင် ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် တောင်သူများကို တရားစွဲကြပါသည်။ တနင်္သာရီတိုင်း၏ ရေဖြူ၊ တနင်္သာရီ၊ ကော့သောင်းမြို့နယ်တို့တွင် တောင်သူများ ကို ကုမ္ပဏီများဘက်မှာတရားစွဲသဖြင့်အချို့ ထောင်ကျခဲ့ရသည့် ဖြစ်စဉ်များ လည်းရှိခဲ့ပြီး ယခုတိုင် အမှုရင်ဆိုင်နေရ ဆဲ တောင်သူများလည်း ရှိနေသည်။

လုံးဖောရွာအထက်ပိုင်းတွင်လည်း စိုက်ပျိုးရေးရွာ ၄ ရွာ ရှိရာ ယင်းရွာများ အနက် အောင်သာယာ ရွာသား ၃၀ကျော် ယခုနှစ် မတ်လခန့်က တရားစွဲခံခဲ့ရ ကြောင်း ဦးဖုန်းနိုင်စိုးက ပြောသည်။ ကုမ္ပဏီတစ်ခုမှ ၎င်းငှားရမ်းထားသည့်မြေ တွင် ကျူးကျော် စိုက်ပျိုးသည်ဟုဆိုကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“ကုမ်္ပဏီက မလုပ်နိုင်တဲ့မြေတွေကို ကျွန်တော်တို့ ရွာသားတွေကို တရားဝင် လုပ်ပိုင်ခွင့်ပေးဖို့ လိုမယ်။ ဒါမှ တောင်သူ တွေက ရဲရဲတင်းတင်း ရင်းနှီးနိုင်မယ်”ဟု ဦးဖုန်းနိုင်စိုးက ပြောသည်။

ယင်းကိစ်္စအတွက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များလည်း အငြိမ် မနေပါ။

““တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသည့် ဆီအုန်းပြဿနာများအား ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့မှ ကြပ်ကြပ်မတ်မတ် အရေးယူ ဆောက်ရွက်ရေးပေးရန် တိုက်တွန်း ကြောင်းအဆို”ကို တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက တိုင်းလွှတ်တော်တွင် တင်သွင်းဆွေးနွေးခဲ့ပါသည်။ အဆိုတွင် ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းများကြောင့် ဖြစ်ပေါ် နေသော ဒေသခံများ၏ မြေယာ၊ လူမှုဘ၀နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက် မှုဆိုင်ရာ ပြဿနာများကို ထိရောက်စွာ ဖြေရှင်း ပေးနိုင်ရန်၊ ဥပဒေ၊ နည်းဥပဒေများ လိုက်နာရန် ပျက်ကွက်နေသော ဆီအုန်း စိုက်ပျိုးရေး လုပ်ငန်းများ၊ သတ်မှတ်ခွင့်ပြု လျာထားချက်အတိုင်း ပြည့်မီအောင် မစိုက်ပျိုးနိုင်သည့် ကုမ္ပဏီများထံမှ ဥပဒေ နှင့်အညီ ရယူထား ခြင်းမရှိသော မြေများ ကို ဒေသခံပြည်သူများထံသို့ ပြန်လည် ပေးအပ်နိုင်ရေး အစိုးရမှ ကြပ်မတ် ပေးရေး ပါဝင်ပါသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင် ကျင်းပသည့် လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းသော ယင်းအဆိုက လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရာ အောင်မြင်ခဲ့ပါသည်။

တိုင်းအစိုးရကလည်း ဆီအုန်း ကုမ္ပဏီများ မစိုက်ပျိုးသည့် မြေများကို ပြန်သိမ်းကြောင်းကြေညာပါသည်။ လုပ်ကိုင်ခွင့် ရရှိထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား သတ်မှတ် ကာလ(၄)နှစ် ပြည့်မြောက်ပြီးသည့်အချိန် အထိ စိုက်ပျိုး လုပ်ကိုင်မှုမရှိသဖြင့် ပြီးခဲ့သည့်ဧပြီလအထိ တနင်္သာရီတိုင်း အတွင်း မြေ ၃ သိန်းကျော် (၃၃၁၂၈၉ ဒသမ ၉ ဧက)ကို နိုင်ငံတော်ပြန်တမ်းဖြင့် ခွင့်ပြုမိန့် ရုပ်သိမ်းထားပါသည်။

