ရက်ရာဇာမှလား

0
4476

“လွန်၊ ဘုံ၊ သာ ၀ယ်ပါလေ။ အောင်၊ ကျော်၊ စံ၊ နှောင်း မ၀ယ်ကောင်း”

လူကြီးသူမ အတော်များများ ထို စာချိုးလေး အလွတ်ရကြပါသည်။

အလွတ်မရလျှင်ပင် ပစ္စည်းတစ်ခုခု ၀ယ်မည်၊ ရင်းနှီးမြှုပ်နှံမှု တစ်ခုခုပြုမည် ဆိုက ရက်ကောင်းရက်မြတ်တွက်နည်း မှန်း တန်းသိပါသည်။

“လွန်၊ ဘုံ၊ သာ”နေ့နံများဖြစ်သည့် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့ များတွင်သာ ပစ္စည်းဝယ်ကြ၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြ၏။

“အောင်၊ ကျော်၊ စံ၊ နှောင်း မ၀ယ် ကောင်း” ဆိုသဖြင့် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ စနေ စသည်နေ့များတွင် လုပ်ငန်း စတင်မည့်သူများအနေဖြင့် အရောင်း အ၀ယ် စတင်လုပ်ကိုင်ရန်မသင့်ဟု ယူဆ လက်ခံကြပါသည်။

“နေ့ကောင်းရက်မြတ်မှာ လုပ်ရင် ရောင်းမှား၊ ၀ယ်မှားဆိုတာတွေ နည်း သွားတယ်လေ။ ဆိုင်ကယ်ဝယ်မယ်ဆိုရင် ဦးက နေ့ကောင်းမှ ၀ယ်စေချင်တယ်။ ဦးကတော့ အဲလိုပဲ ယုံကြည်လို့ နေ့  ကောင်းရက်မြတ်ပဲရွေးပြီး လုပ်တယ်” ဟု လောင်းလုံးမြို့နယ် လေးသွန်းခံရွာနေ အသက် ၅၆ နှစ်အရွယ် ဦးကျော်ဝင်းက ပြောသည်။

တချို့က အထက်ပါ စာချိုးအပြင် ရက်ရာဇာ ပြဿဒါးကိုပါ တွက်တတ် ကြသေးသည်။

ရက်ရာဇာရွေးရာတွင်ကား ပြက္ခဒိန် က လူအများစု အားထားရာ။ တချို့ လေ့လာလိုက်စားသူ၊ ဘုန်းကြီးကျောင်း တွင် စာသင်ဖူးသူ အတော်များများကမူ ရက်ရာဇာ ရွေးနည်း စာချိုးလေး အလွတ် ရနေတတ်ပါသည်။

“တန်ခူး သာ လှ၊ ထွန်း ပ ကဆုန်၊ နယုန် ညွန့် မြ၊ အောင် လှ ၀ါဆို၊ သာ လို ၀ါခေါင်၊ မြတ် တောင် တော်သလင်း၊ သီတင်းကျွတ် ဆီမီး၊ သော ရီ တန်ဆောင် မုန်း၊ ချမ်း တုံ နတ်တော်၊ မ နော် ပြာသို၊ မိ ညို တပို့တွဲ၊ ထဲဝင် တပေါင်း အခါ ကောင်းသည် ရက်ကောင်းရာဇ ရာဇာ တည်း။”

တန်ခူးလ၌ သောကြာနေ့နှင့် ဗုဒ္ဓ ဟူးနေ့၊ ကဆုန်လ၌ စနေနေ့နှင့်ကြာသပ တေးနေ့၊ နယုန်လ၌ အင်္ဂါနေ့နှင့် ကြာသပတေးနေ့၊ ၀ါဆိုလ၌ တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့၊ ၀ါခေါင်လ၌ သောကြာနေ့နှင့် ဗုဒ္ဓဟူးနေ့၊ တော်သလင်းလ၌ ကြာသ ပတေးနေ့နှင့် စနေနေ့၊ သီတင်းကျွတ်လ၌ အင်္ဂါနေ့နှင့် ကြာသပတေး၊ တန်ဆောင် မုန်းလ၌ သောကြာနေ့နှင့်ဗုဒ်္ဓဟူးနေ့၊ နတ်တော်လ၌ တနင်္လာနေ့နှင့် စနေနေ့၊ ပြာသိုလ ကြာသပတေးနေ့နှင့် စနေနေ့၊ တပို့တွဲလ၌ ကြာသပတေးနေ့နှင့် အင်္ဂါနေ့၊ တပေါင်းလ၌ စနေနေ့နှင့် ဗုဒ္ဓဟူးနေ့တို့သည် ရက်ရာဇာရက်တို့ ဖြစ်ကြောင်း စာချိုးဖြင့် မှတ်သားကြခြင်း ဖြစ်သည်။

