လုံခြုံရေး အဆင့်မြှင့်ထားသည့် ယာဉ်မောင်းလိုင်စင် ၄ မျိုး စထုတ်ပေး

0
646

လုံခြုံရေး အဆင့်မြှင့်ထားသည့် ခ၊ ဂ၊ ဃ၊ င ယာဉ်မောင်းလိုင်စင်(Smart Card) လေးမျိုးကို ဇူလိုင်လ ၁ ရက်မှ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန) ထံမှ သိရသည်။

အခြားတိုင်းနှင့်ပြည်နယ် အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် ယာဉ်မောင်းလိုင်စင်များကို အတုပြုလုပ်မှုများ တွေ့ရှိရသဖြင့် ယင်းကဲ့သို့ လုံခြုံရေး အဆင့်မြှင့်ထားသည့် ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးခြင်းဖြစ်ကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။

အသစ်ထုတ်ပေးနေသော ယာဉ် မောင်းလိုင်စင်တွင် လျှို့ဝှက်လှိုင်းအတွန့် များ ပိုထည့်သွင်းထားခြင်း၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနိုင်သည့ှ်QR ကုဒ်ကို အဆင့်မြှင့်ခြင်း၊ နောက်ခံ အရောင် ပြောင်းလဲခြင်း စသည်တို့ကို ပြောင်းလဲအဆင့်မြှင့်ထားကြောင်း ဦးထင်ပေါ်က ပြောသည်။

လက်ရှိ ပြည်သူများ အသုံးပြုနေသည့် ယာဉ်မောင်းလိုင်စင် သက်တမ်း ကုန်ဆုံးသည့်အချိန်(နှစ်လဲ၊ သက်တမ်း တိုး)၊ ပျောက်ဆုံး၊ ပျက်စီးသဖြင့် ပြန်လည်လျှောက်ထားသည့်အချိန်တို့တွင် လုံခြုံရေး အဆင့်မြှင့်တင်ထားသည့် ယာဉ်မောင်းလိုင်စင်များကို ပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ လုံခြုံရေး အဆင့်မြှင့် ထားသည့် ယာဉ်မောင်းလိုင်စင်ထုတ်ပေး ခြင်းအတွက် သီးခြားဝန်ဆောင်ခ ကောက်ခံခြင်းမရှိဘဲ ယခင်သတ်မှတ် ထားသည့် ငွေကြေးနှုန်းထားအတိုင်းသာ ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျော်သူစိုး