အာမခံပေးခြင်းနှင့် ကျွန်တော် ထိစပ်ရသမျှ

0
874

ယခုနှစ်တွေအတွင်း တရားရုံးနှင့် အပြင်အသိုင်းအ၀ိုင်းကြားတွင် စကားတစ် လုံး တွင်တွင်ကျယ်ကျယ် ခေတ်စားလာ၏။

ထိုစကားက “အာမခံလျှာက်ထား ခြင်း” ။

သာမန်အားဖြင့်ဆိုလျှင် အစွပ်စွဲ ခံနေရသူတစ်ဦးအား အမှုကို ရုံးတင်စစ် ဆေးခြင်း မပြုသေးမီ သို့မဟုတ် အမှုကို စစ်ဆေးနေစဉ် အတွင်း၌ ကြာမြင့်စွာ ချုပ်နှောင်ထားအပ်သည် မဟုတ်။ ထိုသို့ ချုပ်နှောင်ခြင်းဖြင့် ၎င်းင်းအပေါ် ပြစ်မှုထင်ရှား မတွေ့သေးဘဲ ကြိုတင်၍ ပြစ်ဒဏ်ပေး ခြင်းမျိုး မဖြစ်စေအပ်ဟု စီရင်ထုံးတစ်ခုက ဆိုသည်။

“အာမခံ”ဆိုသည့် စကားက တရားရုံးနှင့် ပတ်သက်သည့် အသုံးအနှုန်းဖြစ် သည်၊ အမှုရင်ဆိုင်နေသူနှင့် ပတ်သက်သည့် အကြောင်းဖြစ်သည်ကို တော်တော် များများ သိကြသည်။

တရားရုံးက အပြစ်တွေ့ရှိ၍ အပြစ်မပေး သမျှ ကာလပတ်လုံး အပြစ်ကင်းစင်သေးသည်ဟု မှတ်ယူကြောင်း၊ မြန်မာ့တရား စီရင်ရေးစနစ်၏ ကျင့်စဉ်ကို အားလုံးနား လည်ကြသည့်အလျောက် တရားရုံး တစ်ရပ်ရပ်တွင် အမှုအမျိုးမျိုးဖြင့် တရား စွဲဆိုခံရပြီး ယင်းအမှုကို ရင်ဆိုင်ထုချေရန် အာမခံ ရ/မရ ဆိုတာမျိုးကို အများစုက လေ့လာဆန်းစစ်ကြသည်။

ရာဇ၀င်ကျင့်ထုံးဥပဒေ ဒုတိယဇယား တွင် ရာဇ၀တ်မှုတစ်ခုခုဖြင့် စွဲဆိုခြင်း ခံရသူကို တရားရုံးက အာမခံပေးနိုင်သည့် ပုဒ်မများနှင့် အာမခံပေး၍ မရသည့် ပုဒ်မများကို အတိအလင်း ပြဋ္ဌာန်းထား သည်။

အထူးဥပဒေဖြင့် စွဲဆိုခြင်း ခံရသူများ ကိုလည်း သာမန်အားဖြင့် ထောင်ဒဏ် ၃ နှစ်အောက်ပြစ်ဒဏ်ထိုက်တဲ့ အမှုက အာမခံ ရပြီး၊ ထောင်ဒဏ် ၃ နှစ်ကနေ သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် ခံထိုက် သည်အထိ အာမခံမရဟု ပြဋ္ဌာန်းထားတာ ရှိသည်။

တရားရုံးမှာ အာမခံလျှောက်ထားခြင်း ကတော့ အာမခံရနိုင်သည့် ပုဒ်မတွေမှာ အများသိတဲ့အတိုင်း အိမ်မြေပိုင်ဆိုင်တဲ့ လုံလောက်တဲ့ ခံဝန်လျှောက်ထားသူ ၂ ဦးက ရုံးရှေ့စွပ်စွဲခံရသူကို အာမခံလျှောက်၊ အချက်အလက် အထောက်အထားစုံရင် တရားရုံးက အာမခံပေး၊ တချို့ကြတော့ ကိုယ်တိုင်ခံဝန်ပေးတာတို့၊ ကလေးသူငယ် ဖြစ်တာတို့ဆိုလျှင် မိဘအုပ်ထိန်းသူကို ပြန်အပ်တာ မျိုးလည်း ရှိတတ်သည်။ အာမခံ ယူထားသည့် စွပ်စွဲခံရသူသည် တရားရုံး ရှိသည့် အရပ်ဒေသမှ အပြီးထွက်ပြေးလျှင် အာမခံထားသူများ ခံဝန်ချုပ်ထားသည့် ငွေတန်ဖိုး အတိုင်းလျော်၊ မလျော်နိုင်လျှင် ဥပဒေအရ အရေးယူခံရသည်။