တချို့က စက်ဘီး၊ အပ်ချုပ်စက် စသည့် ပစ္စည်းများဝယ်လျှင်ပင် ရက် ကောင်းရက်မြတ်၊ ရက်ရာဇာ ပြဿဒါး ရွေးကြဆဲ ဖြစ်သည်။

တချို့က၊ ရက်ကောင်းရက်မြတ်၊ ရက်ရာဇာအပြင် အခါတော်ပေးပြက္ခဒိန်ပါ အခြား ကြည့်သင့်ကြည့်ထိုက်သည် များကိုပါ ကြည့်ရှုတွက်ချက်သေးသည်။

မြေ၊ အိမ်၊ ခြံ၊ ဆိုင်ကယ်၊ စက် ပစ္စည်း တစ်ခုခုဝယ်လျှင် နတ်ကြီးလေးပါး ပြက္ခဒိန်ရှိ ရက်ရာဇာ ကိုကြည့်ပြီးမှ ၀ယ်ယူလေ့ရှိပြီး မြေ၀ယ်လျှင် ရက်ရာဇာ ကို အရင်ရွေးပြီး မြေဆန်ရေဆန် ကိုလည်းရွေးကာ နဂါးမြေ ဂဠုန်မြေများ က လာဘ်ကောင်းသည်ဟု ယုံကြည် ကြောင်း မြိတ်မြို့၊ မြိတ်တောင်ရပ်နေ အသက် ၅၂ နှစ်ရှိ ဒေါ်ကြူကြူလွင်က ပြောသည်။

ငယ်စဉ်ကတည်းက မိဘများပြော ပြထားသည့်အတွက် ခရီးသွားခြင်း၊ အိမ်ဆောက်ခြင်း၊ အိမ်တိုင်ထူခြင်း၊ စရံ ငွေပေးခြင်း စသည်တို့ကို ပြဿဒါး နေ့တွင် လုံးဝမလုပ်ရဲကြောင်း ဆိုသည်။

“ပြဿဒါးနေ့ဆို အလှူတောင် မလုပ်ဘူး” ဟု ၎င်းက ဆိုသည်။

အိမ်တိုင်ထူ၊ မင်္ဂလာဆောင် စသည့် အရေးကြီးသည့် နေ့ရက်များဆိုပါက တချို့က ဗေဒင်ကိန်းခန်း တတ်ကျွမ်းသူ များနှင့် တိုင်ပင်ကြပါသေးသည်။

လက်ရှိတွင် ကလေးကို ဗိုက်ခွဲ မွေးသည့် ဗိုက်ကြီးသည်မမ အချို့မှာ ဗေဒင်ဆရာ ရွေးပေးသည့်နေ့ကိုမှ ဗိုက်ခွဲ မည်ဟု ပူဆာတတ်ကြောင်း သားဖွား မီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာ စိုးလွင်က သူ၏ “ခွဲမွေးရမယ့်ရက် ဗေဒင်မေးလို့တွက်နှင့် မိခင်လောင်းတို့ အရေး မေးချင်ရာမေး ဆောင်းပါးများ”စာအုပ်ပါ “ရက်ရာဇာ ပြဿဒါး ခွဲမလား မွေးမလား”ဆောင်းပါးတွင် ဖော်ပြသည်။

သူကြုံဖူးသည့် မွေးလူနာတစ်ဦးနှင့် မိသားစုဝင်များမှာ ကလေးကို အရေးပေါ် ခွဲရန် လိုအပ်နေသော်လည်း ဗေဒင်ဆရာ ပေးသည့်နေ့ဖြစ်သည့် နောက် ၂ ရက် နေမှသာ မွေးလိုကြောင်း ပေကပ်နေ  သဖြင့် အောက်ပါအတိုင်း ရှင်းရှင်းပြတ်ပြတ် ပြောရသည်အထိ ရှိခဲ့ဖူးကြောင်း ဆောင်းပါးတွင် ဖော်ပြပါသည်။

“ဒီနေ့ ပြဿဒါးမှာ ကလေးအရှင် မွေးမှာနဲ့ နောင် ၂ ရက် အကြာ ရက်ရာဇာ မှာ ကလေးအသေ မွေးမှာကို ကြိုက်ရာ ရွေးပေတော့”

ထိုအခါမှ ခွဲမွေးရန် သဘောတူပြီး ခွဲမွေးသောအခါ ကလေးလည်ပင်း ချက် ကြိုး ၃ ပတ်တောင် ကျပ်ကျပ်ရစ်ပတ်နေ ပြီး ဆက်စောင့်ပါက ကလေးသေနိုင်သည့်အနေအထားရှိနေသည်ကို ကြုံခဲ့ရ ဖူးကြောင်း ရေထားပါသည်။

ဤဘက်ခေတ် လူငယ်ပိုင်းအချို့ ကမူ လူကြီးများလောက် ရက်ရာဇာ၊ ပြဿဒါးအပေါ် အလေးအနက် မထား တော့ပါ။

