ဗစ်တိုးရီးယား၊ နိုးကြားလာသော လူ့အဖွဲ့အစည်းနှင့် ကလေးသူငယ်နဲ့ပြည်သူ့ဘ၀ လုံခြုံရေး

0
965

အချီး

Justic for Victoria လို့ခေါ်တဲ့ လှုပ်ရှားမှုလေးဟာ လွန်ခဲ့တဲ့တစ်လကျော် ကတည်းက အင်တာနက် စာမျက်နှာတွေ ပေါ် စခဲ့ကြတယ်။

Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းလေးမှာ ကျောင်းတက် နေတဲ့ Victoria လို့ အမည်ဝှက် ပေးထား ကြတဲ့ အသက်နှစ်နှစ် ဆယ့်တစ်လအရွယ် လူမမည် ကလေးမလေးဟာ တစ်စုံတစ် ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရရာမှ စလို့ အဲသည် လှုပ်ရှားမှုလေး လူမှုကွန်ရက်ပေါ်မှာ စတင်ခဲ့တာပဲ ဖြစ် တယ်။

ကလေးမိဘတွေနဲ့ ၀န်းရံသူတွေက တစ်ဖွဲ့၊ အခင်းဖြစ်ပွားတယ်လို့ ဆိုကြတဲ့ စာသင်ကျောင်း မိသားစုနဲ့ တရားခံကို ဖော်မထုတ်လိုကြသူတွေကတစ်ဖွဲ့ တစ် ဘက် နဲ့တစ်ဖက် ကျူးလွန်ခံရသူအတွက် ၀န်းရံကြသူတွေနဲ့ အခြားတစ်ဘက် စာသင်ကျောင်းဘက်တို့ဟာ အင်တာနက် စာမျက်နှာပေါ်မှာ စတင်ငြင်းခုံ ကြ ရာက စလို့ အပြင်လောကမှာပါ တရားစွဲမယ် ခြိမ်းခြောက်၊ အပြန်အလှန် အချေအတင် ဖြစ်ကြတယ်။

နစ်နာသူဘက်က ပို့စ် စတင်ခဲ့သူကို ၆၆ ဃ နဲ့ တရားစွဲခံရ၊ စာသင်ကျောင်း ဘက်က ဆက်လက် တိုက်ခိုက်သူတွေကို တရားစွဲမယ်လို့ သတင်းစာမှ တစ်ဆင့် သတိပေး  ခြိမ်းခြောက်၊ ကလေးအဖေနဲ့ မိသားစုက ရဲနဲ့ ပူးပေါင်းပြီး အမှုမှန်ပေါ် ဖို့ ကြိုးစားတယ်။

ရဲကတစ်ဆင့် စီအိုင်ဒီကလွှဲယူ၊ သံသယ တရားခံလို့ ဆိုသူကို ယမန်ကြီး နှစ်ပတ် ချုပ်အပြီးပြန်လွှတ် စသဖြင့် အမှုလမ်း ကြောင်း အစပျောက်လေတော့မယ့်အတိုင်း အတော် စိတ်ပျက်ဖွယ် မှေးမှိန်လာပါမှ နစ်နာသူကလေးနဲ့ မိဘတွေကို ညှာတာ သနားစိတ်နဲ့ လူတွေ စိတ်ဝင်တစား ၀န်းရံကြတယ်။ အဲသလို ၀န်းရံကြသူတွေ မှာ ကိုလင်းလင်း၊ ချစ်သုဝေနဲ့ ကျားပေါက် တို့လို နာမည်ကြီးတွေပါ ပါဝင် လာကြ တယ်။

အဲသလို ပြည်သူတွေအကြား အုတ် အော်သောင်းတင်းဖြစ်လာပြီး သတင်းနဲ့ တိုင်ကြားစာတွေ  နိုင်ငံတော် သမ္မတရုံးနဲ့ နိုင်ငံတော် သမ္မတ၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် တို့ရဲ့ website တွေအထိ ရောက်ရှိပါမှ၊ ၀န်းရံ ပြည်သူတွေ အားကောင်းလာပါမှ၊ အဲသည်အမှုကို ပေါ်အောင်ဖော်ဖို့ တာဝန် ပေးထားပါတယ်လို့ နိုင်ငံတော် သမ္မတရုံး ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလာပါတယ်။