ဒေသခံများအနေဖြင့် အထက်ပါ မြေနေရာများအား လုပ်ကိုင်ခွင့် လျှောက်ထားလိုပါက သက်ဆိုင်ရာ မြို့နယ်လယ်ယာ မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာန(မြို့နယ်မြေစာရင်း)တွင် ဆက်သွယ် စုံစမ်းလျှောက်ထားနိုင်ကြောင်း တိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြော သည်။

သို့သော် မြေနေရာများ လျှောက် ထားရာတွင် မြို့နယ်မြေစာရင်းဌာန များက ၀န်ထမ်းအင်အား မလုံလောက် ခြင်း၊ မြေယာ ပိုင်ဆိုင်မှု အချက်အလက် မပြည့်စုံခြင်း၊ နည်းပညာအားနည်းခြင်း စသည်တို့ကို အကြောင်းပြကာ ပူးပေါင်း ကူညီမှု အားနည်းလှကြောင်း တောင်သူများက ပြောဆိုကြသည်။

၂၀၁၈- ၂၀၁၉ ခုနှစ်အတွင်း ဒေသခံဦးရေ ၂ ထောင်နီးပါး (၁၉၃၀ ဦး)က မြေဧက ၂ သောင်းကျော်(၂၃၇၅၄ ဒသမ ၆ ဧက) အား လုပ်ကိုင်ခွင့်လျှောက် ထားဆဲ အခြေအနေတွင် ရှိကြောင်း တိုင်းအစိုးရအဖွဲ့က ယခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်များအရ လုပ်ကိုင်ခွင့်ရရှိပြီးနှင့် လျှောက်ထားပြီး သည့် မြေဧကစုစုပေါင်းမှာ ၂ သောင်း ကျော်ကျော်သာ ရှိသေးသည်။

ယခင်မြေလွတ်မြေလပ်များ မပါဝင် ဘဲ အစိုးရပြန်တမ်းဖြင့် လက်ရှိပြန်သိမ်း မြေပင် ၃ သိန်းကျော် ရှိနေသည်။ သို့ ကြောင့် လျှောက်ထားမည်ဆိုက မြေနေရာ များစွာ ရှိနေသေးသည်။ ဆီအုန်းခြံကြား က ရွာများဆီသို့မူ မည်သည့်ကုမ္ပဏီ၏ မည်သည့် နေရာတွင် ဧကမည်မျှကို အစိုးရက ပြန်သိမ်းလိုက်ကြောင်း သတင်းအချက်အလက် စီဆင်းလာခြင်း မရှိဟု ဆိုကြသည်။

“သိမ်းထားတယ်ဆိုတာတော့ သိရတယ်။ ဘယ်ဆီအုန်းခြံမှာ ဘယ် လောက်ပြန်သိမ်းထားတယ်၊ ဘယ်အကွက် က ဘယ်တောင်တန်းကို သိမ်းထားတယ် ဆိုတာ ကျွန်တော်တို့ မသိရဘူး”ချောင်းဖျား ကြီးရွာ ကျေးရွာတာဝန်ခံ ဦးမြင့်နိုင်က ပြောပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းကမူ ပြန်သိမ်း မြေများကို ရွာသားများမှ လျှောက်ထား ကြရန် တိုက်တွန်းပြီး လျှောက်ထားလိုသူ များအနေဖြင့်  မြို့နယ်မြေစာရင်းရုံးတွင် စုံစမ်းနိုင်ကြောင်းသာ ညွှန်းဆိုပါသည်။

