ကွန်ပျူတာတက္ကသိုလ် ထုတ်ကုန်ပြပွဲအတွက် ကုန်ကျစရိတ် ပိုသုံးခွင့်ပြု

0
496

ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ထုတ်ကုန်ပြပွဲတွင် ပါဝင်ပြသမည့် ထုတ်ကုန်များ တီထွင်ရာတွင်  ကုန်ကျမည့် စရိတ်ကို ယခင်နှစ်ကထက် ပိုမိုသုံးစွဲခွင့် ပြုထားကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူ တစ်ဖွဲ့ချင်း အလိုက် ကုန်ကျမည့် ကုန်ကျစရိတ်ကို ယမန်နှစ်က ကျပ်သောင်းဂဏန်းဝန်းကျင် သာ ရှိသော်လည်း ယခုနှစ်တွင် သိန်း ဂဏန်းအထိ ခွင့်ပြုပေးမည်ဖြစ်ကြောင်း အထက်ပါတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာခင်အေးသန်းက ပြောသည်။

ဒေသအတွင်း အသုံးဝင်မည့် ထုတ် ကုန်များကို တီထွင်ရာတွင် ပိုမိုထိရောက်မှု ရှိစေရန်အတွက် ယင်းကဲ့သို့ရန်ပုံငွေ ပိုမို သုံးစွဲခွင့်ပြုထားခြင်းဖြစ်ကြောင်း ဒေါက်တာ ခင်အေးသန်းက ပြောသည်။

ပြပွဲတွင်ပြသမည့် ထုတ်ကုန်များကို လည်း ယခင်ကထက် ပိုမိုကြီးမားပြီး ဒေသအတွက် ပိုအကျိုးရှိစေမည့် ထုတ်ကုန်များ ကိုသာ တီထွင်ထုတ်လုပ်ကြရန် ကျောင်းသား၊ ကျောင်းသူများကိုမှာကြားထား ကြောင်း ၎င်းက ပြောသည်။

“ပိုက်ဆံမတတ်နိုင်လို့ ထုတ်ကုန်အကြီး တွေ မလုပ်ရဘူးဆိုတဲ့ ပုံစံမျိုး မဖြစ်ရ အောင်ပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းပြပွဲအတွက် ရန်ပုံငွေမလုံ လောက်ပါက ကုမ္ပဏီများထံတွင် အလှူခံ ပေးရန် စီစဉ်ထားပြီး ယခုနှစ် ထုတ်ကုန် ပြပွဲတွင် အလုပ်ကိုင်ပြပွဲကိုပါ ပြသနိုင်ရန် စီစဉ်နေကြောင်း ဒေါက်တာ ခင်အေးသန်း က ပြောသည်။

ထုတ်ကုန်ပြပွဲအတွက် ရန်ပုံငွေကို ယခင်ထက်ပိုသုံးစွဲခွင့်ရရှိသဖြင့် Hardware ဆိုင်ရာ ထုတ်ကုန် ပြသမည့် ကျောင်းသား များအတွက် ပိုအဆင်ပြေစေကြောင်း ယင်း ပြပွဲအတွက်ပြင်ဆင်နေသည့် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အချို့က ပြောသည်။

“Sofrtware ပိုင်းလုပ်တဲ့သူတွေ အတွက်တော့ ကုန်ကျစရိတ်က သိပ်မရှိ ဘူး။ Hardware ပိုင်းလုပ်တဲ့သူတွေက ကုန်ကျစရိတ်ပိုများတာဆိုတော့ သူတို့ အတွက်တော့ အရင်ကထက်ပိုအဆင်ပြေ လာစေတယ်” ဟု ယင်းထုတ်ကုန်ပြပွဲတွင် ပါဝင်ပြသရန် ပြင်ဆင်နေသည့် မဇူးစန်္ဒီ ကျော်က ဆိုသည်။

ယင်းပြပွဲတွင်ပြသရန်အတွက် ကျောင်းသူ၊ ကျောင်းသားများ အဆိုပြု ထားသည့် Software ၁၁ ခုနှင့် Hardware ၈ ခုရှိနေပြီဖြစ်ပြီး ဇူလိုင်လ ဒုတိယအပတ်အတွင် ယင်းပြပွဲကို ပြသမည်ဖြစ်ကြောင်း ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ထံမှ သိရသည်။

Dawei Watch