သည့်အပြင် အသက် မပြည့်သေးဘဲ ကျောင်းအပ်လက်ခံထားကြတဲ့  ပုဂ္ဂလိက မူကြိုကျောင်းများကိုလည်း ပိတ်ပင်ဖို့ လူကယ်ပြန်ဘက်က တရားဝင် ပိတ်ပင်ခဲ့ သလို တရားဝင် မူကြိုကျောင်းဖွင့်ခွင့် မရှိ ပါသေးဘဲ ဖွင့်လှစ်ထားကြတဲ့ ကျောင်း အများစုကို ပိတ်ထားကြဖို့ ညွှန်ကြားခဲ့ တယ်။

။။                 ။။           ။။

ခုထိလည်း ဆက်လက်လို့ တရားမျှတမှုနဲ့ အမှုမှန် ပေါ်ထွက်ရေး နယ်ပယ်ပေါင်း စုံကတဆင့် လှုပ်ရှားနေကြဆဲ ဖြစ်တယ်။ မနေ့က သံသယ တရားခံတစ်ဦးကို အားနည်းလှတဲ့ သက်သေတွေနဲ့ ဖမ်းဆီး ရုံးတင်ပြီး သတင်း စာရှင်းလင်းပွဲ ပြုလုပ် ခဲ့တယ်။ သို့သော် အချက်အလက်နဲ့ အထောက်အထား မခိုင်လုံသလို သတင်း ထောက်တွေ မေးမြန်းတာကို ပြန်လည် ဖြေရှင်းတဲ့အခါမှာလည်း လစ်ဟာချက် တွေ အထင်အရှား ရှိနေခဲ့တယ်။

ပထမ မတရားအပြုခံရတာဟာ Victoria လေး ဖြစ်ပေမဲ့ သတင်းစာ ရှင်းလင်းပွဲမှတဆင့် အားလုံးကို မဟုတ် မဟတ်တွေ မြင်သာထင်သာ ထုတ်ပြန် ခဲ့ချိန်မယ် မတော်မတရားအပြုခံရတာဟာ တရားဥပဒေ တင်မက တစ်ပြည်လုံး ကို မထီမဲ့မြင်ပြုစော်ကား လိုက်သလို ခံစားကြရတယ်။

သည်တော့ တရားဥပဒေ အစစ် အမှန် စိုးမိုးရေးနဲ့ ဗစ်တိုးရီးယားလေးရဲ့ တရားမျှတမှုအတွက် နိုင်ငံတစ်ဝှမ်း နိုးကြားလာခဲ့ကြပြီးonline ပေါ်က Justic for Victoria သည် ပိုမိုအား ကောင်းလာခဲ့တယ်။ သည်နေ့ ရန်ကုန် မြို့မှာ လူထောင်ချီပြီးစုဝေး ဆန္ဒထုတ် ဖော်ကြသလို မန္တလေး၊ ပြည် အစရှိတဲ့ မြို့ကြီးတွေမှာ ဆက်လက် ဆန္ဒဖော်ထုတ် ကြဖို့ ရှိနေတယ်။ ဒါ Justic for Victoria လို့ ဆိုကြတဲ့ လှုပ်ရှားမှုလေးက တစ်ဆင့် Victoria လေးအတွက် တရား မျှတမှု ဖော်ထုတ်ခဲ့ကြတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ အဲသလို ဗစ်တိုးရီးယားလေး အဖြစ်နဲ့ ဆင်တူ လူမသိ သူမသိ ကြိတ် မှိတ်ခဲ့ကြ မြိုချခဲ့ကြတဲ့အဖြစ်တွေ ဘယ်လောက် များပြားနေလဲ။ ဘယ်လို ဖြေရှင်းနေကြလဲ။ နစ်နာသူဘက်ကို ဘယ်သူတွေက ကူညီပေးကြလဲ။ အကြောင်းရင်းခံ အချက်အလက်တွေက ဘာလဲ၊ ဘယ်လို ကာကွယ်ကြရမလဲ၊ ပြည်သူလူထုရဲ့  အခန်းကဏ္ဍက ဘာတွေ လဲ။ စိတ်ဝင်စားစရာ ကောင်းလှတယ်။

လွန်လေတဲ့ နှစ်ပေါင်း များစွာက အဖြစ်အပျက်လေးတစ်ခုကို ပြန်သတိရ လို့ လာတယ်။

၁။

တစ်နေ့ တာဝန်ကျ ဆရာဝန်မလေး က ကျွန်တော့်ကို အဲသည်လူနာမလေး အကြောင်း ပြောပြတယ်။

ကလေးမလေးက ဆယ့်သုံးနှစ်၊ ရှစ် တန်း ကျောင်းသူလေး၊ သူ့အမေနဲ့အတူ ပြင်ပလူနာဌာနကို ညနေပိုင်းက လာပြ တယ်။ တောင်းဆိုတာက တစ်ခုတည်း။

