ဆိုင်ကယ်ထိုင်ခုံအောက် ထည့်ထားသည့် ကျပ်သိန်း ၁၅၀ ခန့်တန်ဖိုးရှိ ပုလဲများ ပျောက်ဆုံး၊ ခိုးသူကို နေ့တွင်းချင်းဖမ်းမိ

0
950

ထားဝယ်မြို့တွင် ဆိုင်ကယ်ထိုင်ခုံ အောက်တွင် ထည့်ထားသည့် ကျပ်သိန်း ၁၅၀ ခန့်တန်ဖိုးရှိ ပုလဲများပျောက်ဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပုလဲပိုင်ရှင်ဖြစ်သည့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးက ဇူလိုင်လ ၃ ရက်တွင် ထားဝယ်မြို့၊ ထိန်ဟောင်းရပ် ကွက်ရှိ ၎င်းနှင့်အတူ အလုပ်အတူ တွဲလုပ် သူ၏ နေအိမ်သို့ အလုပ်ကိစ္စဆွေးနွေးရန် သွားရောက်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဆိုင်ကယ်ကို အိမ်ရှေ့တွင် ရပ်နားခဲ့ပြီး ပြန်လည်ရောင်းချရန် ၀ယ်ယူထားသည့် ကျပ်သိန်း ၁၅၀ ခန့် တန်ဖိုးရှိ  ပုလဲအလုံးရေ ၁၅၀ ကျော်ကို ပလပ် စတစ်ဗူးအတွင်းထည့်ကာ ဆိုင်ကယ်ထိုင်ခုံအောက်တွင် ထားရစ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အသိနေအိမ်တွင် တစ်နာရီခန့် အလုပ်ကိစ်္စဆွေးနွေးပြီး ပြန်ထွက်လာရာ ဆိုင်ကယ်ထိုင်ခုံမှာ ပွင့်နေသော်လည်း သတိမထားမိဘဲ နေအိမ်သို့ ပြန်ခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

နေအိမ်သို့ ရောက်ရှိချိန်တွင် ဆိုင်ကယ် ထိုင်ခုံအဖုံးအား ဖွင့်ကြည့်ရာ ပုလဲများ ပျောက်ဆုံးနေသည်ကို သိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ပုလဲများပျောက်ဆုံးမှုနှင့် ပတ်သက် ၍ စုံစမ်းအရေးယူပေးရန် ပိုင်ရှင်အမျိုး သမီးက ထားဝယ်မြို့မ ရဲစခန်းတွင် အမှုလာဖွင့်ကြောင်း စခန်းမှူး ဒုရဲမှူးအောင် နိုင်မိုးက ဆိုသည်။

အထက်ပါပိုင်ရှင်အမျိုးသမီးဖြစ်သူ သွားရောက်တွေ့ဆုံခဲ့သူမှာ အိမ်ငှားနေ ထိုင်သူဖြစ်ကြောင်း ထားဝယ်ရဲစခန်း မှတ်တမ်းအရ သိရသည်။

ပုလဲပျောက်ဆုံးမှုကို စုံစမ်းရာ ပိုင် ရှင်အမျိုးသမီးသွားရောက်ခဲ့သည့် အိမ်မှ အိမ်ပိုင်ရှင်ဖြစ်သည့် အသက် ၃၈ နှစ် အရွယ် အမျိုးသားကို မသင်္ကာသဖြင့် ဇူလိုင်လ ၃ ရက်နေ့တွင် ထားဝယ်ရဲစခန်း သို့ ခေါ်ယူစစ်ဆေးခဲ့ ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။

စစ်မေးချက်များအရ ပုလဲပိုင်ရှင် အမျိုးသမီးက အိမ်ငှားနေထိုင်သူထံ ရောက်လာချိန်တွင် ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ထိုင်ခုံအဖုံး ပွင့်နေသဖြင့် အတွင်းမှ ပုလဲများကို ခိုးယူကာ နေအိမ် ရှေ့ရှိ ရေမြောင်းအတွင်း ၀ှက်ထားသည်ဟု အိမ်ပိုင်ရှင်အမျိုးသားက ထွက်ဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ရေမြောင်းအတွင်း ရှာဖွေရာ ပလပ်စတစ်ဘူးဖြင့်ထည့်ထားသည့် ပုလဲ ၁၅၅ လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

“လာတိုင်ပြီးတော့ ၂၄ နာရီအတွင်း တရားခံ(ခိုးယူသည်ဆိုသူ) ရော၊ သက်သေခံပစ္စည်းတွေရော သိမ်းဆည်းရမိခဲ့ပြီ”ဟု စခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ပြောသည်။

 အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ- ၃၇၉ (ခိုးမှု) ဖြင့် အမှုဖွင့်ထားပြီး လက်ရှိတွင် တရားစွဲတင် ရန် လုပ်ဆောင်နေကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

Dawei Watch