မြိတ်တွင် နေအိမ်တစ်အိမ် ရွှေခုနစ်ဆယ်ကျပ်သားခန့်ဖောက်ထွင်းခံရ

0
633

မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အထက ၁ ကျောင်းအနီးရှိ နေအိမ်တစ်ဆောင် ဖောက်ထွင်းခံရပြီး လက်ဝတ်လက်စား မျိုးစုံ ရွှေထည် ခုနစ်ဆယ်ကျပ်သားခန့် နှင့် ငွေကျပ် လေးသိန်းခန့် ခိုးယူခံခဲ့ရကြောင်း ကာယကံရှင် မိသားစုထံမှ သိရသည်။

ကာယကံရှင် မိသားစု ရန်ကုန်သို့ သွားရောက် ဆေးကုသနေစဉ် ဖောက်ထွင်း ခံရခြင်းဖြစ်ပြီး ဇူလိုင်လ ၅ ရက် နေအိမ် ပြန်ရောက်ချိန်တွင် သိရှိခဲ့ရကြောင်း ကာယကံရှင် ဒေါ်ရီရီအေးက ပြောပြ သည်။

“အိမ်ထဲဝင်ဝင်ချင်း ဗီဒိုတွေ အ၀တ် အစားတွေ ရှုပ်ပွပြီး တစ်အိမ်လုံးရှာဖွေ မွှေနှောက် ထားတယ်”ဟု ၎င်းက ပြောသည်။

ဖောက်ထွင်းသူသည် ယင်းနေအိမ် ရှိ ရေချိုးခန်းအမိုးမှတစ်ဆင့် ဖောက်ထွင်းကာ အိမ်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်း ဖြစ်ပြီး ဗီရိုအား ရိုက်ဖွင့်ပြီး ရွှေထည် ပစ္စည်းများ ယူဆောင်သွားခဲ့ခြင်း ဖြစ် သည်။

ယင်းအိမ်နှင့် မလှမ်းမကမ်းတွင် ခြံစောင့်မိသားစု သုံးဦးနေထိုင်နေကြပြီး မည်သည့်နေ့က ဖောက်ထွင်းမှန်း ၎င်းတို့လည်း မသိကြဟု ကာယကံရှင် မိသားစုက ပြောပြသည်။

“ခေါ်ပြမှ သူတို့လည်း အံ့အားသင့် နေကြတယ်”ဟု ဒေါ်ရီရီအေးက ပြောသည်။

ဖောက်ထွင်းခံရမှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၆ ရက် နံနက်တွင် မြိတ်မြို့၊ မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထား ကြောင်း ကာယကံရှင် မိသားစုနှင့် မြိတ် မြို့  မြို့မရဲစခန်းမှ သိရသည်။

Dawei Watch