အလယ်မန် ကွန်ကရစ်လမ်း ကုမ္ပဏီ ပြန်မပြင်က တိုင်းအစိုးရသို့ တင်ပြမည်

0
877

ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျွန်းရှိ အလယ်မန် ရွာဟောင်းရွာသစ် ကျေးရွာ ချင်းဆက် ကွန်ကရစ်လမ်း ပျက်စီးနေမှုကို ကုမ္ပဏီမှ လာမပြင်ပေးပါက တိုင်းလွှတ်တော်မှတစ်ဆင့် တိုင်းအစိုးရအဖွဲ့သို့ တင်ပြ သွားမည်ဟု ဘုတ်ပြင်းမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဆွေမြင့်က ပြောသည်။

ယင်းအလယ်မန် ရွာဟောင်းနှင့် ရွာသစ်ကျေးရွာချင်းဆက်လမ်း ၁ မိုင် ၅ ဖာလုံမှာ နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(နတလ) ရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလခန့်မှစခင်းပြီး မိုးမကျမီ ပြီးစီးခဲ့သော်လည်း လမ်းပိုင်းတစ်ခုလုံးကျောက်စရစ်ခဲများပေါ်နေခြင်း၊ အချို့ နေရာများ ကျိုးကျပျက်စီးခြင်းဖြစ်နေပြီး လမ်း၏ ၄ ပုံ ၁ ပုံခန့်မှာ အတော်ပင် ပျက်စီးနေကြောင်း မန်းဆွေမြင့်နှင့် အလယ် မန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ပြောကြသည်။

တာဝန်ခံတည်ဆောက်ထားသည့် PTE ကုမ္ပဏီအား ပျက်စီးလမ်းပိုင်း ပြန်လည်ပြုပြင်ပေးရန် တောင်းဆိုရာ ကုမ္ပဏီဘက်မှ ပြန်လည်ပြုပြင်ပေးမည်ဟု ပြောဆိုထားသော်လည်း ယခုအချိန်ထိ လာမပြင်ပေးသေးဟု ၎င်းတို့က ဇွန်လ ၂၁ ရက်တွင် ပြောကြသည်။

အကယ်၍ တစ်ပတ်နှစ်ပတ်အတွင်း လာမပြင်ပေးပါက တိုင်းလွှတ်တော်သို့ တင်ပြသွားမည်ဟု မန်းဆွေမြင့်က ဆိုသည်။

“လာပြင်ပေးမှာကို အတတ်နိုင်ဆုံးသည်းခံ စောင့်ဆိုင်းနေတယ်ပေါ့။ လာမပြင် ပေးရင်တော့ ပြည်သူလူထုသဘောအတိုင်း လွှတ်တော်ကို ပြန်တင်ပြမယ်။ လွှတ်တော် ကလည်း အစိုးရကို ပြန်ပြောရမယ်ပေါ့”ဟု မန်းဆွေမြင့်က ပြောသည်။

ယင်းလမ်းကို ကတ္တရာဖြင့် ပြန်လည် ပြုပြင်ရန်အတွက် ကတ္တရာပုံးများ ဘုတ်ပြင်း မြို့သို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်းနှင့် မိုးလေ၀သကောင်းမွန်သည်နှင့် ဘုတ်ပြင်း မှ အလယ်မန်သို့ လှေဖြင့်သယ်ယူကာ လမ်းကို ကတ္တရာဖြင့် ပြန်လည်ပြုပြင် သွားမည်ဟု PTE ကုမ္ပဏီ၏ လုပ်ငန်း တာဝန်ခံတစ်ဦးဖြစ်သည့် ကိုယဉ်ထွေးက ဇွန်လ ၁၅ ရက်နေ့က ပြောဆိုသည်။

“နေပူပြီဆိုတာနဲ့ လူအင်အားနဲ့ ဆင်းပြီးတော့ လုပ်ပေးဖို့ ဆုံးဖြတ်ထား ပါတယ်”ဟု ကိုယဉ်ထွေးက ပြောသည်။

ကွန်ကရစ်ခင်းစဉ်က ရွာတာဝန်ရှိ သူများနှင့် တိုင်ပင်စောင့်ကြည့်မှုကို ခံယူခဲ့ ပြီး လမ်းလွှဲမရှိသဖြင့် ကွန်ကရစ်သားမမာမီ ရွာသားများ သုံးဘီး၊ ဆိုင်ကယ်တို့ဖြင့် သွားလာကြခြင်းကြောင့်လည်း လမ်းပိုပျက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော်လည်း အကောင်းဆုံးဖြစ်ရေး ပြန်လည်ပြုပြင်သွားမည်ဟု ကိုယဉ်ထွေး က ပြောသည်။

အလယ်မန်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်ဦးကမူ ဇွန်လ ၂၁ ရက်နေ့အထိ လမ်းပြုပြင်မည့်ပစ္စည်းများ နှင့် လုပ်သားများ ရွာထဲရောက်မလာသေးဟု ပြောသည်။

“ရွာသားတွေအနေနဲ့တော့ တစ်နှစ် တောင်မပြည့်သေးဘဲ အစိုးရက ချပေးတဲ့ လမ်းတစ်ခုလုံး ဒီလိုပျက်နေတော့ စိတ်မကောင်းကြဘူးပေါ့ခင်ဗျ”ဟု ဦးအောင်ကျော်ဦးက ပြောသည်။

Dawei Watch