အရပ်ဘက်အင်အားတွေအချည်းနှီးမဖြစ်ပါစေနဲ့

0
798

“အရပ်ဘက်အဖွဲ့အစည်းများ လိုသုံးလား”ဆိုတဲ့ ပြီးခဲ့တဲ့အပတ် တနင်္သာရီဂျာနယ်ရဲ့ မျက်နှာဖုံး ဆောင်းပါးလေးကနေ ဆက်ပြီး တွေးမိပါတယ်။

အမှန်ဆိုရရင်တော့ ပြည်သူ့အစိုးရ ဖြစ်လာဖို့ အတော်ခက်ခက်ခဲခဲ အားထုတ် ခဲ့ကြရ ကျားကန်ခဲ့ကြရတယ်။ တရားဝင် ရပ်တည်ခွင့် ရှိသယောင် မရှိသယောင် အဖွဲ့အစည်းတွေဟာ ကိုယ့်ရပ်တည်မှု၊ ကိုယ့် အန္တရာယ်ကို အမှုမထားပါဘဲ တစ်ပြည်လုံး က ပြည်သူတွေ တစည်းတလုံးတည်း ပြည်သူ့ အစိုးရဘက်ကို တစ်ခဲနက် မဲပေး ကြဖို့ ကျားကန်စည်းရုံးပေးခဲ့ကြတာ သမိုင်း မှာ အထင်အရှားပါပဲ။ အဲသည်အတွက် ပြည်သူ့အကျိုးပြု အင်အားစုငယ်လေးတွေရဲ့ အခန်း ကဏ္ဍဟာ မသေးငယ်လှပါဘူး။

သည်အဖွဲ့အစည်းတွေရဲ့ အင်အား ကို အမှန်ရယူနိုင်ခဲ့ကြလို့သာ သည်နေ့ ပြည်သူ့အစိုးရအဖြစ် ရပ်တည်လာနိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။ သည်ပြည်သူ့အစိုးရ ရယ်လို့ ဖြစ်တည်လာနိုင်ဖို့ရာ အရပ်ဘက် အဖွဲ့အစည်းများနဲ့ ပြည်သူတွေ ကိုယ်တိုင်က အားထုတ်ပြီး ကျားကန်ပေးခဲ့ကြ စည်းရုံးပေးခဲ့ကြတာ ငြင်းမရပါဘူး။

သည်နေ့ သည်အဖွဲ့အစည်းငယ်တွေ ရဲ့ အခန်းကဏ္ဍက ဘာလဲ။ လိုသုံးလားလို့ အယ်ဒီတာအဖွဲ့က မီးမောင်းထိုးပြရင်း ပြည်သူ့ အစိုးရရဲ့ သည်အဖွဲ့အစည်းငယ်တွေ အပေါ် လိုတစ်မျိုး မလိုတစ်မျိုး ဆက်ဆံ ပြုမူနေပုံနဲ့ သည်အဖွဲ့အစည်းငယ်တွေရဲ့ ခံစားချက်တွေကို ထင်ဟပ်ပြခဲ့တဲ့ အမေးနဲ့ ဖော်ပြခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်လည်း ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်း၊ ဘာလဲ ဘယ်လဲလို့ တွေးကြည့်မိပါတယ်။ Civil Society Organization,(CSO)လို့ လူသိများတဲ့ ပြည်သူ့အခြေပြု အဖွဲ့အစည်း ငယ်တွေဟာ နိုင်ငံရဲ့ လိုအပ်နေတဲ့ အခန်း ကဏ္ဍတွေမှာ အစိုးရ လက်လှမ်းမမီနိုင်သေးတဲ့ ပြည်သူ့အတွက် အမှန် လိုအပ်နေတဲ့ ကွက်လပ်တွေ လိုအပ်ချက်တွေကို ရယူ ဖြည့်ဆည်းကူညီနိုင်ဖို့ရာ ရည်မှန်းချက်တူ ပြည်သူ့အင်အားစုငယ်တွေ ပေါင်း စည်းထားကြတဲ့ အဖွဲ့အစည်းငယ်တွေပဲ ဖြစ်ပြီး သည်နေ့ခေတ်မှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေအရ အရေးပါလာတဲ့ လူမှုအဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ ကဏ္ဍ အသီးသီးမှာ သည်အဖွဲ့အစည်းလေး တွေက ပြည်သူ့ဘက်က ရပ်တည်ပြီး ပြည်သူတွေ အမှန်တကယ် လိုအပ်နေတဲ့ ကွက်လပ်လေးတွေကို ဖြည့်ဆည်း ကူညီနေကြတာ အမှန်ဖြစ်တယ်။