“ကလေးမလေးကို ဆေးစစ်ပေးပါ”

သူ့သမီး အပျိုရည်ပျက်သလား၊ ဘာဘာ ညာညာ ဖြစ်မဖြစ် စစ်ဆေးပေး ပါ။ ဘာမှမဖြစ်ရင် ဆက်မလုပ်ဘူး။ တစ်ခုခု ဖြစ်ရင် ဆက်ပြီး တရားဥပဒေ ကြောင်းအရ ဆက်လုပ်ဖို့ ကြိုးစားမယ် တဲ့။ တာဝန်ကျ ဆရာဝန်မလေးက ရောဂါ ရာဇ၀င် မေးတော့လည်း သေချာမဖြေနိုင်ဘူး။ ဝေ့လည်လည်ပဲ ဖြေတယ်တဲ့။ အခြား ရောဂါ ဘာညာလည်း မရှိတဲ့ပြင် ဘာမှ လည်း လုပ်စရာ မရှိတော့ ပြန်လွှတ်လိုက် သတဲ့။

အဲသည်တော့ ပြန်ပြောပြရတယ်။ ပထမဆုံး ဆေးစစ်တဲ့ ဆရာဝန်တစ်ယောက် အနေနဲ့ အရာရာကို သံသယနဲ့ အသေအချာ စစ်ဆေးပေးဖို့ လိုအပ်တယ်။ အသေအချာ ရာဇ၀င်မေးဖို့ လိုအပ်သလို ကိုယ့်ဘက်က လုပ်ဆောင်ရမယ့် တာဝန်တွေကိုလည်း ပထမ စတွေ့စဉ်ကတည်းက လုပ်ဆောင် သင့်တာတွေ လုပ်ဆောင်ဖို့ရာ မပျက် ကွက်ရဘူး။ ဆိုလိုတာက မတော်တဆ လိင်အမြတ်ထုတ်မှုဆိုတာမျိုး ရှိလို့ ပြဿနာ ဖြစ်လာမယ်ဆိုရင် ကိုယ်တို့ ဆေးပညာ အရ စစ်ဆေးကုသမှုပေးတဲ့ ပထမဆုံး ဖြစ်တဲ့ ဆရာဝန်က သူတွေ့ရှိတဲ့ အချက် အလက်တွေ၊ ဒဏ်ရာရှိ /မရှိဆိုတာတွေ ကစလို့  မိန်းမကိုယ်မှာ ဒဏ်ရာ ရှိ /မရှိ၊ လတ်တလော ထိုးသွင်းရာ ရှိ / မရှိ စတဲ့ ပြင်ပဒဏ်ရာတွေအပြင် လိုအပ်တဲ့အခါ ဓာတုဗေဒ၀န်ရုံးအထိ ပေးပို့စစ်ဆေးဖို့ လိုအပ်တဲ့ သက်သေခံ ပစ္စည်းတွေဆိုတာ မျိုးက အခင်းဖြစ်ပွားပြီးတာနဲ့ အချိန်သိပ် မကြာခင် ရယူစစ်ဆေးလေလေ အမှန် တရားနဲ့ နီးစပ်လေလေပဲဆိုတာကြောင့် ကိုယ့်ဘက်က လုပ်သင့်လုပ်ထိုက်တာ ကျန်မနေခဲ့ဖို့ ကိုယ့်ပေါ့ဆမှုကြောင့် နစ်နာသူ  ကျူးလွန်ခံရသူအတွက် နစ်နာ မသွားဖို့ လိုအပ်ကြောင်း ပြောပြဖြစ်ခဲ့ တယ်။

၂။

နောက်နေ့မနက်မှာ အဲသည်ကလေးမ လေးဟာ အခြားရောဂါလက်္ခဏာတစ်ခုနဲ့ ဆေးရုံကို အတွင်းလူနာအနေနဲ့ လာတက် တယ်။ ဆေးတစ်ခုခု မိထားပြီး နဝေတိမ် တောင် ဖြစ်နေသလို အနေအထားနဲ့ သတိရသလို မရသလိုနဲ့ ကြောင်တိ ကြောင်တောင်နဲ့ ရောက်လာခဲ့တယ်။ တာဝန်ကျ ဆရာဝန်မလေးက သည်တစ် ခေါက်တော့ သတိထားပြီး မပေါ့မဆရဲ တော့ဘဲ  အတွင်းလူနာအနေနဲ့ ဆေးရုံ တင်ထားလိုက်တယ်။ သက်ဆိုင်ရာ ရဲဆီ အခင်းဖြစ်တာနဲ့ပတ်သက်လို့တိုင်ချက်ဖွင့်ဖို့ မိခင်ဖြစ်သူကို ရဲစခန်းကို စေလွှတ် ရတယ်။