ဒါကတော့ ရှင်းသည်။

ဘယ်ဟာက မရှင်းသလဲ ဆိုလျှင် အဲဒီရာဇ၀တ်ကျင့်ထုံး ဥပဒေ ၄၉၇(၁) ခြွင်းချက်မှာ …..

“ဆိုခဲ့သည့် ပြစ်မှုနှင့် စွပ်စွဲခံရသူ သည် အသက် ၁၆ နှစ်အောက် သို့မဟုတ် အမျိုးသမီး သို့မဟုတ် နာဖျားမကျန်းရှိသူ သို့မဟုတ် မစွမ်းမသန်သူဖြစ်လျှင် အာမခံ နှင့် လွှတ်ထားရန် ညွှန်ကြားနိုင်သည်”ဟု ပါသည်။

ဆိုလိုတာက သူ့ကို စွဲဆိုထားသည့် အမှုက သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် ထိုက်နိုင်သည့် အမှုမဟုတ်လျှင် အပေါ်က အမျိုး အစားတွေနှင့် ကိုက်ညီလျှင် တရား သူကြီးက အာမခံပေးလိုက ပေးနိုင်သည် ဟူသည့် အဓိပ္ပာယ် သက်ရောက်သည် ပေါ့။

ဒီနေရာမှာ တရားသူကြီးရဲ့ ဆင်ခြင် တုံတရားနဲ့ အာမခံပေးသင့်၊ မပေးသင့် စဉ်းစားခြင်းဆိုတဲ့ နေရာမှာ “အမှုနဲ့ ပတ်သက်ပြီး မလျော်သြဇာသုံးလိမ့်မည်၊ ထွက်ပြေးတိမ်းရှောင်လိမ့်မည်ဆိုသည့် အချက်တွေ မပေါ်လျှင် အာမခံ ပေးနိုင်သည်”ဟုလည်း စီရင်ထုံးတစ်ခုက ဆိုထား သည်။ ဒီနေရာမှာ တရားသူကြီးတစ် ယောက်နှင့်တစ်ယောက် စဉ်းစားပုံတော့ မတူနိုင်၊ ရင်းနှီးသည့် အငြိမ်းစားတရား သူကြီးတစ်ယောက်က ဘယ်လိုစဉ်းစား တယ်ဆိုတာတော့ သူ့ပြောစကားအရ အောက်ပါအတိုင်း မှတ်သားဖူးသည်။

“အမှုသည်က ငွေကြေးပြည့်စုံလွန်း တဲ့သူ၊ အသိုင်းအ၀ိုင်း ကြီးလွန်းတဲ့သူ၊ တပည့်တပန်း များလွန်းတဲ့သူ၊ ရာထူး အာဏာကြီး ခဲ့ဖူးတဲ့သူတွေက အပြင်ရောက် နေရင် ငွေတွေ၊ အခွင့်အရေးတွေ၊ အသိုင်း အ၀ိုင်းတွေနဲ့ ဖိအားပေးပြီး တရားရုံးမှာ မထွက်ဆို ရသေးတဲ့ သက်သေကို ခြိမ်း ခြောက်အကျပ်ကိုင်ဖို့  အခွင့်အရေး ရလွယ် တယ်ဗျ။ အားလုံးတော့ မဆိုလိုပါဘူး။ အများစုပါ။ ပြီးတော့ သူက ပြစ်မှုတကယ် ကျူးလွန်တာမျိုး၊ ပြစ်ဒဏ်ကျပြန်တော့ လည်း များများနဲ့ ကြီးကြီးထိုက်မယ့် ဟာမျိုးဆိုရင် ထွက်ပြေး ကြတာ များတယ် ဗျ။ ဒီလိုမျိုး အာမခံလျှောက်လာရင် ကျွန်တော်တော့ သတိကြီးကြီးထားပြီး ဆုံးဖြတ်ရတာမျိုးဗျို့။ မဟုတ်ရင် ခြွင်းချက်နဲ့  အာမခံလျှောက်တာမျိုးဖြစ် တော့ အာမခံ တကယ်လိုအပ်လို့ မပေးပြန် ရင်လည်း တစ်ခုခုဖြစ်သွားရင် ကိုယ်လည်း တာဝန်မကင်းသလို ခံစားရတတ်သဗျာ”ဟု ပြောပြခဲ့ဖူးသည်။