မြေယာ ကိစ္စ၊ သက်ငယ် မုဒိမ်းကိစ္စ၊ တိုင်းရင်းသား အရေးအရာ ကိစ္စတွေ အပြင် သဘာဝဘေး အန္တရာယ်တွေနဲ့ အရေးပေါ် အခြေအနေတွေမှာ အဲသည် အရပ်ဘက် အဖွဲ့အစည်းငယ်တွေရဲ့ ကူညီမှုဟာ သေးသေးမွှားမွှား အခန်းကဏ္ဍတော့ မဟုတ်ပါဘူး။ အမှန်ပြောရရင်တော့ ဖွံ့ဖြိုးပြီး နိုင်ငံများ မှာ ပြည်သူတွေဘက်က အခွန်သာဆောင်ဖို့ တာဝန်ရှိကြပြီး ကျန်အရေးအရာ အားလုံး လိုလိုကို အစိုးရဘက်က ဖြည့်ဆည်း ဆောင်ရွက် ကူညီပေးကြတာ ဖြစ်တယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာတော့ လိုအပ်ချက် တွေက အများစု ဖြစ်လေတော့ အဲသည် ကွက်လပ်လေးတွေကို ၀ိုင်းကြ ၀န်းကြ ပရဟိတစိတ်နဲ့ ကူညီကြ၊ ရိုင်းပင်းကြရင်း က အရပ်ဘက်အဖွဲ့အစည်းငယ်တွေရဲ့ ဖွံ့ဖြိုးမှုက အားကောင်းလာကြတာပဲ ဖြစ်တယ်။

အဲသည် အရပ်ဘက်အဖွဲ့အစည်း အများစုက အရေးဟယ် အကြောင်းဟယ် ဆိုရင် ပြည်သူ့အစိုးရဘက်က  မားမားမတ်မတ် ရပ်ခဲ့ကြတာလည်း ငြင်းမရပြန် ပါဘူး။

ပြည်သူ့အစိုးရ ဖြစ်လာတဲ့အခါ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အင်အားက ပိုလို့ကောင်းလာကြတယ်။ မျှော်လင့်ချက် နဲ့ အစုအဖွဲ့တွေက ပိုလို့ ခိုင်မာလာကြတယ်။ အဲသည် အစုအဖွဲ့တွေဆီက အင်အားကို ရယူဖို့ထက် အဲသည် အစုအဖွဲ့တွေကို အစိုးရဘက်က ပြန်လို့ လန့်လာကြတာ ငြင်းမရဘူး။ မြေယာ ကိစ္စမှာ ဖြစ်ဖြစ် အခြား ဥပဒေရေးရာတွေမှာ ဖြစ်ဖြစ်၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့မှာဖြစ် ဖြစ် အစိုးရ ရပ်တည်ချက်နဲ့ သည်အစု အဖွဲ့လေးတွေရဲ့ ရပ်တည်ချက် ၀ိရောဓိ အချို့ ဖြစ်လာကြပြီး အစိုးရမဟုတ်တဲ့ အဲသည် ပြည်သူ့အဖွဲ့အစည်းငယ်လေး တွေကို အရေးအရာမယူ ပစ်ပယ်လျစ်လျူ ရှုတဲ့ အနေအထားအထိ တစ်ခါတလေ ဖြစ်လာခဲ့ ကြပြန်တယ်။

အပွင့်လင်းဆုံး ပြောရရင် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ဦးတည်ချက်နဲ့ အစိုးရ ရဲ့ ဦးတည် မျှော်မှန်းချက်က တူနိုင်ပေမယ့် လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ရပ်တည် ချက်နဲ့ အစိုးရ ရပ်တည်ချက်ဆိုတာမျိုးက သည်တစ်သက် မတူနိုင်တာ အမှန်ပါပဲ။