ဖြစ်စဉ်က သည်ကလေးမ သည် အိမ်က တစ်ရက်နဲ့ တစ်နေ့တိတိ နီးပါး ပျောက်နေခဲ့တာ ဖြစ်တယ်။ အိမ်က မနက်ပိုင်းကတည်းက ထွက်သွားတယ်။ မိခင်နဲ့ဖခင် ကွဲကွာနေလေတော့ အမေ ဖြစ်သူက အဖေ့ဆီ သွားတယ်ထင်တယ်။ ညနေပိုင်း ရောက်မှ အိမ်လည်း ပြန်မလာ၊ ရှာလည်းမတွေ့လို့ ရဲတိုင်တယ်။ ဖြစ်ချင် တော့ ပထမတစ်ကြိမ် အဲသလို လူပျောက် တိုင်ချက်ဖွင့်ပြီး ရှာပြီးမှ သည်ကလေးမက သူ့အဖေဆီ သွားတာဖြစ်ခဲ့ဖူးလေတော့ သည်တစ်ကြိမ် အမှန်ပျောက်တဲ့အခါ ရဲဘက်က သိပ်အရေးအရာယူ စုံစမ်းပေး ဖို့ကို စိတ်မပါဘူး။ တော်ရိလျော်ရိ ရှာပေး တယ် ဆိုပေမယ့် အားမပါဘူး။ နောက် တစ်နေ့ ညနေစောင်းမှ ဂိုဒေါင်ပျက် တစ်ခု အနီးမှာ နဝေတိမ်တောင်ဖြစ်နေတဲ့ သည် ကလေးမကို မိခင်က ပြန်တွေ့ပြီး ရဲကို အကြောင်းကြားတယ်။ ဆေးရုံခေါ်လာ တယ်။ သို့ပေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ရဲ စတဲ့ အာဏာပိုင်တွေရဲ့ ထိရောက်တဲ့ အကူအညီ တွေ ဘာမှမရဘူး။ ဆေးရုံရောက်လာတော့ လည်း ဘာမှ အဖြေမရခဲ့ဘူး။  အမေခမျာ အရူးမီးဝိုင်းပေါ့လေ။

ကောင်မလေးကလည်း ဆေးမိထား သလိုလို ငူငူငေါင်ငေါင်နဲ့မို့ နောက်တစ် နေ့မနက် ကြံရာမရ ဆေးရုံပြန်ခေါ် လာခဲ့တာ ဖြစ်တယ်။

၃။

အစောကတည်းက ပြောခဲ့တဲ့ လူနာ မို့ တာဝန်ကျ ဆရာဝန်မလေးက လှမ်း အကြောင်းကြားတယ်။ စစ်ဆေးစရာရှိတာ စစ်ဆေးပြီး ရဲစခန်းကိုပါ လှမ်းပြီး ဆေးစာလှမ်းတောင်းတယ်။ သူ့ဆီက ဆေးစာရပါမှ သည်ဘက်က တရားဝင် စစ်ဆေးစရာရှိတာတွေ စစ်ဆေး မှတ်တမ်း တင်ရတယ်။ လိုအပ်တဲ့အချိန် တရားရုံး မှာ သက်သေခံဝင်ဖို့ဆိုတာမျိုးက စနစ်တကျ လုပ်ထားဖို့ လိုအပ်တာကိုး။ အသက်စစ်ဆေး တာအထိ ရဲမှုခင်းနဲ့ ဆိုင်တဲ့ အပိုင်းအပြင် လိုအပ်ရင် ခုခံအားကျဆင်းမှု ကူးစက် ရောဂါလို ကူးစက်ရောဂါတွေ ကာကွယ် ဆေး တိုက်ကျွေးနိုင်ဖို့ အရေးအရာတွေကို တစ်ဆက်တည်း  ပြင်ဆင်ပေးရ၊ တစ်ဖက် က စိတ်ပိုင်း ဆိုင်ရာ ပြန်လည်ထူထောင် ပေးဖို့အတွက်ပါ လုပ်ဆောင်ပေးကြရ တယ်။ ကောင်မလေးရဲ့ အမေဖြစ်သူနဲ့ ရပ်ကွက်ထဲက အဆိုအရ သည်ကောင် မလေးကို ယောက်ျားလေး နှစ်ယောက်က ဖြားယောင်းခေါ်သွားပြီး ဆေးတစ်မျိုးမျိုး တိုက်ကာ တည်းခိုခန်းမှာ တစ်ရက်နဲ့ တစ်ညထားခဲ့ တယ်လို့ ဆိုတယ်။ သည့်အတွက် အမှုဖွင့်သင့်တာ ဖွင့်ဖို့ အကြံပေးခဲ့ပြီး လိုအပ်တဲ့ လုပ်သင့်လုပ် ထိုက်တဲ့ အကြံနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးဖြစ်ခဲ့တယ်။ သည်ကလေးမလေး အတွက် တရားမျှတမှုအတွက် ကိုယ့်ဘက် က ပံ့ပိုးနိုင်သမျှ ပံ့ပိုးကူညီခဲ့တယ်။ ခေတ်ကာလက သည်မှာ ဘက်ခေတ်လို မပွင့်လင်းရဲကြသေးပါဘူး။ လူမှုအဖွဲ့ အစည်းတွေ သည်ဘက်ခေတ်လို အား မကောင်းလာကြသေးဘူး။