အာမခံလျှောက်သည့် လျှောက်လွှာ တွင် တခြားအချက်တွေက ရုံးချိန်းမှန်မှန်လာ ရန် တာဝန်ယူပါသည်။ လုံလောက်သည့် ခံဝန်ကို ပေးနိုင်ပါသည်။ သက်သေများ ကို မဖျက်ဆီးရန် တာဝန်ယူပါသည်ဟု ဖော်ပြပြီး ထည့်လျှောက်ရပါသေးသည်။

ကျွန်တော့် အတွေ့အကြုံအရဆို လျှင် အမှုသည်တွေက အာမခံယူပြီးမှ ရုံးမရောက်လာ၍ လိုက်ခေါ်ရတာမျိုး တွေ၊ နေမကောင်း ဘူးဆိုပြီး ကြိုတင်ခွင့် မတိုင်ဘဲ အိမ်မှာ အိပ်နေ၍  Taxi ဖြင့် ခေါ်ခိုင်းရတာမျိုးတွေ အကြိမ်ကြိမ်။

တွေ့မှ “ဆရာရယ်…. ရုံးချိန်းမှားလို့ ပါ။ မေ့နေလို့ပါ။ ညက ဘောလုံးပွဲကိုက် လို့ အိပ်ရာမထနိုင်လို့ပါ” စသဖြင့် ဆင်ခြေ ပေးသည်။

ရုံးရှေ့မှာတော့ ကိုယ်က မျက်နှာ ငယ်လေးဖြင့် အာမခံပြန်မရုပ်သိမ်းရေး အတွက် လျှောက်လိုက်ရတာ သူတို့ကျ မျက်နှာက မချိုမချဉ်။

နောက်တစ်ချက်က လုံလောက်သည့် ခံဝန်ကို တရားရုံးကို တင်ပြနိုင်ဖို့ ပါ။ ဥပမာ ပြောရရင် ရန်ကုန်က လိမ်လည်မှု တစ်ခုမှာ လိမ်လည်ထားသည့်ငွေက ကျပ်သိန်းပေါင်း တစ်သောင်းကျော်လို့ သိန်း ၅၀၀၀ တန် ခံဝန်နှစ်ယောက်ဖြင့် အာမခံပေးမည်ဟု တရားရုံးက အမိန့်ချ ထားသည်။ သိန်း ၅၀၀၀ တန် အိမ်မြေ ပိုင်ဆိုင်သည့်သူ ကိုယ့်မိတ်ဆွေထဲတွင် မရှိသေး၍ မရမချင်း အချုပ်ထဲမှာ နေနေရ သည်မျိုးလည်း ရှိတတ်သည်။ ဒီလိုအမှု မျိုးမှာ သိန်း ၁၀၀ လောက်ဖြင့် တရားရုံးက အာမခံပေးသည် ဆိုပါစို့။ ဒီထက်ပို ရှုပ်ထွေးသည့် ကိစ္စတွေ ဖြစ်လာနိုင်သည်။

ဒါကလည်း တရားရုံးရဲ့ ဆင်ခြင်တုံ တရားပါ။

တချို့ကျတော့လည်း အာမခံယူပြီး အပြင်မှာ နေနေတာ၊ အိမ်ကနေ တရားရုံး ကို မိုင် ၄၀ လောက် အသွားအပြန် ရုံးချိန်း တိုင်း တရားရုံးကို သွားနေရတာ၊ လမ်း စရိတ်၊ စားစရိတ် မတတ်နိုင်တော့လို့ အမှုမပြီးမချင်း အချုပ်ထဲမှာပဲ နေချင်တော့သည် ဆိုသည့် အမှုသည်မျိုးလည်း တွေ့ရဖူးသည်။