ဥပမာ – ကျန်းမာရေး စောင့်ရှောက်မှု ပေးကြတဲ့အခါမယ် အားလုံး ကျန်းမာကြ ဖို့ ရယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရဘက် ဦးတည်ချက် တူကြပေမဲ့လို့ ပြင်ပ အလှူရှင်အထောက်အပံ့နဲ့ ရပ်တည်ကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အစိုးရ ရဲ့ ယန္တရား အားနည်းချက်တွေနဲ့ လိုအပ်ချက်တွေကို ဖော်ပြပြီး အပြောင်းအလဲဖြစ် အောင် လုပ်ပါမှ၊ ဖြည့်ဆည်းပါမှသာ အဲသည်အဖွဲ့တွေ ရပ်တည် ရှင်သန် အလုပ် လုပ် နိုင်ကြမှာ ဖြစ်ပေမဲ့လို့ အစိုးရဘက်က အဲသည် အချက်တွေကိုပဲ တစ်ဖန် ပြန်လို့ မကြိုက်ကြပြန်ပါဘူး။ ကိုယ့်အစိုးရရဲ့ အားနည်းချက်ကို ဖော်ထုတ်ပြလို့ အဖွဲ့ အစည်းအများစုက ငွေရှာကြရ  အလှူရှင် ရှာကြရတာကိုး။

လက်ရှိ ပစ္စက္ခ အနေအထားအရ ကိုယ့်မှာ လိုအပ်ချက်တွေ၊ အားနည်းချက် တွေ  ရှိနေရင်သာ ရှိနေမယ်။ အဲသည် အချက် တွေကို အခုတ်တရဖော်ပြီး ပြောကြပြန် ရင်လည်း မကြိုက်ကြတဲ့အတွက် ငါတို့က အစိုးရဖြစ်တယ်၊ ငါတို့ ခွင့်ပြုချင် ပြုမယ်၊ မပြုချင်မပြုဘူးရယ်လို့ အနိုင်နဲ့ ပိုင်းပြီး အဲသည် အရပ်ဘက် အဖွဲ့အစည်းတွေကို တရားဝင် အသိအမှတ် ပြုဖို့၊ အဲသည် အင်အားတွေကို အသိအမှတ်ပြု ရယူဖို့ အတွက် ကျပြန်တော့ သတ်္တိက ရဲရဲမရှိကြပြန် ပါဘူး။ သည့်အတွက်လည်း ဂျာနယ်က ဆောင်းပါးရှင်က “အရပ်ဘက် အဖွဲ့အစည်းတွေ လိုသုံးလား”လို့ မေးကြရသည်အထိ ပါပဲ။

ထားဝယ် မီးလင်းရေးကော်မတီမှာ အရပ်ဘက် ကိုယ်စားလှယ်တွေပါ ထည့်သွင်း ပါ့မယ်လို့ အစိုးရက ထုတ်ဖော်ပြောဆို လာတာသည် အရပ်ဘက်အဖွဲ့အစည်းတွေ လိုအပ်ပါတယ်လို့ ခံယူကြောင်း ဖွင့်ဟတာ လို့ပဲ နားလည်လိုက်ပါတယ်။ အမှန်ဆို ရရင်တော့ အရပ်ဘက်အဖွဲ့အစည်းလေး တွေသည် အသိအမှတ် ပြုသည် ဖြစ်စေ မပြုသည် ဖြစ်စေ သူ့နည်းသူ့ဟန်နဲ့ အရပ်ဘက် ပြည်သူတွေရဲ့ အကျိုးကို သယ်ပိုးနေကြတယ် ဆိုတာ ငြင်းမရတဲ့ အမှန်တရားတွေ ဖြစ်ပါတယ်။