၎။

စိတ်မကောင်းစရာက ညနေ စောင်း လေးမှာ ကလေးမလေးရဲ့အမေဖြစ်သူ ကျွန်တော့် ရုံးခန်းဆီ ညှိုးငယ်စွာ ၀င် လာတယ်။

“ဆရာ့အနေနဲ့ အကြံပေးတာတွေ ရော၊ ကူညီတာတွေအတွက်ပါ ကျွန်မ အလွန်ပဲ ကျေးဇူးတင်ပါတယ်ဆရာ။ သို့ပေမဲ့ ကလေးမလေးရဲ့ ဘ၀ရှေ့ရေး အတွက် ကျွန်မတို့ ရှေ့ဆက် အမှုကို ရင်ဆိုင်ဖို့ အားမရှိလို့ပါ ဆရာ။ ကျွန်မ တို့မှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ်လက်စား ဆင်းရဲသားတွေ ဖြစ်တဲ့အပြင် တစ်ရှက်ကနေ နှစ်ရှက် အဖြစ်မခံချင် တာကြောင့် သည်ညနေကား နဲ့ပဲ  ရန်ကုန်ကို ကလေးမလေးနဲ့အတူ သွားပြီး ဘ၀သစ်တစ်ခု ပြန်စကြဖို့ စဉ်း စားထားပါတယ်” လို့ လေးလေးပင်ပင် ဆိုတယ်။

ပထမ သတင်းပေးတိုင်ချက် ဖွင့် ဖို့ရော ရဲအရေးပိုင်တဲ့ ပြစ်မှုဖြစ်တဲ့ အတွက်ပါ ဘယ်သူမဆို ဖွင့်လို့ရ ရှေ့ဆက်လို့ရပေမဲ့ သည်အဖြစ်က အဓိက သက်သေ ဖြစ်နေတဲ့ သည်ကလေးမလေး အတွက် သူ့ဘက်က ဘ၀ရှေ့ရေးနဲ့ ရင်ဆိုင်ရမယ့် တရားခွင် ကိစ္စ၊ သူ့လူမှု စီးပွားရေး ပြဿနာ အစစအရာရာ အတွက် ကျွန်တော်တို့ လူမှုအဖွဲ့အစည်း တွေ အဲသည်အချိန်က အဲသည် အနေ အထားလို တက်တက်ကြွကြွ ရှိမနေခဲ့ ကြသေးပါဘူး။ ခု သည်ဘက် တစ်ခေတ် ပြောင်းလာပါပြီလို့ ကြွေးကြော်တဲ့သည် ဖက်ခေတ်မှာသော်မှ justice for Victoria လှုပ်ရှားမှုကို လုပ်ရှားပြီး တစိုက်မတ်မတ် တောင်းဆိုနေကြလို့သာ သည်အမှု ပပျောက်မသွားခဲ့တာ ဖြစ်ပါ တယ်။

အဲသည် အဖြစ်သနစ်တွေနဲ့ သည် အနေအထားတွေဟာ လူ့အဖွဲ့အစည်းမှာ လက်သင့်မခံလိုတော့ တာ၊ နောက်ထပ် Victoria လေးတွေ ထပ်အနစ်မွန်းမခံစေ ချင် တော့တာ အမှန်ပါပဲ။

