ကန်ဖျားကုန်စိမ်းဈေး ဆိုင်ခန်းအားလုံး ဇူလိုင်လ ၁၃ ရက် နောက်ဆုံးထား ပြောင်းရမည်

0
859

မြိတ်မြို့ ကန်ဖျားရပ်ကွက်တွင် ရောင်းချနေသည့် ကန်ဖျားကုန်စိမ်းဈေးရှိ ဆိုင်ခန်းအားလုံး ဇူလိုင်လ ၁၃ ရက် နောက်ဆုံးထားကာ  ပြောင်းရွှေ့ရမည်ဖြစ် ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲထံမှ သိရသည်။ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ တိုင်းစည်ပင်သာယာ ရေးအဖွဲ့မှ အားလုံး ပြောင်းရွှေ့ရန် ညွှန်ကြားစာထုတ်ခဲ့ကြောင်း မြိတ်မြို့ နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြော သည်။

ကန်ဖျားကုန်စိမ်းဈေးတွင် ပျံကျ ရောင်းချသူ ၄၈ ဦးနှင့် ဆိုင်ခန်းဖြင့် ရောင်းချသူ ၁၂၃ ဦးရှိရာ မြိတ်မြို့ ကလွင်ကျေးရွာ၊ ရှမ်းချောင်းရပ်ကွက်ရှိ အသစ်ဆောက်လုပ်ထားသည့်ဈေးသို့ အားလုံး ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

“လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ် ဆောင်သွားဖို့အတွက် ညွှန်ကြားထားပါတယ်”ဟု ၎င်းင်းက ပြောသည်။

ကန်ဖျားကုန်စိမ်းဈေးသည် မြို့လယ်ခေါင်လူနေရပ်ကွက်နှင့် စာ သင်ကျောင်းအနီး၌ရှိနေသည့်အတွက် အနံ့အသက် ဆိုးများ ထွက်ရှိနေသည့် အပြင် ယင်းဈေးရှေ့လမ်း၌ ကုန်တင်ချ သည့်ကားများကြောင့် ယာဉ်ကြောပိတ် ဆို့မှု မကြာခဏ ဖြစ်နေသည့်အတွက် ရပ်ကွက်သူရပ်ကွက်သားများက တစ် ခြားတစ်နေရာသို့ ပြောင်းရွှေ့ရောင်းချရန် တောင်းဆိုခဲ့သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက လည်း မြိတ်မြို့ မဲဆန်္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်က ယင်းဈေးအား ပြောင်းရွှေ့ရန် အစီအစဉ်ရှိ/မရှိ လွှတ်တော်တွင် မေး ခွန်း မေးခဲ့သည်။

ယင်းကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာ ရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ငွေကျပ် သိန်းတစ်ထောင့်နှစ်ရာ ကုန်ကျခံ၍ ၈ ပေ ၆ ပေ ရှိ ဈေးဆိုင်ခန်း ၁၂၃ ခန်းနှင့် ၄ ပေ ၆ ပေရှိ ဈေးဆိုင်ခန်း ၄၈ ခန်း ပါဝင်သည့် တစ်ထပ်ဈေးသစ်အား ဆောက်လုပ်ခဲ့ရာ ပြီးခဲ့သည့် မတ်လ အကုန်က ပြီးစီးခဲ့သည်။

သို့သော် ယင်းကုန်စိမ်းဈေးအသစ် ဆောက်လုပ်ချိန်မှစ၍  ဈေးသူဈေးသား များ၏ ဆန်္ဒသဘောထားကောက်ယူမှု မရှိဘဲ စည်ပင်သာယာရေးကော်မတီမှ အတင်းအကျပ်ပြောင်းခိုင်းနေသည်ဟုဆိုကာ ဈေးသူဈေးသားအများစုက မကျေနပ်ကြပေ။

ယင်းကြောင့် ဈေးဟောင်းမှ ပျံကျဈေးသည် ၄၈ ဦးကိုသာ ဈေးသစ် သို့ပြောင်းရွှေ့ခိုင်းပြီး ဈေးဟောင်းအား ဈေးရောင်းချိန် နံနက် ၆ နာရီမှ ၁၁ နာရီ အထိသာ ရောင်းချရန် ကန့်သတ်ခဲ့သည်။

“ဈေးရောင်းချိန်ကန့်သတ်ပြီး တော့လည်း ပြောင်းဖို့အတွက် အကျပ် ကိုင်ခဲ့ကြတယ်၊ အဲဒါတွေက ပွင့်လင်း မြင်သာမှု မရှိဘူး”ဟု ဈေးကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်းဦးက ပြောသည်။

ဈေးသစ်သို့ မဖြစ်မနေပြောင်းရွှေ့ သွားခဲ့ရသည့် ပျံကျဈေးသည် ၄၈ ဦး သည် ဈေးအသစ်တွင် လာရောက်ဝယ် ယူသူ မရှိသည့်အတွက် ၁ လကျော် အတွင်း အရင်းပြုတ်ပြီး အကြွေးတင်ခဲ့ရ သည်ဟုဆိုကာ  ယင်းဈေးသည်များမှ မေလ ၂၃ ရက်နေ့က မြိတ်မြို့သို့ ရောက်ရှိလာသည့် ၀န်ကြီးချုပ်အား ပြောင်းလျှင်လည်း အားလုံးပြောင်းရွှေ့ ပေးပါရန် တင်ပြတောင်းဆိုခဲ့ကြသည်။

ယင်းအပေါ် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တိုင်းဒေသကြီးစည်ပင်သာယာ ရေးအဖွဲ့သို့ ဈေးဟောင်းတွင် လက်ရှိ ရောင်းချနေသည့် ဈေးသည်အားလုံး ဈေးသစ်သို့ ပြောင်းရွှေ့ရန် ညွှန်ကြားစာ ထုတ်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရ သည်။

ယင်းကိစ်္စနှင့်ပတ်သက်၍ ဇွန်လ ၂၈ ရက်က မြိတ်မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ကန်ဖျားဈေး၌ ညွှန်ကြား စာနှင့်တကွ ပြောင်းရွှေ့ရောင်းချရမည့် လူအမည်များနှင့် ဆိုင်ခန်းတည်နေရာ ဗီနိုင်းများကပ်ခြင်း၊ လက်ကမ်းစာစောင် များဖြင့် အသိပေးကြေညာခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ ထံမှ သိရသည်။ 

 Dawei Watch