ထားဝယ် – မောင်းမကန်လမ်း လူသတ်မှု ဖုန်းမှတ်တမ်းမှတစ်ဆင့် ဖော်ထုတ်

0
1461

ထားဝယ်-မောင်းမကန် ကားလမ်းဘေးရှိ ရော်ဘာခြံတွင် အမျိုးသမီးတစ်ဦး အသတ်ခံရသည့်အမှုကို ဖုန်းအဆက် အသွယ် လုပ်ထားသည့် မှတ်တမ်းမှတစ် ဆင့် ဖမ်းမိပြီဖြစ်ကြောင်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေး ဌာနအဖွဲ့ထံမှ သိရသည်။

အသတ်ခံရသည့် အမျိုးသမီးမှာ အသက် ၁၉ နှစ်အရွယ်ရှိပြီး ထားဝယ် မြို့နယ် ရောင်းမော်ရွာတွင် နေထိုင်သူ ဖြစ်သည်။ 

အလောင်းအား ထားဝယ်-မောင်းမ ကန်လမ်း မိုင်တိုင်အမှတ် ၄/၆မိုင်နှင့် ၄/၇ မိုင်ကြားရှိ ကားလမ်းမှ ကိုက် ၅၀ ခန့်အကွာ ရော်ဘာခြံအတွင်း မေလ ၂၃ ရက်က တွေ့ရပြီး လည်ပင်းနှင့် နဖူးတွင် ဒဏ်ရာများ တွေ့ရကြောင်း ရဲမှတ်တမ်း အရ သိရသည်။

သေဆုံးသူအမျိုးသမီး၏  လက်ကိုင် ဖုန်းမှ ဆက်သွယ်မှုမှတ်တမ်းကို စုံစမ်း စိစစ်ရာ သေဆုံးသည့်ညတွင် နောက်ဆုံး ဆက်သွယ်ခဲ့သည့် တစ်ရွာတည်းနေ အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသားဖြစ် နေသည်ကို သိရကြောင်း ထားဝယ်ခရိုင် မှုခင်းနှိမ်နင်းရေးဌာန အဖွဲ့ခေါင်းဆောင် ရဲအုပ်အောင်သူက ပြောသည်။

အဆိုပါ အမျိုးသားမှာ သေဆုံးသူ အမျိုးသမီး၏ ရည်စားဖြစ်နေသည်ကို စုံစမ်းသိရကြောင်း ၎င်းက ဆိုသည်။

အထက်ပါ အမျိုးသမီး အသတ်ခံရ ချိန်တွင် ၎င်း၏ လက်ကိုင်ဖုန်းကိုပါ ယူဆောင်သွားပြီး စက်ပိတ်ထားခဲ့ ကြောင်း ရဲအုပ်အောင်သူက ပြောသည်။

ယင်းကြောင့် ဆက်သွယ်ရေး အော်ပရေတာထံမှ အဆိုပါဖုန်းနံပါတ်၏ ဆက်သွယ်မှု အချက်အလက်များကို တောင်းခံရရှိပြီးသည့်အချိန်မှသာ အထက်ပါ အမျိုးသားကို စုံစမ်းသိရကြောင်း  ရဲအုပ်အောင်သူက ပြောသည်။

အထက်ပါ အမျိုးသမီးကိုသတ်ခဲ့သည်ဆိုသည့် အမျိုးသားကို စုံစမ်းရာ မြိတ်မြို့ရှိ ငါးဖမ်းပိုက်ပြုပြင်(ပိုက်ဖာ)သည့် အလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေ သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ထိုကြောင့် ထားဝယ်ခရိုင် မှုခင်း နှိမ်နင်းရေးဌာနအဖွဲ့မှ တပ်ဖွဲ့ဝင်များက ဇွန်လ ၂၅ ရက်တွင် မြိတ်မြို့၌ သွား ရောက် ဖမ်းဆီးခဲ့ကြောင်း ရဲအုပ်အောင်သူက ပြောသည်။

“သူကတော့ ၀န်မခံဘူးပေါ့။ ကျွန်တော် တို့ရုံးအထိ ခေါ်လာပြီးတော့မှ သေသေချာချာ ထိုင်ပြီး မှုခင်းရဲ့ သဘောတရား ဖြစ်စဉ် တွေကို ဆွေးနွေးပြတော့မှ တစ်ခု ချင်း တစ်ခုချင်းချပြီး ဆွေးနွေးလိုက် တော့မှ သူသတ်တယ်ဆိုတာ ၀န်ခံတာပေါ့”ဟု ရဲအုပ်အောင်သူက ပြောသည်။

သတ်ခဲ့သည်ဆိုသည့် အဆိုပါ အမျိုးသားကို စစ်မေးရာ ခိုးရာလိုက်ပြေး ရာမှ လမ်းတွင် စကားများကြပြီး ယင်း ကဲ့သို့ သတ်ဖြတ်ခဲ့သည်ဟု ထွက်ဆို ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါအမျိုးသားကို ထားဝယ်အကျဉ်းထောင်တွင် ချုပ်နှောင် ထားကြောင်း ခရိုင်မှုခင်းနှိမ်နင်းရေးဌာန အဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်းမကန် နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ- ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

Dawei Watch