ပြစ်ဒဏ် ၊ ပြင်ဒဏ်

0
520
editorial

ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့သော တိုင်းလွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်တစ်ဦးက ကျွဲ၊ နွား၊ တိရစ္ဆာန်များ ကားလမ်းမပေါ် တက်သည်ကို ဒဏ်ငွေရိုက်သည့်ကိစ္စအား ဆွေးနွေးမေးခွန်းထုတ်သည်။

“မည်သည့် တည်ဆဲဥပဒေဖြင့် အရေးယူနေသနည်း။ မည်သို့ အသိပညာပေး နေသနည်း”

သက်ဆိုင်ရာဝန်ကြီးက ဖြေဆိုရာတွင် လမ်းဘေးဆိုင်ဘုတ်ထောင် အသိပညာပေး ခြင်းအား တစ်နှစ် လုပ်ဆောင်ပြီး ဖြစ်သောကြောင့် ငွေဒဏ်ရိုက်သည့် အဆင့်ကို လုပ်နေသည်ဟု ပါဝင်လေသည်။ ယခုမှ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသော၊ ယခုမှ ကားလမ်းမကြီး မြင်ဖူးသော ဒေသတွင် လမ်းဘေးတွင် တစ်နှစ် ဆိုင်းဘုတ်ထောင်ခြင်းက လုံလောက်သော အသိပညာပေးမှုလော။ ထိုဆိုင်းဘုတ်များက ဒေသခံတို့ စိတ်ဝင်တစား ဖတ်ရန် မည်မျှ ဆွဲဆောင်နိုင်၊ မည်မျှ ကြံ့ခိုင်နိုင် မည်နည်း။ တာဝန်ရှိသူများ၊ အသိပညာပေးဝေရာတွင် ကျွမ်းကျင်သူက ဒေသ တွင်း လူကိုယ်တိုင်ကွင်းဆင်းကာ ရွာသူရွာသားများကို အသိပညာ ဖြန့်ဝေသင့်သည် မဟုတ်ပါလော။

မိမိပိုင် ကျွဲ၊ နွား၊ တိရစ္ဆာန်များ လမ်းပေါ်တက်လျှင် ခရီးသွားများ မည်မျှ အန္တရာယ်ရှိကြောင်း၊ မိမိတွင်လည်း မည်မျှအထိ ထိခိုက်နစ်နာနိုင်ကြောင်း၊ တည်ဆဲ ဥပဒေက မည်သို့ရှိကြောင်း စသဖြင့် အသိပညာပေးဟောပြောခြင်း၊ စိတ်ဝင်စား ဖွယ်ရေးဆွဲ ပုံဖော် ထားသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းမျိုး ပြုလုပ်ရန် အစိုးရတွင် တာဝန်မရှိပါလော။

ဒုတိယအဆင့်အနေဖြင့် မတော်တဆ ပြစ်မှုကျူးလွန်သူများကို ထပ်မံ အသိ ပညာပေးခြင်း၊ နောက်ထပ်ကျူးလွန်မိလျှင် တည်ဆဲဥပဒေအရ အရေးယူမည့် အကြောင်း ခေါ်ယူသတိပေးခြင်းမျိုး တစ်ဆင့်ချင်း ပြုလုပ်သင့်သည် မဟုတ်ပါလော။

ယခုအခင်းအကျင်းက ထစ်ခနဲရှိလျှင် တရားစွဲမည်၊ ဒဏ်ရိုက်ဒဏ်ခတ်မည်၊ ထောင်ချမည်။

အစိုးရမှသာ မဟုတ်ပါ။ လူတစ်ဦးနှင့်တစ်ဦး၊ မိသားစု တစ်နှင့်တစ်ခု၊ အစုအဖွဲ့ တစ်ခုနှင့်တစ်ခု ညှိနှိုင်းပြေလည်နိုင်သည့် ပြဿနာ တစ်ရပ်ရပ်ဖြစ်လာခဲ့လျှင် ကနဦး တွေ့ဆုံဆွေးနွေးခြင်း၊ အလျှော့အတင်းပြု ညှိနှိုင်းအဖြေရှာခြင်းမျိုး ပြုလုပ်ပြီး မပြေလည်လျှင် အဖြေထုတ်နိုင်သူ (သို့မဟုတ်) ရပ်ရွာတာဝန်ရှိသူများနှင့် ထပ်မံညှိနှိုင်းအဖြေရှာခြင်းမျိုး ပြုသင့်ပေသည်။

တရားစွဲခြင်း၊ ဒဏ်ရိုက်ဒဏ်ခတ်ခြင်းသည် နောက်ဆုံးအဆင့်တွင်သာ ဖြစ်သင့် သည် မဟုတ်ပါလော။

ပြစ်မှု တစ်ခုခုကျူးလွန်မိသူက ထိုသို့ ပြစ်မှုတစ်ခုခု မကျူးလွန်ရေးအတွက် အသိပညာပေးမှု အလုံအလောက် ရခဲ့ရဲ့လားဟူသည့် ရှုထောင့်မှ ကြည့်ဖြစ် ကြစေလိုပါသည်။

လူသားအချင်းချင်း ပြစ်ဒဏ်သင့်စေမှ ကျေနပ်နိုင်မည့် စိတ်ရိုင်းကို ချွန်း အုပ်ရန်၊ ပြင်စေချင်သည့် ဆန္ဒဖြင့် ဒဏ်ပေးသည့် ပြင်ဒဏ်ကိုသာ အတတ်နိုင်ဆုံး အသုံးပြုရန် လူ့အ၀န်အ၀ိုင်းတစ်ခုလုံးတွင် တာဝန်ရှိလာပြီ ဖြစ်ကြောင်း ပြောလိုရင်း ဖြစ်သည်။

(အယ်ဒီတာ ၆ ဇူလိုင် ၂၀၁၉)