ထားဝယ်မြို့သစ်တွင် ကိုယ်ထူကိုယ်ထ တပ်ဆင်ထားသည့်လမ်းမီး ပျက်စီးက ကုမ္ပဏီမှ ပြုပြင်ပေးရန် လိုလား

0
729

ထားဝယ်မြို့သစ်တွင် ကိုယ်ထူ ကိုယ်ထ တပ်ဆင်ထားသည့် လမ်းမီး မလင်းပါက ကုမ္ပဏီမှ ပြုပြင်တပ်ဆင် ပေးရန် မြို့သစ်နေ ပြည်သူအချို့က လိုလားနေကြသည်။

ထားဝယ်မြို့သစ်အတွင်းရှိ ၄ လမ်း၊ ၅ လမ်း၊ ၆ လမ်း၊ ၁၀ လမ်း ၊ ၁ လမ်း သွယ်၊ ၁၀ လမ်းသွယ်၊ ၃ လမ်းသွယ်၊ ၉ လမ်းသွယ် အစရှိသည့် လမ်းများတွင် လမ်းမီးတိုင်နှစ်ရာကျော်ကို ဒေသခံများက ငွေကြေးထည့်ဝင်ပြီး ကိုယ်ထူကိုယ်ထ မီးတပ်ဆင်ထားကြကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။

အဆိုပါ လမ်းမီးများကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်တပ်ဆင် ထားပြီး ပြီးခဲ့သည့် မေလကုန်အထိ လမ်းမီးကြေး ကောက်ခံခြင်း မရှိခဲ့သော် လည်း ဇွန်လတွင်မှ ကောက်ခံလာကြောင်း အဆိုပါရပ်ကွက်တွင် လမ်းမီးတပ်ဆင် နိုင်ရေးဦးဆောင် လုပ်ဆောင်သူတစ်ဦး ဖြစ်သူ ဦးမင်းမင်းအောင်(ခေါ်) ဦးသားကြီး က ဆိုသည်။

“ဖြစ်စေချင်တာက လမ်းမီးကြေးကို ကောက်။ ရတယ်၊။ တကယ်လို့ လမ်းမီး ပျက်တယ်ဆိုရင်GGS က လာလဲပေးဖို့ လိုတယ်”ဟု ဦးသားကြီးက ဆိုသည်။

လမ်းမီးပျက်နေသည့်အပေါ် ရပ်ကွက် နေသူများမှ မီးသီးဝယ်ပေးပါက ကုမ္ပဏီ ၀န်ထမ်းများကို လွှတ်ပေးမည်ဖြစ်ပြီး ငွေကြေး တစ်စုံတစ်ရာ ပေးရန်မလို ကြောင်း GGS ကုမ္ပဏီမှ အုပ်ချုပ်မှုမန်နေဂျာ ဦးတင်ထွန်းဦးက ဆိုသည်။

“(မီးလုံး) လာလဲတဲ့ကိစ္စကို ကျွန်တော် တို့ စီစဉ်ပေးမယ်။ ကလေးတွေကို ပိုက်ဆံ တစ်ပြားမှ ပေးစရာမလိုဘူး”ဟု ဦးတင် ထွန်းဦးက ပြောသည်။

လမ်းမီးကြေးကောက်ခံထားသည့် အတွက် ပျက်နေသည့်မီးသီး လဲလှယ်တပ် ဆင်ပေးရန် ကုမ္ပဏီတွင် တာဝန်ရှိကြောင်း ထားဝယ်မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးသန်းဇော်ဦးက ဆို သည်။

“သူတို့လုပ်ပေးရမှာ အဓိက က။ သူတို့မှာပဲ အဓိကတာဝန်။ သူတို့က လမ်းမီးခ ကောက်တာလေ”ဟု ဦးသန်းဇော်ဦးက ပြောသည်။

လမ်းမီးပျက်ချိန်တွင် GGS ကုမ္ပဏီထံ ဆက်သွယ်အကြောင်းကြားသော်လည်း မပြင်ပေးပါက ၎င်းထံ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း ၎င်းက ဆိုသည်။

အထက်ပါ လမ်းမီးများစတင်တပ် ဆင်ချိန်ကလည်း လျှပ်စစ်ဌာနမှ ၀န်ထမ်း များကို မီးတိုင်တက်ခအဖြစ် မီးတိုင်တစ် တိုင်လျှင် ငွေကျပ်နှစ်ထောင် နှုန်းပေးခဲ့ရ ကြောင်း ဦးသားကြီးက ပြောသည်။

လက်ရှိတွင်လည်း မိုးကြိုးပစ်ခြင်း၊ မိုးရေ၀င်ခြင်းတို့ကြောင့် မီးသီးပျက်စီးပါက လဲလှယ်ချိန်တွင်  မီးတိုင်တစ်တိုင် လျှင် တိုင်တက်ခအဖြစ် ကျပ်နှစ်ထောင် ပေးနေရဆဲဖြစ်ကြောင်း ဦးသားကြီးက ဆိုသည်။

အဆိုပါ လမ်းမီးများကို ဌာနအနေ ဖြင့် သွားရောက်တပ်ဆင်ပေးခြင်းမျိုး မဖြစ်နိုင်ဘဲ ပုဂ်္ဂိုလ်ရေးခင်မင်မှုအရ တပ် ဆင်ပေးပြီး တောင်းယူသည်ဟုထင် ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းဇော်ဦးက ပြောသည်။

“ကျွန်တော်တို့ EPC ၀န်ထမ်းဆို ပေမယ့်လို့လည်း ပင်စင်စားလည်း ဖြစ်ချင် ဖြစ်မယ်။ ကျွန်တော်တို့ဆီကတော့ အဲလို အများကြီး တပ်နိုင်တဲ့ အနေအထားကတော့ ဒီမှာ အဲလို ဆင်တာတော့ မရှိဘူး”ဟု ဦးသန်းဇော်ဦးက ဆိုသည်။

မြို့သစ်အတွင်း ပိုက်ဆံအိတ် လုယက်ခြင်းကဲ့သို့ ရာဇ၀တ်မှုများ ဖြစ်ပွား ခဲ့ဖူးခြင်း၊ ကျောင်းသူကျောင်းသားများ ကျူရှင်ပြန်ချိန်တွင် မှောင်မိုက်နေခြင်း တို့ကြောင့် လမ်းမီးကို ကိုယ်ထူကိုယ်ထ တပ်ဆင်ရခြင်းဖြစ်ကြောင်း မြို့သစ်တွင် နေထိုင်သူအချို့ထံမှ သိရသည်။

Dawei Watch