တချို့ကျပြန်တော့လည်း အာမခံ တွေ ကျကျနနယူပြီး အပြီးထွက်ပြေးသွား လို့  အာမခံလျှောက်ပေးတဲ့သူ ၂ ယောက် က ငွေလျော်ရတာမျိုး၊ အမှုဖြစ်တာမျိုးလည်း ကြုံရဖူးသည်။

နောက်တစ်မျိုးကျပြန်တော့လည်း အာမခံယူပြီး အပြင်မှာ အမှုတွေထပ်ဖြစ်လို့ အာမခံ ပြန်ရုပ်လိုက်တာမျိုးတွေလည်း ရှိဖူးသည်။

တချို့ကျပြန်တော့လည်း အာမခံနဲ့ အပြင်ရောက်ကာမှ တရားလိုပြသက်သေ တွေကို ငွေပေးပြီး တရားရုံးမှာ ဟိုလို ထွက်၊ ဒီလိုထွက်ဖို့ မလျော်သြဇာသုံးတာ ကို တစ်ဖက်က တိုင်တော့မှ ပြဿနာ တွေ ထပ်တက်တာမျိုးတွေ အများကြီးမှ အများကြီး။

ကျွန်တော့်အမြင်ကတော့ အာမခံရ သင့်သည့်သူ အာမခံမရတာ၊ မရသင့် သည့်သူ အာမခံရနေတာက လူ့အဖွဲ့ အစည်းအတွက်၊ တရားမျှတမှုအတွက် အနုတ်လက္ခဏာ ဆောင်ပါသည်။

တစ်ခါတစ်ခါကျတော့လည်း အာမခံ ရပြီးမှ မဟားတရားတွေ လျှောက်လုပ်။ ကြိုတင်လည်း မမြင်နိုင်တော့ ခက်ပါ တယ်။

နောက်တစ်ခုက တရားရုံးတစ်ရုံးက အာမခံကို ငြင်းပယ်လျှင် ဘာလုပ်သင့် သနည်းပေါ့။

ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ (၁) ခြွင်းချက်အရ အာမခံငြင်းပယ်ခံရ လျှင် ပုဒ်မ ၄၉၈(၁) အရ အဆင့်မြင့် တရားရုံးသို့ အာမခံလျှောက် ထားနိုင်ကြောင်း ပြဋ္ဌာန်းထားရှိပါတယ်။ ဒီရုံးက ငြင်းပယ်လျှင် ဒီထက်အဆင့်မြင့်တဲ့ တရားရုံးကို အယူခံ လျှောက်ထားနိုင်သည်။

အချုပ်ဆိုရမည်ဆိုလျှင် အာမခံလျှောက် ထားခြင်း၊ အာမခံမပေးခြင်းက ကျယ်ဝန်း နက်ရှိုင်းလှသည်။ တရားသူကြီးတွေ တစ်ဦးချင်း၊ တစ်ဦးချင်းမှာရှိသည့် မတူညီသည့် ဆင်ခြင်တုံတရားတွေ အပေါ် မူတည်ပါသည်။ တစ်ခါတလေ အာမခံရမှ အဆင်ပြေမည့်အခြေအနေမျိုး ရှိသလို အာမခံရသွားပြီးကာမှ မျက်စိ ငရဲ၊ နားငရဲနဲ့ လူ့အဖွဲ့အစည်းကို ထိခိုက် စေတာမျိုး တွေလည်း ရှိတတ်သည်။

နောက်တစ်ခုက အာမခံပေးခြင်းက အစိုးရရဲ့ မူဝါဒတွေနဲ့ စပ်ဟပ်ရန် သတိ ချပ် ရမှာဖြစ်ကြောင်း တော်လှန်ရေး ကောင်စီခေတ်က စီရင်ထုံးတစ်ခုက ဆို ထားတာကိုလည်း လေ့လာခဲ့ဖူး ကြောင်းပါ ခင်ဗျ။      ။

ကြိုးကြာ