မြိတ်တွင် သစ်ပင်လဲကျသဖြင့် အိမ်နှစ်လုံးပျက်စီး

0
573

မြိတ်တောင်ကျေးရွာအုပ်စုတွင် သစ်ပင် လဲကျပြီး နေအိမ်နှစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဇွန်လ ၁၈ ရက် နံနက် ၂ နာရီခန့် တွင် လေပြင်းကြောင့် ကုန်းဖောက် ရပ်ကွက်၊ ထူးထူးတိုးကြက်ခြံအနီး ရှိ သက်တမ်းရင့် သစ်ပင်ကြီးလဲပြိုခဲ့ခြင်းဖြစ်သည်။

“လူတွေတော့ ထိခိုက်တာတွေ   မရှိပါဘူး”ဟု မြိတ်တောင်ကျေးရွာအုပ် ချုပ်ရေးမှူး ဦးမောင်ရွှေက ပြောသည်။

ဓနိမိုးထရံကာ လူနေအိမ်နှစ်ဆောင် အနက် တစ်ဆောင်မှာလုံးဝပြိုကျပျက်စီးသွားခဲ့ပြီး နောက်တစ်ဆောင်မှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း မြိတ် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက ပြောသည်။

လူနေအိမ်နှစ်ဆောင်အတွက် ထောက်ပံ့ ငွေကျပ် တစ်သိန်းစီနှင့် ကယ်ဆယ်ရေး ပစ္စည်း ၁၅ မျိုးကို ဇွန်လ ၁၈ ရက် သွားရောက်ပေးအပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းမိသားစုနှစ်စုအား မြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် မြိတ်ခရိုင်ကြက်ခြေနီအသင်းတို့ကလည်း ထောက်ပံ့ပစ္စည်းများ လာရောက်ပေးအပ်ခဲ့ကြောင်း မြိတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လက်ရှိအချိန်တွင် ယင်းအိမ်နှစ်ဆောင် ရှိ လူဦးရေ ၁၄ ဦးသည် အနီးအနားဆွေမျိုးများအိမ်တွင် တက်ရောက်နေထိုင်နေ ကြကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ခရိုင်သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာန မှသိရသည်။

Dawei Watch