“တချို့တစ်ဝက်ကလည်း ရှေးထုံး မပယ်ကြသေးဘူး။ တချို့တစ်ဝက်က လည်း ဒီအပေါ်မှာ သိပ်ပြီးလေးလေး နက်နက် မထားကြတော့ဘူး၊ အရေးကြီး တာလောက်ပဲ ရက်ရာဇာ ရွေးကြတော့ တယ်”ဟု သရက်ချောင်းမြို့နယ် စုံစင် ဖျားကျေးရွာနေ ဒေါ်မာမာစန်းက ပြော သည်။

ထားဝယ်မြို့နယ် ၀ကုန်းကျေးရွာ နေ အသက် ၂၉ နှစ်အရွယ်ရှိ ကိုမျိုးဇော် ကမူ ဆိုင်ကယ်ကဲ့သို့သော ပစ္စည်းမျိုး ၀ယ်ယူခြင်းအတွက် နေ့ကောင်းရက် သာ မရွေးဟု ဆိုသည်။

“ကျွန်တော့် အနေနဲ့ဆိုရင်တော့ ရွေးမှာ မဟုတ်ဘူး။ ရှေးလူကြီးတွေ ကတော့ ပြဿဒါးနေ့မှာ လုပ်ရင် မကောင်းဘူး။ ဘေးဖြစ်တတ်တယ်လို့ ယူဆကြတာလေ။ ကျွန်တော်ကတော့ အဲလိုဘေးဖြစ်မယ်လို့ မယူဆဘူး”ဟု ကိုမျိုးဇော်က ပြောသည်။

သို့သော် လူအတော်များများကမူ မင်္ဂလာဆောင်နှင့် အိမ်တိုင်ထူသည့် ကိစ်္စမျိုးတွင် ရက်ကောင်းရက်မြတ်ကို တတ်ကျွမ်း နားလည်သူများနှင့် တွက်ချက် သင့်ကြောင်း လက်ခံထားကြဆဲ ဖြစ် သည်။

“ပန်းရန်သမားတွေကတောင်မှ ဒီနေ့ ဆိုပြဿဒါး၊ အုတ်မြစ်ချလို့မရလို့ မချ ပေးဘူးဆိုရင် ကိုယ်လည်း ဘာမှ လုပ် လို့မရဘူးလေ။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကလည်း အဲဒါကို အခုထိ ယုံနေ တုန်းလေ။ အများနဲ့ကိုယ်တစ်ယောက် ပုံစံမျိုးဖြစ်နေတော့ အိမ်ဆောက် ဘာညာ မှာတော့ ရွေးတာတော့ ရှိတာပေါ့” ဟု ကိုမျိုးဇော်က ဆိုသည်။

ကော့သောင်းမှ အငြိမ်းစားကျောင်း အုပ်ဆရာ ဦးကျော်မြင့်ကမူ ကျောင်း ဆောင်သစ်/ရုံးသစ်ဖွင့်ပွဲလုပ်လျှင် မြို့နယ် အဖွဲ့ကို တိုင်ပင်ကာ ရုံးပိတ်ရက်တွင် လုပ်လေ့ရှိကြောင်း ပြောသည်။

“ပြဿဒါး၊ ရက်ရာဇာ ဆိုတာထက် မင်္ဂလာရှိတဲ့နေ့မျိုး ရွေးလုပ်တာပေါ့။ အဓိက ရုံးပိတ်ရက် ရွေးလုပ်တာပေါ့” ဟု ဦးကျော်မြင့်က ပြောသည်။

လောင်းလုံးမြို့နယ် လေးသွန်းခံရွာ နေ ဦးကျော်ဝင်းကမူ တစ်ခုခု လုပ်လျှင် ရက်ရာဇာ၊ နေကောင်းနေ့မြတ်မျိုးတွင် မလုပ်သည့်တိုင် ပြဿဒါးနေ့မဟုတ် သည့် ရက်လွတ်ကို ရွေးစေချင်ကြောင်း ပြောသည်။

“ပြဿဒါးနေ့မှာလုပ်ရင်တော့ ခိုက်မိမှာပဲ။ ကိုယ်ဖြစ်ကိုယ်ခံရမှာပဲ” ဟု ဦးကျော်ဝင်းက ပြောသည်။

မည်သို့ဆိုစေ အခါတော်ပေး ပြက္ခဒိန် များ ဈေးကွက်ထဲ ရောင်းနေရဆဲဖြစ် သည်။ ရွက်ဆုတ်ပြက္ဒဒိန်များနှင့် အခြား သာမန် ပြက္ခဒိန်ကြီးများပေါ်တွင်လည်း ရက်ရာဇာ၊ ပြဿဒါး ဖော်ပြထားမှုကို တွေ့နေရပါလိမ့်ဦးမည်။ ။

တနင်္သာရီသတင်းအဖွဲ့