သည့်အတွက် သည်ဘက်ခေတ် လူ့အဖွဲ့အစည်းက သည်လို အဖြစ်ဆိုး တွေ ထပ်အဖြစ် မခံလိုကြတော့တာ သေချာလှတယ်။ ဘာတွေကြောင့် သည် လူ့အဖွဲ့အစည်းမှာ သည်လို လူမဆန်တဲ့ ပြစ်မှုတွေ ကျူးလွန်နေကြသလဲ။ ဘာ တွေကြောင့်လဲ၊ ဘယ်လို ကာကွယ်ကြ သင့်သလဲ စိတ်ဝင်စားဖို့ ကောင်းလှပါ တယ်။

သည်အဖြေအတွက် တရားလွှတ် တော်ရှေ့နေ ဦးကိုနီ အသတ်မခံရခင်က သက်ငယ်မုဒိမ်းနဲ့ ရာဇ၀တ်မှုတွေ ထူပြော လာတာနဲ့ ပတ်သက်လို့ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန်ခဲ့တဲ့ စကားလုံးလေးတွေကို အမှတ်ရမိပါ တယ်။

“ခုတလော ပြစ်မှုတွေ အတော်များ လာတယ်။ အရင်မကြားဖူး မကြုံဖူးတဲ့ သက်ငယ်မုဒိမ်းမှုတွေ များလာတယ်။ လူသတ်မှုတွေ မဖြစ်သင့်တဲ့ အကြောင်း အရာလေးနဲ့ ဖြစ်ကြတယ်။ လောဘ၊ ဒေါသ အာဃာတတွေ များလာတယ်။ ယဉ်ကျေးသိမ်မွေ့မှုနဲ့ ဘာသာတရား၊ ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရား အပိုင်းပါ အားနည်းလာတယ်။

ဘာကြောင့် ခုမှ ဖြစ်လာကြသလဲ။ ခုမှ လတ်တလော များပြားလာသလို ထင်ရပေမဲ့ ယေဘုယျ ခြုံငုံသုံးသပ် ရရင် ခုမှ ဖြစ်လာတာ မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ ဖြစ်ပျက် လာတာ ခုအချိန်မှာ ပိုလို့ ဆိုးလာတယ်။

သယံဇာတ ပေါများကြွယ်ဝတဲ့ နိုင်ငံ ဖြစ်ပြီး ဥစ္စာဓနပေါများကြွယ်ဝ သင့်ပါ လျက်  မှားယွင်းတဲ့ စနစ်အောက်မှာ  ဆယ်စုနှစ်တွေနဲ့ ချီနေခဲ့ရလေတော့ တိုင်းပြည်ဟာ အတော်ဆင်းရဲလာတယ်။ ဆင်းရဲတော့ ပညာရေးပိုင်း အားနည်း လာတယ်။ ပညာမတတ်တော့ ဆင်ခြင်တုံ တရားပိုင်း အားနည်းလာတယ်။ ဆင်ခြင်တုံတရား အားနည်းလာတဲ့အခါ အကောင်းအဆိုး မဝေဖန်မပိုင်းခြား နိုင် ကြတော့ဘူး။ နောက်တစ်ခါ လူတွေဟာ ဆင်းရဲမွန်းကျပ်မှုဒဏ်အောက်မှာ ထွက်ပေါက်မရှိ ပိတ်မိသလို ဖြစ်နေတယ်။

အဲတော့ အဲသည် ရာဇ၀တ်မှုတွေ ဟာ စိတ်ထွက်ပေါက်အနေနဲ့ ထင်ရာ မြင်ရာလုပ်မိ ကျူးလွန်ကြတာပဲ။

အရင်းစစ်လိုက်ရင်တော့ ဆရာတို့ တိုင်းပြည်ဟာ ပညာရေးမှာ အားနည်း တယ်။ စီးပွားရေးမှာ အားနည်းတယ်။ အဲသည် အထွေထွေ နိမ့်ကျမှုဒဏ်ရဲ့ နောက်ဆက်တွဲတွေအနေနဲ့ အဲသည် ရာဇ၀တ်ပြစ်မှုတွေ ထူပြောလာတာပေါ့။ သည်နေရာမှာ ပြောစရာတစ်ခု ရှိတာ ကတော့ ရဲတပ်ဖွဲ့ဆိုတာ ရှိတာပဲ။ အစိုးရ ဆိုတာရှိတာပဲ။ အဲတော့ အဲသည် အစိုးရ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ ရှိနေပါ လျက်နဲ့ ဘာအတွက်ကြောင့် ဒါတွေ ဖြစ်နေရတာလဲ။

