မွန်တွင် အရည်အသွေး သတ်မှတ်ချက်နှင့်မညီသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင် ၉ ဆိုင် အရေးယူထား

0
649

မွန်ပြည်နယ်အတွင်း၌ အရည် အသွေးနှင့် အခြင်အတွယ် ပြည့်ဝမှန်ကန် မှုမရှိသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင် ၉ ဆိုင်ကို အရေးယူထားသည်ဟု မွန်ပြည်နယ် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင် ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီထံမှ သိရသည်။

ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကစက် သုံးဆီဆိုင်များ အရည်အသွေးနှင့် အခြင်အတွယ် ပြည့်ဝမှန်ကန်မှုရှိ မရှိကို ရှောင် တခင်စစ်ဆေးလျက်ရှိရာ ဇူလိုင်ပထမ ပတ်အထိ စက်သုံးဆီဆိုင် ၁၆ ဆိုင်ကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဆီဆိုင် ၉ ဆိုင်မှာ အရည်အသွေးပြည့်ဝမှုမရှိသည့် ဆီရောင်း ချနေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့သည်။

“၉ ဆိုင်မှာ သတ်မှတ်ထားတဲ့ ဆီအရည်အသွေးမပြည့်မီဘူး။ အဲဒီအတွက် ညွှန်ကြားချက်အတိုင်း အရေးယူဆောင် ရွက်မှုတွေ လုပ်ခဲ့တယ်”ဟု မွန်ပြည်နယ် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်စိုး က ပြောသည်။

စက်သုံးဆီအရည်အသွေး သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် စက်သုံး ဆီဆိုင်များကို ဒဏ်ကြေးဆောင်စေခြင်း ဖြင့် အရေးယူထားပြီး ဆီအမျိုးအစား အလိုက် တစ်မျိုးလျှင် ဒဏ်ကြေး ၅ သိန်းနှုန်းဖြင့် ဒဏ်ကြေးကောက်ခံ ကြောင်း ၎င်းက ဆိုသည်။

စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ် ပြည့်ဝမှန်ကန်မှုရှိစေရန်နှင့် သုံးစွဲသူ ပြည်သူများ နစ်နာဆုံးရှုံးမှုမရှိ စေရန်အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စကာ မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီ ဆိုင် ၅ ဆိုင်ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလက မော်လမြိုင်နှင့် ပေါင်မြို့ရှိ စက်သုံးဆီဆိုင် ၅ ဆိုင်လည်း ကောင်း၊ ဇွန်လအနောက်ဆုံးအပတ်က မော်လမြိုင်နှင့် မုဒုံမြို့ စက်သုံးဆီဆိုင် ၆ ဆိုင်တို့ကိုလည်းကောင်း ရှောင်တခင် စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ပထမအကြိမ် စစ်ဆေးမှုပြုလုပ်ခဲ့ သည့် ၅ ဆိုင်တွင် ၄ ဆိုင်သည် အရည် အသွေးသတ်မှတ်ချက်နှင့် မညီသည်ကို တွေ့ရှိရကြောင်း အထက်ပါဆပ်   ကော်မတီထံမှ သိရသည်။

ဒုတိယအကြိမ် စစ်ဆေးခဲ့သည့် ၅ ဆိုင်တွင် ၃ ဆိုင် နှင့် တတိယအကြိမ် စစ်ဆေးခဲ့သည့် ၆ ဆိုင်တွင် ၂ ဆိုင်သည် အရည်အသွေး သတ်မှတ်ချက်နှင့် မညီ သည်ကို တွေ့ရှိရသည်ဟု ယင်းဆပ်ကော် မတီထံမှ သိရသည်။

ပြည်နယ် ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီး ကြပ်ရေးဆပ်ကော်မတီအနေနှင့် ရှောင်တခင်စစ်ဆေးမှုကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ပြီး တိုင်ကြားလာပါ ကလည်း အရေးပေါ် စစ်ဆေးမှုများ ပြုလုပ်သွားဖြစ်ကြောင်း လိုက်နာမှုမရှိ ပါက ရေနံနှင့် ရေနံထွက်ပစ္စည်းများ ဆိုင်ရာ ဥပဒေပုဒ်မနှင့် အရေးယူသွားမည် ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်စိုးက ပြောသည်။

မွန်ပြည်နယ်တွင် တရားဝင်လိုင်စင် ရရှိထားသည့် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် ၁၅၀ ဆိုင်ခန့်ရှိပြီး ဆောက် လုပ်ဆဲစက်သုံးဆီအရောင်းဆိုင် ၃၁ ဆိုင် ရှိသည်။

Dawei Watch