“သူတို့(မြို့နယ်မြေစာရင်း)ဆီမှာ ခု သိမ်းထားတဲ့ မြေနေရာတွေရော၊ ယခင်မြေလွတ်မြေလပ် စာရင်းတွေပါ ရှိတယ်” ဟု ၀န်ကြီး ဦးမြင့်စန်းက ပြောပါ သည်။

ထို ဆီအုန်းခြံကြားက ရွာတချို့ ၏ မြေယာ ငတ်မွတ်မှုမှာ စိုက်ပျိုးမြေ ရရှိရေးအပြင် ကျေးရွာပိုင်ဘုံမြေ၊ ကျေးရွာ ခြင်းဆက် လမ်းမြေများအရေးပါ ရှိနေပါ သေးသည်။ ချောင်းဖျားကြီးရွာမှ ရာအိမ် မှူး ဦးမြင့်နိုင်နှင့် ဘာလိအော်ရွာမှ ဦးရဲအောင်တို့က ၎င်းင်းတို့ရွာတွင် တိုးတက် လာမည့်လူဦးရေအရ ကျေးရွာ တိုးချဲ့နိုင် ရန် ကျေးရွာပိုင်ဘုံမြေများ သတ်မှတ်ပေး စေလိုနေကြသည်။

“ရွာမြေဘယ်လောက်ဆိုတာ သတ် သတ်မှတ်မှတ် ရှိစေချင်တယ်။ အခုက ဆီအုန်းပင်တွေက ပင်လယ်ကမ်းစပ်ထိ ရောက်နေပြီ”ဟု ဦးရဲအောင်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်စုကြည်၏ ဖေဖော်ဝါရီလ ကော့သောင်းခရီးစဉ်တွင် အထက်ပါ စူငယ်ဘာလိုင်း ကျေးရွာအုပ်စု ရွာအချို့ သို့ သွားသည့်လမ်းအား ပိုကောင်းဆီအုန်း ကုမ္ပဏီမှ ဂိတ်များ ချတားစစ်ဆေးခြင်း၊ ညဘက် ပေးမဖြတ်ခြင်းကို တိုင်ကြားခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် အပြီးတွင် ယင်းကိစ္စကို ပိုကောင်းဆီအုန်း ကုမ္ပဏီက လမ်းသစ်တစ်ခုကို ခြံမြေ အဖြစ်မှစွန့်လွှတ်ကာ လမ်းကြမ်းဖောက် ပေးခဲ့သော်လည်း ထိုလမ်းမှာ မိုးတွင်း သွားလာရန် အဆင်မပြေ ဟု ရွာသားတို့ က ညည်းညူနေကြဆဲ ဖြစ်သည်။

ကုန်းလမ်းအတွက် ယုဇနဆီအုန်း ခြံလမ်းကိုသာ အားထားနေရဆဲ ဖြစ်သည့် ကော့သောင်း လုံးဖောရွာနေ အုပ်ချုပ် ရေးမှူး ဦးဖုန်းနိုင်စိုးကမူ လက်ရှိတွင် ၎င်း၏ ရွာသူရွာသားများ စိုက်ပျိုးမြေ တရားဝင်ရရှိရေးသာ အစိုးရမှ လုပ် ဆောင်ပေးစေလိုကြောင်း ပြောသည်။

“ဥယျာဉ်ခြံရှိမှ ရပ်တည်လို့ ရမှာ ကိုး။ တရားဝင် လွတ်လွတ်လပ်လပ် လုပ်လို့ ရနိုင်တဲ့အနေအထားလေးရရင် ကျေနပ်ပါပြီ။ ခုက မရဲတရဲ လုပ်နေရ တယ်၊ တချို့က ဟိုဘက်ကမ်း(ထိုင်းက) ငွေရှာလာပြီး ဒီမှာ စိုက်ပျိုးခြံ လုပ်ကြ တာ။ ဒါတွေ မဆုံးရှုံးစေ ချင်ဘူး”ဟု ဦးဖုန်းနိုင်စိုးက ပြောသည်။

မင်းခန့်