အထင်ရှားဆုံး သာဓက ပြရရင် တိုင်းဒေသကြီးအတွင်း တပ်မတော် လေယာဉ့်  ၈ ပျက်ကျမှု၊ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှာ ဘင်္ဂလားဒေ့ရှ် လေယာဉ် မတော်တဆမှု စတဲ့ အရေးပေါ်အခြေအနေ တွေမှာ အရေးပေါ် အသက်ကယ်ဖို့ အပြေး အလွှား တာဝန်သိသိနဲ့ အပြေးလာကြ တာတွေဟာ အရပ်ဘက် အဖွဲ့အစည်းတွေ ဘက်က အရေးပေါ် အသက်ကယ်အသင်း အဖွဲ့တွေပဲဖြစ်ကြပြီး အစိုးရဘက်က အဲသည်လို အရေးပေါ် အခြေအနေတွေ အတွက် တုံ့ပြန်ဆောင်ရွက်မယ့် အစီအမံဟာ အပွင့်လင်းဆုံး ၀န်ခံရရင် သည်နေ့အထိ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ဖို့ မဆိုထားနှင့်၊ လက်ရှိ ရန်ကုန် နေပြည်တော် အမြန် လမ်းမကြီးကိုသော်မှ လူလူသူသူ လုံလောက် အောင် လွှမ်းခြုံမှု မပေးနိုင်သေးပါဘူး။

မတော်တဆနဲ့ သဘာဝဘေးတွေ ဆိုတာက မနေ့ကရော၊ သည်နေ့ပါမက မနက်ဖြန်တွေမှာလည်း ဖြစ်ခဲ့ ဖြစ်နေဖြစ်လတ္တံ့ ဖြစ်ပေမဲ့လို့ အစိုးရဘက်က အဲသည်အတွက် အရေးတယူ ဘာဆိုဘာမှ ပြင်ဆင်မထားနိုင်သေးပါဘူး။ အဲသည် ကွက်လပ်တွေကို အရပ်ဘက်က တာဝန်သိ ပရဟိတ အဖွဲ့အစည်းတွေက ဖြည့်ဆည်း ကူညီပေးနေကြပါတယ်။

သို့ပေမဲ့ အဲသည်အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ အင်အားကိုရော တက်ကြွမှု ကိုပါ အသိမှတ်ပြုဖို့ ဘယ်အစိုးရကမှ အသင့် မရှိနေခဲ့ပါဘူး။ လုပ်ထုံးလုပ်နည်း နဲ့ လိုအပ်ချက်တွေကို ညှိနှိုင်း ဖြည့်ဆည်း ပေးသင့်တာတွေ ရှိနေပေမဲ့လို့ သည် ကွက်လပ်ကို အရေးတယူ ဖြည့်ဆည်းပေးဖို့ ရာကတော့ အခက်အခဲတွေ များလှပါတယ်။

အသင်းအဖွဲ့မှတ်ပုံတင် ကိစ္စ၊ တရား မ၀င် ကားများ မှတ်ပုံတင်ခွင့်ရရေး ကိစ္စမှ သည် အရေးပေါ် အသက်ကယ် အဖွဲ့များ ကို စနစ်တကျ လေ့ကျင့်သင်ကြားမှုပေးဖို့ တင်မက ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး စည်းစနစ်တကျ အချိတ်အဆက် မိမိ အရေးပေါ်အခြေအနေတွေကို စီမံခန့်ခွဲ ဖို့ အမြင် သည်နေ့အထိ မရှိကြပါဘူး။ သို့သော် သည်အရေးပေါ် အသက်ကယ် အဖွဲ့တွေသည် တစ်နိုင်ငံလုံး တစ်တိုင်းလုံး ချိတ်ဆက်ပြီး အသက်ကယ်ရေး လုပ်ငန်း နဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ကူညီလျက်ရှိ နေကြပါတယ်။