လူတွေ ဆိုးလာရင် ရဲတွေက ထိန်း ရမှာပေါ့လို့ ဆိုနိုင်ပါတယ်။ သည်နေရာ မယ် ပြောစရာရှိတာကတော့ တရားဥပဒေ စိုးမိုးမှု အားနည်းတယ်လို့ ပြောချင်ပါ တယ်။ တရားဥပဒေ မစိုးမိုးတဲ့ လက်္ခဏာ တရားဥပဒေကို လူတွေ မလေးစား မလိုက်နာ ကြတော့တဲ့ လက္ခဏာ ဖြစ်နေ တယ်။ တရားဥပဒေဆိုတာ လူတွေတင် မကဘဲ အုပ်ချုပ်သူအစိုးရ အာဏာပိုင် တွေကပါ လေးစားရတယ်။

လူတွေက ဥပဒေကို လေးစားရမယ် လိုက်နာရမယ်။ မလေးစား မလိုက်နာ ကြရင် သည်လူတွေကို အစိုးရ အာဏာပိုင် တွေက ဖမ်းရမယ်။ ပြီးရင် တရားစွဲရ မယ်။ တရားရုံးကလည်း ထိရောက်ဟန့် တားလောက်တဲ့ ပြစ်ဒဏ်တွေကို ပေးရ မယ်။ အဲသလိုဆိုရင် ဘာပဲဖြစ်ဖြစ် မှုခင်း တွေက ကျဆင်းသွားမယ်။ ခုအဲသည် အပိုင်းမှာ အရေးယူမှုအပိုင်းမှာ အတော် အားနည်းနေတယ်။ အဲသည် အချက်က အဓိက အကြောင်းတစ်ချက်ပါ။

အဘက်ဘက်က ကျဆင်းမှုရဲ့ နောက် ဆက်တွဲအနေနဲ့ တိုင်းပြည်က မတည် မငြိမ် ဖြစ်နေ မအေးမချမ်း ဖြစ်နေတယ်။ ပြစ်ဒဏ်ကို တိုးမြှင့်ပေးတဲ့အတွက် မှုခင်းတွေ ပပျောက်တယ်ဆိုတာက မဟုတ်ဘူး။ အမှန် ပြစ်ဒဏ်ပေးတယ် ထောင်ချတယ်ဆိုတာဟာ ပြစ်မှုကျူးလွန် လို့ သူကျူးလွန်တဲ့ ပြစ်မှုအတွက် သူ့ကို ကလဲ့စားချေတဲ့ သဘောမဟုတ်ဘူး။ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် သူ့အမှား အတွက် နောင်ကို သူပြစ်မှု မကျူးလွန် အောင်နဲ့ ပြစ်မှုကျူးလွန်ချင်တဲ့စိတ် ပပျောက် သွားအောင် ပညာပေးတာပါ။

အဲတော့ ပြစ်ဒဏ်တွေ များများပေး မှ ပြစ်မှု ပပျောက်တယ်ဆိုတာ သီအိုရီ ထဲမှာရော လက်တွေ့မှာပါ မဟုတ်ဘူး။ သို့သော် ပြစ်မှု ကျူးလွန်သူကို ထိထိ ရောက်ရောက် အရေးယူရင်၊ ပြစ်မှုကျူး လွန်သူတိုင်း သေချာပေါက် အဖမ်းခံရ မယ်ဆိုရင်၊ ပြစ်မှုကျူးလွန်သူတိုင်း တရားစွဲတင်ခံရမယ်ဆိုရင်၊ ပြစ်မှုကျုး လွန်သူတိုင်း ပြစ်ဒဏ်ခံရမယ် ဆိုရင် လူတွေဟာ ကြောက်ပါတယ်။ အဓိက ကတော့ ဥပဒေကိုလိုက်နာအောင်  ဆောင်ရွက်အကောင်အထည်ဖော်တဲ့ အပိုင်း အားနည်းလို့သာ ပြစ်မှု မှုခင်း တွေသည်အထိ ဖြစ်နေကြတာပါ။

