ဝန်ဆောင်မှုပေးသည့် ဦးဆောင်မှု ဖြစ်ပါစေ

0
552

ဝန်ဆောင်မှုပေးသည့် ဦးဆောင်မှု ဖြစ်ပါစေ

တိုင်းအတွင်း ကြုံရသည့် အရေးအရာ ကိစ္စများနှင့် ပတ်သက်ပြီး နိုင်ငံရေးရာထူးယူထားသည့် မူဝါဒ ချမှတ်သူများ၊ မူဝါဒများကို အကောင်အထည်ဖော်သည့် သက်ဆိုင်ရာဌာနများက ၀န်ဆောင်မှုပေးနေသည်ဟူသည့် စိတ်ခံယူချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည်ကို မတွေ့ရ၊ မကြားရသလောက် ဖြစ်သည်။

ထိုသို့ ၀န်ဆောင်မှု မပေးသည့်အတွက် ဒေသတွင်း ကြုံနေရသည့် အရေးအရာ ကိစ်္စများနှင့် ပတ်သက်ပြီး ကိုင်တွယ်သည့်အခါ မကြာခဏဆိုသလို ဖြစ်နိုင်ခြေ ရှိသည့် အဖြေကို မတွေ့ဘဲ လုံးလည်ချာလည် လိုက်နေရသည်။

ဥပမာ – ကမ်းနီး ငါးဖမ်းလှေများ ကြုံရသည့် ငါးဖမ်းလိုင်စင်ကိစ္စသည် မူဝါဒ ချမှတ်သူများနှင့် သက်ဆိုင်ရာ ဌာနများက ၀န်ဆောင်မှု ပေးသည်ဟူသည့် စိတ်ခံယူချက်ဖြင့် အလုပ်မလုပ်ခဲ့သည့်အတွက် ကြုံရသည့် ကိစ္စဖြစ်သည်။

နှစ်စဉ် သက်ဆိုင်ရာ ဌာနများက ကောက်ခံသည့် ပေးရမည့် အခွန်အခများကို ပေးဆောင်နေရင်း လိုင်စင်မဲ့ဖြစ်ရသည့်ကိစ္စမှာ စေ့စေ့တွေးလေ နားလည်မပေးနိုင်လေ ဖြစ်သည်။ ၀န်ဆောင်မှုပေးသည်ဟူသည့် စိတ်ခံယူချက်မရှိသည့်အတွက် ဖြစ်နိုင်ခြေ အဖြေကို မတွေ့ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုသော် ဖြစ်နိုင်ခြေအဖြေကို ရှာရန် ရေကုန်ရေခမ်း အားမထုတ်ခြင်း ဖြစ်သည်။

နောက်ထပ် ဥပမာတစ်ခုမှာ မြေယာကိစ္စများနှင့် ပတ်သက်ပြီး ဖြစ်သည်။

လက်ရှိ လတ်လတ်ဆတ်ဆတ် ကိစ္စကို ပြောရလျှင် တိုင်းအတွင်း တစ်နိုင် တစ်ပိုင် မြေလွတ်မြေလပ် မြေရိုင်းလျှောက်ထားသူများအနေဖြင့် မိမိ၏လျှောက်ထား မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနက ဆောင်ရွက်ထားမှုကို သွားစုံစမ်းရန် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ပြောသည်ဟူ၏။

ယင်းသို့ တစ်ယောက်တစ်ပေါက် သွားစုံစမ်းရန်မှာ စီမံခန့်ခွဲမှု ရှုထောင့်အရ စဉ်းစားမည်ဆိုပါက မည်သို့မျှ အဆင်မပြေသည့် ကိစ္စဖြစ်သည်။

ယင်းကိစ္စမှာလည်း ပြည်သူကို ၀န်ဆောင်မှု ပေးနေသည်ဟူသည့် စိတ်အခံ မရှိသည့်အတွက် ဖြစ်နိုင်ခြေ နည်းလမ်းကို မတွေ့ခြင်း ဖြစ်သည်။

မိမိဝန်ဆောင်မှုပေးရမည့် ပြည်သူများ အဆင်ပြေချောမွေ့အောင် မည်သို့ လုပ်ရမည်ကို နေ့နေ့ညည စိတ်ထဲ နှစ်ထားပြီး တကယ်လည်း အကောင်အထည် ဖော်ဆောင်ရွက်ပါက ဖြစ်နိုင်ခြေနည်းလမ်းများကို တွေ့မည်ဖြစ်သည်။

အခြားအရေးအရာကိစ္စများစွာတွင်လည်း ယင်းသို့ ကြုံနေရသည်။

ပြည်သူကို ၀န်ဆောင်မှုပေးသည့် စိတ်ခံယူချက်ဖြင့် ဦးဆောင်စေချင်ပါသည်။

(အယ်ဒီတာ ဇွန် ၂၂၊ ၂၀၁၉)