ယူနစ်ဈေးနှုန်း သုံးလတစ်ကြိမ် ပြင်ဆင်နိုင်သည့် အချက်အပါအ၀င် ထားဝယ်လျှပ်စစ် တင်ဒါစည်းကမ်း ၃၆ ချက် ထုတ်ပြန်

0
1094

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါခေါ် ရာတွင် တစ်ယူနစ်ဈေးနှုန်းကို သုံးလ တစ်ကြိမ် ပြင်ဆင်သတ်မှတ်နိုင်သည့် အချက် အပါအ၀င် တင်ဒါစည်းမျဉ်း ၃၆ ချက်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရက ထုတ်ပြန်လိုက်သည်။

တင်ဒါအောင်မြင်သည့်ကုမ္ပဏီ သည် ၂၀၂၀ ခုနှစ် ဇန်န၀ါရီလ ၁ ရက်ထက် နောက်မကျစေဘဲ လျှပ်စစ်ထုတ် လုပ်ပေးရမည် ဖြစ်ပြီး စထုတ်သည့်နေ့မှ သုံးလအထိကို တင်ဒါအောင်မြင်ထားသည့် နှုန်းထားအတိုင်း ကောက်ခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လုပ်ငန်းလုပ်ကိုင်သည့် အချိန်သုံးလ ပြည့်ပြီးနောက်ပိုင်းတွင် လောင်စာ ဈေးနှုန်း၊ ဒေါ်လာငွေလဲလှယ်နှုန်း အတက် အကျအပေါ် မူတည်၍ တိုင်းအစိုးရ သဘောတူညီမှုရယူကာ တစ်ယူနစ်နှုန်းထားကို သုံးလတစ်ကြိမ် ပြင်ဆင်သတ် မှတ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ် ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် တင်ဒါလျှောက်လွှာများကို ဇူလိုင်လ ၈ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး သြဂုတ်လ  ၈ ရက်တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အထက်ပါ စည်းကမ်းချက်များ အပြင် လုပ်ကိုင်ခွင့်ကို မူအားဖြင့် ငါးနှစ် သတ်မှတ်ထားသော်လည်း  ယင်းကာလ အတွင်း မဟာဓာတ်အားလိုင်းရောက်လာ ပါက လုပ်ငန်းရပ်နားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်လက်လုပ်ကိုင်လိုပါက ပြည် ထောင်စု လျှပ်စစ်/စွမ်းအင်ဝန်ကြီးဌာန နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း ထုတ် ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် လျှပ်စစ်မီးသုံးစွဲသူများ အပေါ် ၀န်ဆောင်မှုအကောင်းဆုံးပေးနိုင် ရန် ဆောင်ရွက်မည့် အစီအမံများ ပါရှိရ မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အသီးသီးတွင် မီးပျက်မီးပြင်သည့်ရုံးများ၊ ငွေကောက်ခံမည့် ကောင်တာများ ဖွင့်လှစ် မည့် အစီအမံ၊ ၀န်ထမ်းအင်အား ဖွဲ့စည်းပုံ နှင့် ယာဉ်ယန္တရားစာရင်းများကိုလည်း တင်ပြရမည်ဖြစ်ကြောင်း ပါရှိသည်။

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ခြင်းနှင့် ဖြန့်ဖြူးခြင်းကို တစ်ပေါင်း တည်း လုပ်ကိုင်စေမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးအောင်သူရက ပြော သည်။

“တင်ဒါကို တင်တဲ့အချိန်မှာ ထုတ် လုပ်က ဘယ်လောက်၊ ဖြန့်ဖြူးကဘယ်လောက် ဈေးနှုန်းကို ခွဲပေးရမယ်”ဟု ၀န်ကြီး ဦးအောင်သူရက ပြောသည်။

တင်ဒါစည်းကမ်းချက်ထဲတွင် တင်ဒါ အောင်သည့် ကုမ္ပဏီသည် မြို့အင်္ဂါရပ် နှင့်အညီ လမ်းမီးများ၊ အလှမီးများ တပ်ဆင်ထွန်းညှိ ပေးရမည်ဖြစ်ပြီး လမ်းမီးခကောက်ခံခြင်း မပြုရဟု ဖော်ပြ ပါရှိသည်။

ယင်းအပြင် တင်ဒါဝင်ပြိုင်သူများ အနေဖြင့် လူမှုကွန်ရက်နှင့် မီဒီယာများ တွင် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့အား ပြည်သူအထင်အမြင်လွဲမှားစေမည့် ရေးသားမှုများ၊ ပြောဆိုမှုများပြုလုပ်ပါက တရားစွဲဆို၍ ထိရောက်စွာအရေးယူမည် ဖြစ်ပြီး တင်ဒါယှဉ်ပြိုင်မှုကို ပယ်ဖျက်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို GGS ကုမ္ပဏီအား ယခုနှစ် စက်တင်ဘာလ အထိ ယာယီလုပ်ခွင့်ပြုထားသော်လည်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီဘက်က လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရန် အဆင် သင့်ဖြစ်မည့် အချိန်အထိ GGS ကုမ္ပဏီအား ဆက်လုပ်စေမည်ဖြစ်ကြောင်း တိုင်းလျှပ်စစ်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

တင်ဒါယှဉ်ပြိုင်ရာတွင် GGS ကုမ္ပဏီအား တင်ဒါဆွဲခွင့် ကန့်သတ် ထားခြင်းမရှိဘဲ ၀င်ပြိုင်နိုင်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် GGS ကုမ္ပဏီမှာ နိုင်ငံတော်သို့ ဂက်စ်ဖိုးငွေ ပေးသွင်းရန် ပျက်ကွက်နေသည့်အတွက် ဂက်စ်ဖိုးငွေ အကြွေးကို အရစ်ကျ ပေးဆောင်ရန် ပြည်ထောင်စုအစိုးရနှင့် သဘောတူထားသည်။

Dawei Watch