ပြီးခဲ့တဲ့အပတ်က “ဦးဆောင်မှုပေး ကြပါ”လို့ ကျွန်တော့် ဆောင်းပါးမှာ ဆိုခဲ့ပါတယ်။ ဥပမာ အဖြစ် ဆင်တုပ်ကွေး နဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ရေး လုပ်ငန်းတွေကို ပြခဲ့ပါတယ်။ အဲသည် ပြည်သူ့ အတွက် ပြည်သူ့ကျန်းမာရေး ကဏ္ဍမှာ အန္တရာယ်ဖြစ်လာပြီ ဆိုတာနဲ့ မိမိရဲ့ ယန္တရားတွေဘက်က သတင်းဦးစွာ ရယူပြီး လက်ရှိအခြေအနေ၊ အရေးပေါ် အစီအမံတွေနဲ့ ဆက်လက်ဆောင်ရွက်မယ့် အခန်းကဏ္ဍတွေ၊ ပြည်သူတွေ ပါဝင်ကြ ရမယ့် အခန်းကဏ္ဍတွေကို အသေအချာ ပြည်သူတွေဘက်ကို အသိပေးပြီး ပြင်ပမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ မိမိဌာနဆိုင် ရာတွေရဲ့ အင်အားကို ပေါင်းစပ်လျက် တူညီသော ဦးတည်ချက်ကို အရယူနိုင် ဖို့ရာ ပြည်သူ့ အစိုးရမှာ တာဝန်ရှိပါတယ်။ လူအင်အားမရှိပါဘူး။ ငွေအင်အားမရှိပါ ဘူး ဆိုရုံဖြင့် မိမိတာဝန်မကျေပါဘူး။ ရှိသမျှ အင်အားနဲ့ အကောင်းဆုံး အခြေ အနေကို ရောက်ရှိအောင် ဦးဆောင်မှု ပေးဖို့ လိုအပ်ပါတယ်။

CSO လို့ လူသိများတဲ့ ပြည်သူ့အခြေပြု အဖွဲ့အစည်းငယ်တွေဟာ နိုင်ငံရဲ့ လိုအပ်နေတဲ့ အခန်း ကဏ္ဍတွေမှာ အစိုးရ လက် လှမ်းမမီနိုင်သေးတဲ့ပြည်သူ့အတွက် အမှန် လိုအပ်နေတဲ့ ကွက်လပ်တွေ လိုအပ် ချက်တွေကို ရယူ ဖြည့်ဆည်းကူညီနိုင် ဖို့ရာ ရည်မှန်းချက်တူ ပြည်သူ့ အင်အားစု ငယ်တွေ ပေါင်းစည်းထားကြတဲ့အဖွဲ့ အစည်းငယ်တွေပဲဖြစ်သလို သည်နေ့ သည်အချိန်အထိ ပြည်သူတွေ အတွက် အားကိုးအားထား ပြုနိုင်သည်အထိ ပြည် သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေ ကြတာပဲ ဖြစ်ပါတယ်။

အဲသည်အဖွဲ့အစည်းငယ်တွေရဲ့ အင်အားကို အချည်းနှီး မဖြစ်စေပါဘဲ ဦးဆောင်မှုနဲ့ အကာအကွယ် မှန်မှန် ကန်ကန်သာ ပေးနိုင်မယ်ဆိုလျှင်ဖြင့် နိုင်ငံ့အတွက် အင်အားဖြစ်လာမှာ မလွဲ ပါဘူး။ မှန်မှန်ကန်ကန် တရားဝင် အသင်းအဖွဲ့တွေအဖြစ် မှတ်ပုံတင်ပြီး တရားဝင်ရပ်တည်နိုင်ကြဖို့သာ ဦးဆောင်မှု ပေးနိုင်ကြရင် နိုင်ငံ့အတွက် အားကိုး ထိုက်တဲ့ အင်အားဖြစ်လာမှာ အမှန်ပါပဲ။

အဲသလို ဦးဆောင်မှုမပေးပါဘဲ  အရပ်ဘက်အဖွဲ့တွေ တရားဝင် ရပ်တည် ရေး အားမပေးပါဘဲ လိုသုံးသာ အသုံးပြု ကြရင်ဖြင့် အခြားတစ်ဘက်က အဲသလို အရပ်ဘက်အဖွဲ့အစည်း အမည်ခံပြီး ဘာသာရေး အရေခြုံ အဖျက်လုပ်ရပ်တွေ လုပ်ကြမယ် အရပ်ဘက်အမည်ခံ အရေခြုံ အဖွဲ့အစည်းတွေ အသီးသီးအသက ပေါ် ပေါက် အားကောင်းလာကြမယ် ဆိုရင်လည်း အကျပ်အတည်း ဖြစ်လာမှာ မလွဲပါဘူး။

အရပ်ဘက် အင်အားတွေ အချည်းနှီး မဖြစ်ဖို့ မှန်ကန်သော ဦးဆောင်မှုပေးနိုင် ကြပါစေ၊ အင်အားတွေ အသုံးချနိုင်ကြပါ စေလို့ပဲ ဆိုချင်ပါတော့တယ်။   ။

ကိုရိုးဆေး