အိမ် အလှူ

0
2243

ဘ၀တွင် အခြားမိသားစုတစ်စု လုံခြုံစွာ မှီတင်းနေထိုင်နိုင်ရေး အိမ်တစ်ဆောင် ဆောက်ပေးနိုင်ရန် မလွယ်ပါ။

သူများမိသားစုအတွက် အသာထား။ မိမိ မိသားစုအတွက်ပင် ကိုယ်ပိုင်အိမ်အိပ်မက် မက်နေကြရသူ များစွာ ရှိနေသည်။

သူတစ်ပါးအိမ်တွင် မှီခိုတွယ်ကပ် နေရသူများ၊ အိမ်ငှားနေရဆဲ မိသားစုများ ၀န်းကျင်တွင် ဒုနှင့်ဒေး။

လူလူချင်း အိမ်ဆောက်မပေးနိုင် သော်လည်း မိမိဝန်းကျင်မှ သတ္တ၀ါများ အတွက် စေတနာပါစွာ အိမ်ဆောက် ပေးသူတို့ကား များစွာ ရှိနေပါသည်။

အထူးသဖြင့် လူတို့နှင့်အနီးဆုံး တွင် နေတတ်သည့် စာကလေးငှက်များ အတွက် အပန်းမကြီးလှသည့် တွဲလောင်း အိမ်လေးများ တခုတ်တရ ဆောက်လုပ် ပေးသူတို့ ရှိနေသည်။

စာကလေးများအတွက် အိမ်ဆောက် လုပ်ပေးရာတွင် အများအားဖြင့် ပြုလုပ် ပေးတတ်သည်က အုန်းဆံခွံ တွဲလောင်း အိမ်လေးများ။

မြိတ်မြို့၊ မြို့သစ်ရပ်နေ အသက် ၅၈ နှစ်ရှိ ဦးအောင်ဝင်းက သူငယ်စဉ်က ပင် အုန်းဆံခွံဖြင့်လည်းကောင်း၊ သစ်သား များဖြင့် နေချင်စဖွယ် သပ်ရပ်လှပစွာဖြင့် လည်းကောင်း စာကလေးအိမ်များကို သူ့ဖခင်က လုပ်ပေးထားတတ်ပြီး လက်ရှိ တွင်လည်း သူကိုယ်တိုင် ပြုလုပ်ပေး ချိတ်ဆွဲပေးထားကြောင်း ပြောသည်။

“အိမ်လုပ်ပေးပြီး စာကလေးတွေ တကျီကျီနဲ့ ၀င်ထွက်နေတာကိုကြည့်၊  သားသမီးတွေက ပျော်သလို ကိုယ်လည်း သူတို့ကိုကြည့်ပြီး ပီတိဖြစ်တယ်”ဟု ဦးအောင်ဝင်းက ပြောသည်။

ကော့သောင်းမြို့ ရွှေဇင်ယော် ရပ်ကွက်နေ ဦးမင်းဇော်ကမူ စာကလေး အိမ်ကို ရည်ရွယ်ချက် ၂ ခုဖြင့် ဆောက် လုပ်ပေးထားကြောင်း ပြောပါသည်။

“ကိုယ်ပိုင်အိမ်လေးရချင်တာကြောင့် ယုံကြည်မှုနဲ့လုပ်တာရယ်၊ ငှက်လေးတွေကို ချစ်လို့ သူတို့အတွက် နေရာပေးချင်တာရယ်ကြောင့်ပါပဲ”ဟု ဦးမင်းဇော်ကတော့ ပြောပါသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် အိမ် ဆောက်ပေးကြသည်ဖြစ်စေ အားလုံး၏ တူညီသည့် ခံစားမှုမှာ အိမ်တွင် ငှက် ကလေးတို့၏ လွတ်လပ်စွာ ၀င်ထွက်သွား လာနေသည်ကို မြင်ရခြင်းနှင့် တစာစာ အော်သံကို စိတ်ကြည်နူးဖွယ် ကြားရ ခြင်း ဖြစ်ပါသည်။

“သူတို့တွေအသံက အိမ်ဆည်းလည်း လေးလို ခံစားရတယ်”ဟု ကော့သောင်း မြို့ အေးရိပ်ငြိမ်ရပ်ကွက်နေ ဒေါ်ရွှေဝင်း က ပြောသည်။

စာကလေးများ ဥဥထားသည်ကို တွေ့ပါကလည်း ၀မ်းသာကြည်နူးစွာဖြင့် အခြားအကောင်များရန်မှ ဝေးစေရန် တစ်နည်းနည်းဖြင့် ကာပေးကွယ်ပေးထားရကြောင်း ဒေါ်ရွှေဝင်းက ဆိုသည်။

စာကလေးအိမ်ကို အိမ်အပြင်ဘက် အမြင့်နေရာများတွင် တွဲလောင်းချိတ်ဆွဲ ကြသည်မှာလည်း စာကလေးများကို ကြောင်၊ ခွေးနှင့် အခြားသတ်္တ၀ါများရန်မှ ဝေးရန်ဖြစ်ကြောင်း စာကလေးအိမ် ဆောက်ပေးထားသူတို့က ပြောကြသည်။

မြိတ်မြို့ ဇေယျသီရိရပ်နေ ဒေါ်နှင်းဆီ ကတော့ စာကလေးအိမ်ကို သူ၏အိမ်ဝရန်တာ အမြင့်တွင် ချိတ်ထားပြီး မနက်တိုင်း ဆန်ကျွေးကြောင်း ပြောသည်။

