မိဘမဲ့နှင့် ချို့တဲ့သူများ နေထိုင် ပညာသင်နိုင်မည့် လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း လာမည့်နှစ် ကျောင်းသား စလက်ခံမည်

0
489

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်တွင် ဆောက်လုပ်နေသည့် နယ်စပ်ဒေသတိုင်း ရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းတွင်  လာမည့်နှစ်တွင် ကျောင်းသားစတင်လက်ခံမည်ဖြစ်ကြောင်း  တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးထံမှ သိရသည်။

မြေဧရိယာ ၃ ဒသမ ၈၈၃ ဧကပေါ် တွင် နှစ်ထပ်ဆောင် ၄ ဆောင်၊ တစ်ထပ် ဆောင် ၃ ဆောင် ဆောက်လုပ်မှု ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး  နောက်လာမည့် ဘဏ္ဍာရေးနှစ်တွင် နှစ်ထပ်အိပ်ဆောင် တစ်ဆောင် ထပ်မံတည်ဆောက်မည်ဟု ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကြိုင်က ပြောသည်။

သင်တန်းကျောင်းတွင် မိဘမဲ့၊ အမိမဲ့၊ အဖမဲ့၊ မိဘနှစ်ပါးရှိသော်လည်း ပညာ ဆက်လက်သင်ကြားရန် အခက်အခဲရှိသူ တို့ကို စိစစ်လက်ခံသွားမည်ဖြစ်ပြီး ဥာဏ်ပညာ မြင့်မားသူ၊ ပညာအခြေခံကောင်းမွန်သူတို့ကိုဦးစားပေးရွေးချယ်သွားမည် ဟု ဦးအောင်ကြိုင်က ပြောသည်။

အလယ်တန်းနှင့် အထက်တန်းကျောင်း သူကျောင်းသားများအား အိပ်ယာ၊ အ၀တ် အစား၊ ကျောင်းသုံးပစ်္စည်း၊ မုန့်ဖိုးမှအစ စရိတ်ငြိမ်း ကျောင်းအိပ်ကျောင်းစား ပညာသင်ကြားပေးသွားမည်ဖြစ်ပြီး လာမည့်ပညာသင်နှစ်တွင် အလယ်တန်း ကျောင်းသူ၊ကျောင်းသား ၁၆၀ ဦးကို စတင်လက်ခံသွားမည်ဟု ဦးအောင်ကြိုင်က ဆိုသည်။

“ခြုံလိုက်ရင် သင်တန်းကျောင်းက ၉၅ ရာခိုင်နှုန်း ပြီးပြီ။ လာမယ့်နှစ်မှာ အလယ်တန်းကစလက်ခံမယ်” ဟု ဦးအောင်ကြိုင်က ပြောသည်။

အထက်ပါသင်တန်းကျောင်းတွင် နေထိုင်ကာ တက္ကသိုလ်ဝင်တန်း အောင်မြင် ပါက ရန်ကုန်နှင့် စစ်ကိုင်းတို့ရှိ ဖွံ့ဖြိုးရေး တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့တွင် ဆက်လက် ပညာသင်ယူကာ ဘွဲ့ရပြီးသည်နှင့် ၀န်ကြီး ဌာနများတွင် ၀န်ထမ်းအဖြစ် ခန့်အပ်တာဝန် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေသမှ ချို့တဲ့သည့် မိဘမဲ့၊ မိမဲ့၊ ဖမဲ့များ၊ နယ်စပ်ဒေသမှ ပညာဆက်မသင် နိုင်သည့်ကလေးကို အတန်းပညာ သင်ကြား ခွင့်ရမည်ဖြစ်ရာ ၎င်းလူငယ်တို့၏ဘ၀များ တိုးတက်မြင့်မားလာပြီး ဒေသဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုမည်ဟု ယုံကြည်ကြောင်း တနင်္သာရီတိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ဒေသ တိုင်း ရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း စုစုပေါင်း ၄၅ ကျောင်း ဖွင့်လှစ် ထားပြီးဖြစ်ကာ ယခုကျောင်းမှာ တနင်္သာရီ တိုင်းဒေသကြီးတွင် ပထမဆုံးဖွင့်လှစ်မည့် သင်တန်းကျောင်းဖြစ်သည်။

အဆိုပါကျာင်းကို တိုင်းအတွင်း ဒေသအသီးသီးမှ တိုင်းရင်းသားလူငယ် အားလုံး တက်ရောက်နိုင်ရန်ရည်ရွယ် ကြောင်း တနင်္သာရီတိုင်ဒေသကြီး နယ်စပ် ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာနထံမှ သိရသည်။

Dawei Watch