ကော့သောင်းနယ်စပ်ဂိတ်မှ ခုနစ်လအတွင်း ပြည်တော်ပြန် နှစ်ထောင်ကျော် နေရပ်ပြန်ပို့

0
554

ကော့သောင်းမြို့နယ်စပ်ဂိတ်မှ ၇ လအတွင်း ဒုက္ခသည် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ထောင်ကျော်ကို ကြိုဆို လက်ခံကာ နေရပ်ပြန်ပို့ခဲ့ကြောင်း တနင်္သာရီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု ဖြင့် ဖမ်းဆီးခံခဲ့ရသူများ အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံသို့ ပြန်ပို့သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို အစိုးရ ချင်းချိတ်ဆက်ပြီး အမျိုးသား ၂၂၃၆ ဦး နှင့် အမျိုးသမီး ၃၇၀ ဦးကို နေရပ်ပြန် လည်ပို့ဆောင်ပေးခဲ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

လူနှစ်ထောင်ကျော်အနက် ၁၈၆ ဦး ကို အိမ်ပြန်ရောက်သည်အထိ ကုန်ကျမည့် ခရီးစရိတ်နှင့် လမ်းခရီးတွင် စားသောက်ရန် လိုအပ်သည့်ငွေကြေးကို တွက်ချက်ကာ ထောက်ပံ့ပေးခဲ့ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူက ပြောသည်။

“ခရီးစရိတ်တွေ စားစရိတ်တွေ ထောက်ပံ့လိုက်ရတဲ့အထဲမှာ မြန်မာနိုင်ငံ နေရာဒေသအသီးသီး၊ နေရာစုံက လူ တွေ ပါတယ်ပေါ့” ဟု ၎င်းက ပြောသည်။

ပြည်တော်ပြန်အချို့မှာ ငွေကြေးပါ လာကြပြီး အချို့မှာမူ ၎င်းတို့နေရပ်ရှိ မိသားစုများနှင့် ချိတ်ဆက်ကာ ခရီး စရိတ်ပို့ပေးနိုင်ရန် စီစဉ်ပေးခြင်း၊ ညအိပ် ညနေတည်းခိုရန်လိုအပ်ပါက ကော့သောင်းရှိ ပြန်လည်ထူထောင်ရေးဂေဟာ တွင် နေရာချ ထားပေးခြင်းမျိုး ပြုလုပ် ပေးကြောင်း ၎င်းက ဆိုသည်။

ယခင်က တနင်္သာရီတိုင်းအတွင်း ကော့သောင်း၊ မောတောင်၊ ထီးခီးဂိတ်များမှတစ်ဆင့် ရွှေ့ပြောင်း အလုပ်သမား နေရပ်ပြန်များကို ပြန်လည်လက်ခံကြိုဆို ခြင်းများ ပြုလုပ်ခဲ့ပြီး အကြောင်းအမျိုး မျိုးကြောင့် ရပ်ဆိုင်းလိုက်သည်။

၂၀၁၈ ခုနှစ်အတွင်း ကော့သောင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးကာ ဌာနဆိုင်ရာအဖွဲ့ဝင်များ ပါဝင်သည့် နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်လက်ခံရေးကော်မတီကို ဖွဲ့စည်း ပြီး ကော့သောင်းနယ်စပ်ဂိတ်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၂ရက်မှစ၍ ပြန်လည် လက်ခံခဲ့ခြင်း ဖြစ်သည်။

Dawei Watch