အမှန်ထောင်က ထွက်လာပြီး အဲသည်လူဟာ အဲသည်ပြစ်မှုကို ထပ်ပြီး ကျူးလွန်တယ်ဆိုတာ သည်လူ့ကို ထောင်ချတာ အဓိပ္ပာယ်မရှိတဲ့သဘော ဖြစ်နေတယ်။ သည်လူ့ကို ထောင်က ပဲ့ပြင် သွန်သင်မပေးနိုင်ခဲ့ဘူး မပြုပြင် နိုင်ဘူးဆိုတဲ့ သဘောပါပဲ။ ဒါ ထောင်စနစ် မှာလည်း အားနည်းချက်ရှိတယ်ဆိုတာ ပြတာပဲ။ ပြန်ပြင်ကြရမယ်ဆိုတာ ပြနေတယ်” ဟု သူ လုပ်ကြံမခံရမီက ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့ ပါတယ်။

တရားဥပဒေစိုးမိုးရေးသည် နိုင်ငံအတွက် အရေးပါသလို နိုင်ငံသားတို့ ဘ၀ လုံခြုံမှု၊ကလေးသူငယ်တို့ ဘ၀ လုံခြုံမှုအတွက် မဖြစ်မနေ လိုအပ်ပြီး သည်အတွက် ပြည်သူက တစိုက်မတ် မတ် အသိသတိရှိရှိ တောင်းဆိုကြရမည့် သဘော၊ ၀န်းရံကြရမည့်သဘော၊ ဥပဒေကို လက်တစ်လုံးခြားလုပ်လျက် တရားဥပဒေကို မထီမဲ့ကင်း ပြုမူနေကြ သည့်၊ စိန်ခေါ်နေကြသည့် အဖွဲ့အစည်း များကို လက်သင့်မခံကြောင်း ရဲရဲ ပြသ ကြရမည့် သဘော၊ တရားဥပဒေ အထက်က ပြက်ရယ်ပြုနေကြသူများကို တရားဥပဒေ အဆုံးအမအောက်သို့ ရဲရဲ ဆွဲထုတ်ကြရမည့် သဘောလည်း ဖြစ်ပါ၏။

ဗစ်တိုးရီးယားလေး အဖြစ်၊ အောင်ရဲထွေး အဖြစ်တွေမှသည် နိုးကြား နေသော လူ့အဖွဲ့အစည်း တစ်ရပ်လုံး မှ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘ၀ လုံခြုံရေးကို ရဲရဲ အာမခံနိုင်သော လူမှု စနစ်တစ်ခုအဖြစ် အမြန်ဖော်ဆောင် နိုင်ကြပါစေကြောင်း ဆန္ဒပြုကာ တိုက်တွန်း လိုလှသော်လည်း ရဲရဲ မျှော်လင့်ဖို့တော့ မဖြစ်နိုင်သေးပါချေ။ တရားဥပဒေ စိုးမိုးရေးမရှိသည့် အားနည်းချက်ကို ရဲရဲ ထောက်ပြဝေဖန်ခဲ့သည့် ဥပဒေ ပညာရှင် ရှေ့နေကြီး ဦးတရားလွှတ်တော် ကိုနီသော်မှ အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ရည်ရွယ်ချက်ရှိရှိ လက်ရဲ ဇက်ရဲ အသတ်ခံရ ခဲ့ပြီး ကိုနေ၀င်း နှင့် ရဲရင့်သော ယာဉ်မောင်းတွေအဖွဲ့ ကသာအသက်စွန့်လျက် တရားခံကို မဖမ်းပေးပါက လက်ရှိ ၀ရမ်းထုတ် ထားခံရပြီး ခပ်တည်တည်Live လွှင့် လျက် ထိကပါးရိကပါး ပြောဆိုနေ သည့် တရားခံပြေးတွေအဖြစ်လို၊ နေပြည်တော် ပရဆေးဥယျာဉ်အနီး ပျောက်သွားသော တရားခံ အဖြစ်များ သာမက ရဲအုပ် စိုးနောင်မိသားစု အသတ်ခံရမှုကဲ့သို့သော တရားဥပဒေ၏ မျှတမှု စိုးမိုးမှု မရှိအောင် ပြည်ထဲရေးနှင့် ရဲတပ်ဖွဲ့တို့၏ ကချွတ်ကချော်လုပ်ရပ် များကို လက်သင့်မခံလိုဘဲ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေကြပါကြောင်း ထုတ်ဖော်ပြသ ဆန်္ဒပြုနေကြပါ၏။

Justic for Victoria မှသည် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူတစ် ရပ်လုံးဘ၀ လုံခြုံရေး၊ ကလေးသူငယ် ဘ၀ လုံခြုံရေးကို အာမခံနိုင်သည့် အခြေအနေကို ရှေးရှုနိုင်ပါစေဟုသာ ။

ကိုရိုးဆေး