“အစာကျွေးရင်တော့ ၀ရန်တာမှာ စာကလေးတစ်အုပ်တစ်မကြီး လာစား တာကို ကြည့်ပြီး အရမ်းပီတိဖြစ်ရတယ်” ဟု ဒေါ်နှင်းဆီက ဆိုသည်။

စာကလေးအိမ်ဆောက်ပေးထားသူ တို့က စာကလေးတို့က ပေးသော ဒုက်္ခကိုလည်း ခံယူကြရသည်။

“အဒေါ်တို့အိမ်က စပါးကျီဆိုရင် ဖွဲချည်းပဲကျန်လို့ အပေါ်ပိုင်းကို ပိုက်နဲ့ ကာထားလိုက်ရတယ်” ဟု ထားဝယ်မြို့ နယ် မောင်မယ်ရှောင်ကျေးရွာနေ ဒေါ်မြင့်ကြည်က ပြောသည်။

အိမ်ဘုရားစင်တွင် ဆွမ်းတော် တင်ထားစဉ်လည်း စာကလေးများ လာစား ကြသဖြင့် စိတ်ညစ်ရသူ တစ်ပုံတစ်ပင်။

မြိတ်မြို့မှ ဒေါ်နှင်းဆီကလည်း စာ ကလေးများကို ချစ်သော်လည်း လှန်းထား သည့် အ၀တ်အစားများ၌ စာကလေး မစင်များ ပေကျံသည့်အခါ ဒေါသထွက်ရ ကြောင်း ဖွင့်ဟသည်။

“အ၀တ်အစားမှာ ပေသွားတာက တော့ မကြိုက်ဘူးပေါ့”ဟု ၎င်းက ပြောသည်။

သို့သော် စာကလေးအိမ်အလှူရှင် တို့က ခွင့်လွှတ်ပေးတတ်ကြမြဲ။

“ဒါပေမယ့် သူ့မစင်က ဖြူဖြူလေး နဲ့ တခြားငှက်တွေလို မနံဘူး။ မွှေးသလို လိုတောင် အနံ့ရှိတယ်”ဟု ဒေါ်နှင်းဆီက ဆိုသည်။

စာကလေးများကလည်း စာကလေး အိမ် လုပ်ပေးသူများကို သံယောဇဉ် တွယ်တတ်ကြပါသည်။

စာကလေးအိမ်လုပ်ပေး၊ တွဲလောင်း ကြိုးများပြတ်လျှင် ပြန်ပြင်ပေးလေ့ရှိသည့် ယောက်ျားဖြစ်သူ ထိုင်းသို့ သွားသဖြင့် စာကလေးအိမ် မလုပ်ပေးနိုင်တော့ဟု ဆိုသော ထားဝယ်မြို့နယ် မောင်မယ် ရှောင်ကျေးရွာနေ ဒေါ်မြင့်ကြည်ကလည်း သူ့အိမ် စပါးကျီက စပါးများကို စားသည့် စာကလေးများနှင့် အပြန်အလှန် သံယောဇဉ် ဖြစ်နေဟန်တူပါသည်။

“အခုတော့ သူတို့ဘာသာ သူတို့ အိမ်ထောင့်လေးတွေမှာ အသိုက်လုပ်ပြီး နေနေကြတယ်”ဟု ဒေါ်မြင့်ကြည်က ပြောသည်။

စာကလေးအိမ်အလှူရှင်အများစု က ယခုအချိန်တွင် ယခင်နှင့်စာလျှင် လူ့ပတ်ဝန်းကျင်၌ စာကလေးငှက် နည်းသွားပြီဟု ဆိုကြပါသည်။

ထို့အတူ စာကလေးအိမ် ချိတ်တွဲ မှုလည်း နည်းလာကြောင်း ပြောကြ သည်။

မြိတ်မြို့နေ ဦးအောင်ဝင်းကလည်း လွန်ခဲ့သည့် နှစ်များနှင့်စာလျှင် စာကလေး အိမ်များ တွေ့ရရှားလာကြောင်း ပြောလာ သည်။

“အရင်ကတော့ အိမ်တွေရှေ့မှာ ချိတ်ဆွဲထားကြတယ်လေ။ ခုတော့ ဒီလို တကူးတက ချိတ်ဆွဲတဲ့ အိမ်တွေက သိပ်မတွေ့ရတော့ဘူး”ဟု ဦးအောင်ဝင်း က ပြောသည်။

သို့သော် စာကလေးများ ရှိသေး သ၍ အပန်းမကြီးလှသည့် တွဲလောင်း အိမ်လေးများ လှူဒါန်းပေးထားဦးမည့် အလှူရှင်များ ရှိနေဦးမည်သာ ဖြစ်သည်။

အိမ်တွင်ချိတ်ထားသည့် တွဲလောင်း အိမ်ထဲမှ မနက်တိုင်း ထထအော်နေသည့် စာကလေးများအတွက် ဆန်စေ့များ ချကျွေးနေမြဲဆိုသော ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်နေ ဦးမင်းဇော်က တော့ အောက်ပါအတိုင်း ပြောပါသည်။

“ကုသိုလ်ယူတာလည်း ပါတယ်။ ခုလို လုပ်ပေးတာ၊ ဘာဖြစ်ဖြစ် စိတ်ချမ်း သာတယ်ဗျာ”

တနင်္သာရီသတင်းအဖွဲ့